စင်ကာပူအခြေစိုက် ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship မှာ မြန်မာနိုင်ငံကိုယ်စား ပြု ယှဉ်ပြိုင်လျက်ရှိတဲ့ အားကစားသမားတွေအနက် တစ်ဦးတည်းသော အမျိုးသမီးအားကစားသမားကတော့ “တိုတို” ဘိုဇီနာအန်တိုနီယာပဲ ဖြစ်ပါတယ်။ ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာမွေးဖွားခဲ့တဲ့ ကယန်းတိုင်းရင်းသူ အန်တိုနီယာဟာ မြန်မာ့လက်ရွေးစင် လက်ဝှေ့ သမားဟောင်းတစ်ယောက်ဖြစ်ပြီး မြန်မာပြည်ချန်ပီယံဆုကို နှစ်ကြိမ်ရရှိဖူးပါတယ်။ ကလေးဆန်တဲ့မျက်နှာပိုင်ရှင် ၎င်းကို မိဘတွေက လက်ဝှေ့မထိုးဖို့ တားမြစ်ခဲ့ပေမယ့်လည်း ဝါသနာကိုမစွန့်လွှတ်နိုင်တာကြောင့် ရန်ကုန်ကိုထွက်ခွာပြီး အားကစားသမားဘဝကို ရွေးချယ် ခဲ့တာပါ။ အန်တိုနီယာဟာ ၂၀၁၈ ခုနှစ်မှာ အာရှအကြီးဆုံး အားကစားမီဒီယာအဖွဲ့အစည်းလည်းဖြစ်တဲ့ ONE Championship နဲ့ စတင် လက်တွဲခဲ့ပြီး ကမ္ဘာ့စင်မြင့်ထက် အစွမ်းပြခွင့်ရခဲ့ပါတယ်။

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း တစ်နိုင်ငံတည်းသား ရွှေစင်နဲ့ထိုးသတ်ခဲ့တဲ့ အဖွင့်ပွဲစဉ်မှာ ပွဲအစ ၂၄ စက္ကန့်မှာတင် လက်သီးတွဲလုံး တွေနဲ့အနိုင်ယူကာ အဖွင့်မျက်နှာပန်းလှခဲ့ပြီး အဆိုပါပွဲစဉ်ဟာ ONE Championship အမျိုးသမီးပွဲစဉ်တွေအနက် ပွဲသိမ်းအမြန်ဆုံးတွဲ ဆိုင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ၃ ပွဲနိုင်၊ ၂ ပွဲရှုံးမှတ်တမ်း ပိုင်ဆိုင်ထားတဲ့ အန်တိုနီယာဟာ လက်ရှိအချိန်မှာတော့ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာရှိတဲ့ ၎င်းရဲ့ကလပ်အသင်း Bali MMA မှာ လေ့ကျင့်လျက်ရှိပါတယ်။ မူလက ဧပြီလ ၁၇ ရက်မှာကျင်းပဖို့စီစဉ်ထားတဲ့ ပြိုင်ပွဲမှာ ယှဉ်ပြိုင်ထိုးသတ်ဖို့ရှိပေမယ့်လည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ကြောင့် ပြိုင်ပွဲကို ရွှေ့ဆိုင်း လိုက်တာကြောင့် အန်တိုနီယာအတွက် စိတ်ပျက်စရာဖြစ်ခဲ့တာ အမှန်ပါပဲ။

ပြိုင်ဘက်က ဘယ်သူလဲဆိုတာ မသိရသေးခင်မှာ ပြိုင်ပွဲကိုရွှေ့ဆိုင်းလိုက်ရပေမယ့်လည်း ၎င်းကတော့ Bali MMA က ဆရာတွေရဲ့သင် ကြားပြသပေးမှုကိုခံယူကာ အကောင်းဆုံးလေ့ကျင့်ပြင်ဆင်နေပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ အရှေ့တောင်အာရှဒေသမှာ COVID-19 ကြောင့် လူသေဆုံးမှုအများဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိပြီး မေလ ၂၉ ရက်အထိ ၁၅၂၀ ဦး သေဆုံးခဲ့ပါတယ်။ ဒါကြောင့် လေ့ကျင့်ဖို့ အပြင်ထွက်တဲ့အခါ အင်ဒိုနီးရှားအစိုးရကချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာဆောင်ရွက်တယ်လို့ ၎င်းက ဆိုပါ တယ်။

“အင်ဒိုနီးရှားမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါဆိုးကြီးက အရမ်းဆိုးတဲ့အခြေအနေဖြစ်နေတယ်။ မြန်မာနိုင်ငံထက် အများကြီးဆိုးတဲ့ အခြေအ နေလို့ ဆိုနိုင်ပါတယ်။ အပြင်လည်း မထွက်ဖြစ်ဘူး။ လေ့ကျင့်ရေးလုပ်တဲ့အချိန်တွေလောက်ပဲ အပြင်ထွက်ဖြစ်တယ်။ အပြင်ထွက်ရင် လည်း အမြဲတမ်း Mask တပ်သွားတယ်။ အင်ဒိုနီးရှားအစိုးရက ချမှတ်ထားတဲ့စည်းကမ်းအတိုင်း တတ်နိုင်သလောက် လိုက်နာဆောင် ရွက်ပြီး နေထိုင်ပါတယ်။ တိုတိုက ဧပြီ ၁၇ ရက်ပွဲကို အရမ်းမျှော်လင့်ထားတာ။ ဒီကပ်ဆိုးကြီးကလည်း တော်တော်ဆိုးနေတော့ မိသားစု နဲ့ တူတူပြန်နေချင်တယ်။ တိုတိုရဲ့မိဘတွေကိုလည်း အရမ်းစိတ်ပူနေမိတယ်။ အခု မြန်မာနိုင်ငံကို ပြန်သွားလို့မရတဲ့ အခြေအနေဖြစ်နေ တယ်။ နောက်ပြိုင်ပွဲအတွက် အရမ်းကြီးမျှော်လင့်မထားပေမယ့်လည်း လေ့ကျင့်မှုကိုတော့ အကောင်းဆုံးလုပ်နေပါတယ်။ ပြိုင်ပွဲပြန် လည်ယှဉ်ပြိုင်ခွင့်ရတဲ့အချိန်ရောက်ရင် အဆင်သင့်ဖြစ်အောင် အကောင်းဆုံးလေ့ကျင့်ပြင်ဆင်ထားပါတယ်” လို့ အန်တိုနီယာက ဆိုပါ တယ်။

ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ချိန်ရောက်ရင် ONE Championship ရဲ့အကောင်းဆုံးပြိုင်ပွဲတွေကို ပရိသတ်တွေအနေနဲ့ ပြန်လည်ရှုစား ရဖို့ရှိနေပြီး အန်တိုနီယာနဲ့ ယှဉ်ပြိုင်ထိုးသတ်ရမယ့်သူက မလေးရှားအားကစားသမား Jihin “Shadow Cat” Radzuan ဖြစ်နိုင်တယ်ဆို တဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ အန်တိုနီယာထက် ပြိုင်ပွဲအတွေ့အကြုံပိုမိုရင့်ကျက်တဲ့ Jihin ဟာ ၅ ပွဲနိုင်၊ ၂ ပွဲရှုံးမှတ်တမ်း ပိုင်ဆိုင်ထားပြီး တကယ်တမ်း မလေးရှားအားကစားသမားနဲ့ ယှဉ်ပြိုင်ရမယ်ဆိုရင် ပွဲကောင်းတစ်ပွဲဖြစ်လာမယ်လို့ ၎င်းက သုံးသပ်ပါ တယ်။ အားနည်းချက်တစ်ခုလိုဖြစ်နေတဲ့ မြေပြင်ချုပ်ကွက်(Ground Fight)နဲ့ပတ်သက်လို့ အကောင်းဆုံးလေ့ကျင့်ပြင်ဆင်လျက်ရှိပြီး ဆ ရာတွေကလည်း မြေပြင်ချုပ်ကွက်နဲ့ပတ်သက်တဲ့ နပမ်းဗျူဟာတွေကို ပိုမိုဖိအားပေး သင်ကြားပြသပေးနေတယ်လို့ အန်တိုနီယာက ပြော ပါတယ်။

“Jihin နဲ့ထိုးရမယ်ဆိုရင် ပွဲကောင်းတစ်ပွဲဖြစ်လာမယ်လို့ ယုံကြည်တယ်။ ဒါပေမဲ့ သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ယှဉ်ပြိုင်ဖူး တဲ့ပြိုင်ဘက်တွေရော၊ နောက်ထပ်ရင်ဆိုင်ရမယ့် ပြိုင်ဘက်တွေကလည်း ပြိုင်ဘက်ကောင်းတွေပါပဲ။ Jihin နဲ့ ယှဉ်ပြိုင်ရမယ်ဆိုရင် တော် တော်လေး ခက်ခက်ခဲခဲယှဉ်ပြိုင်ရမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက အရမ်းကောင်းတဲ့ပြိုင်ဘက်ဖြစ်လို့ အရင်ပွဲတွေထက်စာ ရင် ပရိသတ်တွေက ပိုပြီးစိတ်လှုပ်ရှားကြမယ်လို့ တိုတိုထင်တယ်။ တိုတိုရဲ့အဓိကအားနည်းချက်က Ground ပိုင်းလို့ ထင်တယ်။ ဒါ ကြောင့် Stand Fight ထက်စာရင် Ground ပိုင်းကို ပိုပြီးသင်ယူဖြစ်တယ်။ Training တွေမှာဆိုရင် Ground ကစားနိုင်တယ်ဆိုပေမယ့် တကယ့်ပြိုင်ပွဲနဲ့ Training က မတူဘူးလေ။ ဒါကြောင့် ပြိုင်ပွဲကစားတဲ့အချိန်မှာ Ground ပိုင်းကို အသုံးချနိုင်အောင်၊ ခံစစ်ကစားရပြီဆို ရင်လည်း အကောင်းဆုံးဖြစ်နေအောင် ကြိုးစားလေ့ကျင့်နေပါတယ်” လို့ အနာဂတ်ပြိုင်ပွဲနဲ့ပတ်သက်ပြီး လေ့ကျင့်ပြင်ဆင်ထားပုံကို အန် တိုနီယာက ဖွင့်ဟပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *