ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားနယ်ပယ်မှာ အောင်လအန်ဆန်ဆိုတဲ့ နာမည်တစ်လုံးဟာ ထင်ရှားကျော်ကြားတဲ့ အမှတ်လက္ခဏာ တစ်ခုလို့ ဆိုနိုင်ပါတယ်။ “မြန်မာ့စပါးအုံး” ဆိုတဲ့ ကြိုးဝိုင်းနာမည်ကို ပိုင်ဆိုင်ထားတဲ့ အသက် ၃၄ နှစ်အရွယ် ကချင်တိုင်းရင်းသားဟာ အ မေရိကန်ပြည်ထောင်စုမှာ ပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာတော့ ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားက စားအဖွဲ့အစည်း ONE Championship နဲ့ လက်တွဲခဲ့ပါတယ်။ အာရှမြေကို ပြန်လည်ခြေချပြီးတဲ့နောက် ၎င်းဟာ ၁၁ ပွဲနိုင်၊ ၁ ပွဲရှုံးမှတ် တမ်းကို ပိုင်ဆိုင်ကာ ONE Championship မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခုကို ရယူထားပါတယ်။ နာမည်ကျော်အားကစားသမားတွေကို ကျော်ဖြတ်ပြီး 2018 International Fighter of the Year ဆုကိုရရှိခဲ့တဲ့ အောင်လအန်ဆန်ရဲ့ အာရှမြေက ပွဲသိမ်းအမြန်ဆုံး ၅ ပွဲကို ဖော်ပြလိုက်ပါတယ်။

၁။ Alexandre Machado

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်က ရန်ကုန်မှာပြုလုပ်တဲ့ ONE: QUEST FOR GOLD ပြိုင်ပွဲမှာ အောင်လအန်ဆန်ဟာ ဘရာဇီးလ်အား ကစားသမား Alexandre Machado ကို ပထမအချီအစ ၁ မိနစ်မပြည့်ခင်မှာပဲ ဒိုင်ပွဲရပ်အနိုင်ရခဲ့ပါတယ်။ ၎င်းတို့နှစ်ဦးရဲ့တွဲဆိုင်းက လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံတွဲဆိုင်းဖြစ်ပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လဟာ ဝိတ်တန်းနှစ်ခုချန်ပီယံအဖြစ် ခန့်ညား ထည်ဝါစွာ ရပ်တည်နိုင်ခဲ့တဲ့ တွဲဆိုင်းဆိုရင်လည်း မမှားပါဘူး။ ပွဲစတာနဲ့ အောင်လက ညာခြေအနိမ့်ကန်ချက်နဲ့ တိုက်ခိုက်ခဲ့ပြီး Machado ကတော့ မရှုံးခင်အထိ ခြေကန်ချက်တစ်ကြိမ်သာ အသုံးချနိုင်ခဲ့ပါတယ်။

ပထမအချီ ၅၆ စက္ကန့်မှာ အောင်လရဲ့ညာခြေအမြင့်ကန်ချက်ကို Machado က ခေါင်းမထိအောင် လက်တစ်ဖက်နဲ့ကာကွယ်ပေမယ့် လည်း ပြင်းလွန်တာကြောင့် ကြမ်းပြင်ပေါ် လဲကျသွားခဲ့ပါတယ်။ ဒီနောက် အိမ်ရှင် မြန်မာအားကစားသမားက ဘယ်ညာ လက်သီးတွဲလုံး တစ်ကြိမ်အသုံးချပြီးချိန်မှာတော့ ကြိုးဝိုင်းဒိုင်လူကြီးက ပွဲရပ်ကာ အောင်လကို အနိုင်ပေးခဲ့ပါတယ်။

၂။ Mahmoud Salama

ONE Championship နဲ့ လက်တွဲပြီးနောက် အာရှမြေမှာ ပထမဆုံးယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၄ ရက်ကပြုလုပ်တဲ့ ONE: ERA OF CHAMPIONS ပြိုင်ပွဲမှာ အောင်လဟာ အီဂျစ်အားကစားသမား Mahmoud Salama နဲ့ ယှဉ်ပြိုင်ခဲ့ပြီး ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ ပွဲစတာနဲ့ နှစ်ယောက်စလုံး လက်သီးချက်တွေ အသုံးပြုခဲ့သလို ၃၅ စက္ကန့်မှာ Salama က မြေပြင်ချုပ်ကွက် စတင်ရရှိခဲ့ပါတယ်။ အောက်မှာရောက်နေတဲ့ အောင်လက ပြိုင်ဘက်ရဲ့လက်သီးထိုးချက်တွေကို ကာ ကွယ်ရင်း ၅၇ စက္ကန့်မှာ အပေါ်ကနေ ပြန်လည်ထိုးသတ်ခွင့်ရခဲ့ပါတယ်။ ဒီနောက် ဘယ်ညာလက်သီးတွဲလုံးတွေ ဆက်တိုက်ပစ်သွင်းချိန် မှာ Salama မကာကွယ်နိုင်တော့တာကြောင့် ပွဲအစ ၁ မိနစ်၊ ၇ စက္ကန့်မှာပဲ ဒိုင်ပွဲရပ်အနိုင်ရခဲ့ပါတယ်။

၃။ Mohammad Karaki

၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်က ရန်ကုန်မှာပြုလုပ်တဲ့ ONE: PURSUIT OF GREATNESS ပြိုင်ပွဲရဲ့အဓိကခေါင်တွဲဆိုင်းမှာ အောင်လဟာ ၉ ပွဲဆက်အနိုင်ရထားတဲ့ လက်ဘနွန်အားကစားသမား Mohammad Karaki နဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီပွဲဟာ အောင်လရဲ့ ဒုတိယမြောက် မစ်ဒယ်ဝိတ်တန်း သရဖူကာကွယ်ပွဲဖြစ်ပြီး Karaki က မြေပြင်ချုပ်ကွက်နဲ့ အနိုင်ယူဖို့ ကြိုးစားပေမယ့်လည်း အောင်လက အချုပ်မခံဘဲ လက်သီးထိုးချက်တွေနဲ့ မျက်နှာကို သွေးစီးကျစေခဲ့ပါတယ်။ ပထမအချီ ၂ မိနစ်၊ ၂၁ စက္ကန့်မှာ အောင်လရဲ့ညာလက်သီး ချက်ကြောင့် Karaki လဲကျသွားပြီး ဘယ်လက်သီး ၄ လုံး ဆက်တိုက်ထိုးနှက်ပြီးချိန်မှာတော့ ဒိုင်လူကြီးက ပွဲရပ်နားခဲ့ပါတယ်။

၄။ Mohamed Ali

၂၀၁၆ ခုနှစ်၊ မတ်လ ၁၈ ရက်က ရန်ကုန်မှာပြုလုပ်တဲ့ ONE: UNION OF WARRIORS ပြိုင်ပွဲမှာ အောင်လဟာ အီဂျစ်အားကစားသမား Mohamed Ali နဲ့ရင်ဆိုင်ခဲ့ပြီး ပြိုင်ဘက်ရဲ့တရစပ်တိုက်စစ်ဆင်မှုကြောင့် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရပါတယ်။ ခန္ဓာကိုယ် တုတ်ခိုင်ကြီးမား တဲ့ Ali ရဲ့လက်သီးထိုးချက်တွေက အောင်လကို ထိရှခဲ့ပေမယ့်လည်း တစ်ခဲနက်အော်ဟစ်အားပေးနေတဲ့ အိမ်ရှင်ပရိသတ်တွေရဲ့အား ပေးမှုက မြန်မာ့စပါးအုံးအတွက် အားဖြစ်စေခဲ့ပါတယ်။ ပထမအချီ ၂ မိနစ်၊ ၃၈ စက္ကန့်မှာ အောင်လက သူ့ကိုချုပ်ကွက်ရဖို့ကြိုးစားတဲ့ ပြိုင်ဘက်ရဲ့လည်ပင်းကို ညာလက်နဲ့ မလှုပ်ရှားနိုင်အောင် ချုပ်ကိုင်လိုက်ချိန်မှာတော့ Ali ရုန်းမထွက်နိုင်တော့ဘဲ အရှုံးပေးခဲ့ရပါတယ်။

၅။ Alain Ngalani

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်က ရန်ကုန်မှာပြုလုပ်တဲ့ ONE: HERO’S DREAM ပြိုင်ပွဲရဲ့အလွတ်တန်းတွဲဆိုင်းအဖြစ် အောင်လဟာ လူ့ ဘီလူးကြီးအလား ကြံ့ခိုင်တောင့်တင်းတဲ့ ဟောင်ကောင်အားကစားသမား Alain Ngalani နဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ ပထမအချီ ၁ မိနစ်ပြည့် ခါနီးမှာ Ngalani က ချုပ်ကွက်ရခဲ့ပေမယ့်လည်း အောင်လက ၂ မိနစ်လောက်ကြာတဲ့အထိ မရှုံးအောင် ကြိုးစားနိုင်ခဲ့ပါတယ်။ ဒီနောက် အောင်လက သက်လုံကျသွားတဲ့ ပြိုင်ဘက်ကို ချုပ်ကွက်နဲ့အနိုင်ရအောင် ကြိုးစားပေမယ့်လည်း ချက်ချင်းဖြစ်မလာခဲ့ပါဘူး။ ဒါပေမဲ့ ၄ မိ နစ်၊ ၃၁ စက္ကန့်မှာ အောင်လက Ngalani ရဲ့လည်ပင်းကို ညာလက်မောင်းအောက် မလှုပ်နိုင်အောင်ချုပ်ပြီး လှဲချလိုက်ချိန်မှာတော့ ပြိုင် ဘက်ဖြစ်သူ တောင့်မခံနိုင်တော့ဘဲ လက်ပုတ်အရှုံးပေးခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *