အားကစားနယ်ပယ်မှာ ပြိုင်ဘက်အသင်းတစ်သင်းနဲ့တစ်သင်းက မကြာခဏဆိုသလို တွေ့ဆုံယှဉ်ပြိုင်ကြလေ့ရှိပါတယ်။ အဆန်းတော့ မဟုတ်ပါဘူး။ ဘောလုံးလို၊ ဘတ်စကက်ဘောလို၊ ရက်ဘီလို အသင်းအဖွဲ့နဲ့ကစားရတဲ့ပြိုင်ပွဲတွေမှာ အတွင်းသိအစင်းသိအသင်းတွေ ခ ဏခဏ ထိပ်တိုက်ယှဉ်ပြိုင်လေ့ရှိပါတယ်။ လက်ဝှေ့လို၊ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားလို တစ်ယောက်ချင်းယှဉ်ပြိုင်ရတဲ့ အားက စားတွေမှာဆိုရင်လည်း ပြိုင်ဘက်အချင်းချင်း ကြိမ်ဖန်များစွာ ယှဉ်ပြိုင်ထိုးသတ်ကြတာရှိပါတယ်။ တစ်ယောက်ရဲ့ချန်ပီယံခါးပတ်ကို အ ခြားတစ်ယောက်က ရယူခဲ့လို့ ချန်ပီယံဟောင်းက ပြန်လည်စိန်ခေါ်တာမျိုး၊ စွမ်းဆောင်ရည်ကောင်းတွေ ထုတ်ပြနိုင်လို့ ပရိသတ်က ၎င်း တို့နှစ်ယောက်ရဲ့တွဲဆိုင်းကို ကြည့်ရှုချင်တာမျိုးတွေကြောင့် အားကစားသမားနှစ်ယောက် ထိုးသတ်ကြတဲ့တွဲဆိုင်းတွေကို မကြာခဏရှု စားရလေ့ရှိပါတယ်။

သေချာတာတစ်ခုကတော့ ကြိုးဝိုင်းထက် မကြာခဏတွေ့ဆုံလေ့ရှိတဲ့ အားကစားသမားနှစ်ယောက်ဟာ သမိုင်းကြွေးရှိခဲ့ဖူးသူတွေ၊ အ သက်ပင်သေပါစေ ပရိသတ်အကြိုက် ပွဲကြီးပွဲကောင်းဖြစ်စေရမယ်ဆိုတဲ့ထုံးကို နှလုံးမူကာ မိမိရဲ့စွမ်းဆောင်ရည်အားလုံး ပုံအောအသုံးပြု တဲ့ အားကစားသမားတွေ ဖြစ်နေတာပါပဲ။ ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship မှာ ဆိုရင်လည်း မကြာခဏဆုံလေ့ရှိတဲ့ အားကစားသမားတွေ အများကြီးရှိပါတယ်။ အကြိမ်ရေအများဆုံးကတော့ ဘန်တန်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံ ဘရာဇီးလ်အားကစားသမား Bibiano “The Flash” Fernandes နဲ့ ဖိလစ်ပိုင်အားကစားသမား Kevin “Silencer” Belingon တို့ဖြစ်ကာ ၄ ကြိမ်တိတိ ယှဉ်ပြိုင်ဖူးပါတယ်။ ၂ ကြိမ်စီဆုံဖူးသူတွေကတော့ လိုက်ဟဲဗီးဝိတ်တန်းနဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ “မြန် မာ့စပါးအုံး” အောင်လအန်ဆန်နဲ့ ဂျပန်အားကစားသမား Ken Hasegawa၊ ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံ သြစတြေးလျအားကစား သမား Martin “The Situ-Asian” Nguyen နဲ့ လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ စင်ကာပူအားကစားသမား Christian “The Warrior” Lee၊ အမျိုးသမီး အက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ စင်ကာပူအားကစားသမား “Unstoppable” Angela Lee နဲ့ စတောဝိတ်တန်း ကမ္ဘာ့ ချန်ပီယံ တရုတ်အားကစားသမား “The Panda” Xiong Jing Nan တို့ပါပဲ။

ဒါ့အပြင် စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဖိလစ်ပိုင်အားကစားသမား Joshua “The Passion” Pacio နဲ့ ဂျပန်အားကစားသမား Yosuke “The Ninja” Saruta တို့ကလည်း ၂ ကြိမ်တိုင် ရင်ဆိုင်ဖူးပါတယ်။ ဒါက တစ်ကြိမ်ထက်မက ရင်ဆိုင်ထိုးသတ်ခဲ့ဖူးတဲ့ ကမ္ဘာ့ချန်ပီယံခါး ပတ်ပိုင်ရှင်တွေရဲ့တွဲဆိုင်းတွေကိုသာ ဖော်ပြထားတာဖြစ်ပြီး ၎င်းတို့လိုပဲ ကြိုးဝိုင်းအလယ် မကြာခဏယှဉ်ပြိုင်ခဲ့ဖူးတဲ့ အခြားအားကစား သမားတွေလည်း ရှိပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့နာမည်ကျော် Team Lakay အသင်းသား Pacio ကလည်း ပြိုင်ဘက်ဟောင်းဖြစ်သူ Saruta နဲ့ တတိယအကြိမ် ထိုးသတ်ချင်တယ်လို့ ဖွင့်ဟထားပါတယ်။ အသက် ၂၄ နှစ်အရွယ် ၎င်းဟာ ၁၂ နှစ်အရွယ်ကတည်းက အား ကစားကို စိတ်ဝင်စားကာ ဖိလစ်ပိုင်နိုင်ငံရဲ့ဝူရှူးချန်ပီယံတစ်ယောက်ပါ။ ၂၀၁၃ ခုနှစ်မှာ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားကို ပရော် ဖက်ရှင်နယ်အဆင့် ယှဉ်ပြိုင်နေပြီဖြစ်တဲ့ ၎င်းဟာ ၂၀၁၆ ခုနှစ်မှာတော့ စင်ကာပူအခြေစိုက် ONE Championship နဲ့ လက်တွဲခဲ့တာပါ။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအတွင်း ဂျပန်အားကစားသမား Yoshitaka Naito ကို အမှတ်နဲ့အနိုင်ယူကာ စတောဝိတ်တန်း ကမ္ဘာ့ချန်ပီ ယံခါးပတ်ကို လွှဲပြောင်းယူနိုင်ခဲ့တဲ့ Pacio ဟာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်းထိုးသတ်တဲ့ ပထမဆုံး သရဖူကာကွယ်ပွဲမှာတော့ Saruta ကို အမှတ်နဲ့ရှုံးကာ ချန်ပီယံခါးပတ်ကို လွှဲပေးခဲ့ရပါတယ်။ ဒါပေမဲ့လည်း နောက် ၃ လခန့်အကြာ ဧပြီ ၁၉ ရက်က ဖိလစ်ပိုင်မှာပြု လုပ်တဲ့ ONE: ROOTS OF HONOR ပြိုင်ပွဲမှာတော့ Saruta နဲ့ ဒုတိယအကြိမ်ပြန်ဆုံရာမှာတော့ အမြင့်ပျံဒူးတိုက်ချက်နဲ့ စတုတ္ထအချီအ တွင်း အလဲထိုးအနိုင်ယူကာ ချန်ပီယံခါးပတ်ကို ပြန်လည်လက်လွှဲယူခဲ့တာ လက်ရှိအချိန်အထိပါပဲ။ Pacio ဟာ ကမ္ဘာ့ချန်ပီယံခါးပတ်ကို ပြန်လည်ရယူအပြီး ထိုးသတ်ထားတဲ့ သရဖူကာကွယ်ပွဲ ၂ ပွဲစလုံးအနိုင်ယူကာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ၁၇ ပွဲနိုင်၊ ၃ ပွဲရှုံးမှတ် တမ်း ပိုင်ဆိုင်ထားပါတယ်။

၂၀ ပွဲနိုင်၊ ၉ ပွဲရှုံးထားတဲ့ Saruta ကလည်း ကမ္ဘာ့ချန်ပီယံခါးပတ်ဆုံးရှုံးပြီးနောက်ပိုင်း တစ်နိုင်ငံတည်းသား Daichi Kitakata ကို အလဲ ထိုးအနိုင်ယူကာ Pacio ကို ထပ်မံစိန်ခေါ်ခွင့်ရဖို့ စောင့်ဆိုင်းနေပါတယ်။ ၎င်းဟာ လက်ရှိကမ္ဘာ့ချန်ပီယံကို စိန်ခေါ်ခွင့်ရသူစာရင်းထဲ ထိပ် ဆုံးနံပါတ် ၁ နေရာမှာ ရပ်တည်နေတာကြောင့် Pacio နဲ့ တတိယအကြိမ် မကြေပွဲဖြစ်မြောက်လာဖို့က သေချာသလောက်ရှိနေပါတယ်။ Pacio က ကိုရိုနာဗိုင်းရပ်စ်ကြောင့် လေ့ကျင့်မှုတွေကို ယခင်လို မလုပ်ဆောင်နိုင်သေးပေမဲ့လည်း ဘယ်အချိန်မှာပဲ ပြိုင်ပွဲတွေစတင်သည် ဖြစ်စေ ယှဉ်ပြိုင်ဖို့ အဆင်သင့်ပဲလို့ ဆိုပါတယ်။ Saruta နဲ့ယှဉ်ပြိုင်ရမယ်ဆိုရင်လည်း မထိုးရဲစရာအကြောင်းမရှိဘူးလို့ ကြုံးဝါးပါတယ်။

“စိန်ခေါ်နိုင်သူအဆင့်ကိုကြည့်ပြီး ကျွန်တော့်ရဲ့နောက်ထပ်ပြိုင်ဘက်က ဘယ်သူလဲဆိုတာ တကယ်ကိုမသိသေးပါဘူး။ စိန်ခေါ်သူ နံ ပါတ် ၁ ကတော့ Saruta ပါပဲ။ တကယ်လို့ သူနဲ့သာ နောက်တစ်ကြိမ်ထိုးသတ်ရမယ်ဆိုရင် ဘာကြောင့် မဖြစ်နိုင်ရမှာလဲ။ ဘယ်အချိန်ပဲ ဖြစ်ဖြစ် ပြန်လည်ယှဉ်ပြိုင်ဖို့က အဆင်သင့်ပါပဲ။ ကိုရိုနာဗိုင်းရပ်စ်ကပ်ဆိုးရဲ့အခြေအနေကိုတော့ စောင့်ကြည့်ရဦးမှာပေါ့။ ဒါပေမဲ့လည်း ဒီ နှစ်ကုန်ပိုင်းလောက်အတွင်း ပြိုင်ပွဲတွေပြန်လည်ကျင်းပနိုင်မယ်လို့တော့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” လို့ ၎င်းက ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *