ယခုနှစ်အတွင်း ONE Championship ရဲ့ စတုတ္တမြောက် ပြိုင်ပွဲကြီးဖြစ်တဲ့ ONE: King of the Jungle ကို လာမယ့် ဖေဖော်ဝါရီ ၂၈ ရက်မှာ စင်ကာပူနိုင်ငံအတွင်း ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကစားသမားများစွာ ပါဝင်ယှဉ်ပြိုင်မယ့် ဒီပြိုင်ပွဲကြီးရဲ့ လက်လွတ်မခံသင့်တဲ့ ထူးခြားချက်တွေကို စုစည်းဖော်ပြ လိုက်ရပါတယ်။

၁။ ကမ္ဘာ့ချန်ပီယံ စိန်ခေါ်ပွဲ တွဲဆိုင်းနှစ်တွဲ ပါဝင်ခြင်း

အခုပြိုင်ပွဲမှာ ကမ္ဘာ့ချန်ပီယံနေရာကို အဆုံးအဖြတ်ပေးမယ့် အဓိက တွဲဆိုင်းနှစ်ဆိုင်း ပါဝင်နေတာက King of the Jungle ကို လက်လွတ် မခံသင့်တဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ ခေါင်ပွဲမှာ ONE အက်တမ်ဝိတ်တန်း မွေထိုင်းနဲ့ Kickboxing ချန်ပီယံ Stamp Fairtex ကို ပြိုင်ဘက်ဟောင်း Janet “JT” Todd က တကျော့ပြန် စိန်ခေါ်သည့်ပွဲ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ Todd ဟာ ပြီးခဲ့တဲ့ ၂ဝ၁၉ ဖေဖော်ဝါရီက Stamp ကို ရှုံးနိမ့်ပြီးတဲ့ နောက်ပိုင်း ၃ ပွဲဆက်တိုက် အနိုင်ရခဲ့တာကြောင့် အခုလို တကျော့ပြန် စိန်ခေါ်ခွင့် ရတာ ဖြစ်ပါတယ်။ ဒုတိယ ခေါင်ပွဲမှာလည်း ONE စတောဝိတ်တန်း Kickboxing ချန်ပီယံ Sam-A Gaiyanghadao နဲ့ သြစတြေးလျ ကစားသမား Rocky Ogden တို့ ပထမဆုံး ONE စတောဝိတ်တန်း မွေထိုင်း ချန်ပီယံ ခါးပတ်ကို အပြိုင်လုကြမှာ ဖြစ်ပါတယ်။

၂။ နာမည်ကြီး ကစားသမားကောင်းများစွာ ပါဝင်ခြင်း

ခေါင်ပွဲနှစ်ပွဲက နာမည်ကျော် ကစားသမားတွေအပြင် တခြားတွဲဆိုင်းတွေမှာလည်း လူသိများတဲ့ ကစားသမားတွေ အများအပြား ပါဝင်နေတာက အခုပွဲကို လက်လွတ်မခံသင့်တဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ အဲဒီ တွဲဆိုင်းတွေကတော့ အိမ်ရှင် စင်ကာပူကစားသမား Amir Khan နဲ့ ဂျပန်ကစားသမား Kimihiro Eto တို့ရဲ့ပွဲ၊ UFC ကစားသမားဟောင်းကြီး Yoshihiro “Sexy Yama” Akiyama နဲ့ အီဂျစ် ချန်ပီယံဟောင်း Sherif “The Shark” Mohamed တို့ရဲ့ပွဲ၊ ONE ဖယ်သာဝိတ်တန်း ချန်ပီယံဟောင်း Honorio “The Rock” Banario နဲ့ ထိုင်းနာမည်ကြီး ကစားသမား Shannon “OneShin” Wiratchai တို့ရဲ့ပွဲ၊ ဂျပန် နာမည်ကြီး အားကစားမယ် Mei “V.V” Yamaguchi နဲ့ ဖိလစ်ပိုင်လူငယ် Denice “The Menace Fairtex” Zamboanga တို့ရဲ့ပွဲ တွေပဲ ဖြစ်ပါတယ်။

၃။ စတောဝိတ်တန်း ချန်ပီယံစိန်ခေါ်သူ ထွက်ပေါ်နိုင်ခြင်း

အခုပြိုင်ပွဲရဲ့ စိတ်ဝင်စားဖွယ် ပွဲကောင်း တစ်ပွဲက ဂျပန်အားကစားမယ် Ayaka Miura နဲ့ အိမ်ရှင် စင်ကာပူသူ Tiffany “No Chill” Teo တို့ရဲ့ တွဲဆိုင်းပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ပွဲကနေ အနိုင်ရတဲ့ ကစားသမားဟာ လက်ရှိ ONE စတောဝိတ်တန်း ချန်ပီယံ “The Panda” Xiong Jing Nan ကို စိန်ခေါ်ခွင့် ရမှာဖြစ်လို့ပါပဲ။ တကယ်တော့ သူတို့နှစ်ယောက် စလုံးဟာ ချန်ပီယံ စိန်ခေါ်ခွင့်နဲ့ ထိုက်တန်ကြသူတွေ ဖြစ်ပါတယ်။ Miura ဆိုရင် ONE Championship မှာ Americana ချုပ်ကွက် တစ်မျိုးတည်းနဲ့ ၃ ပွဲဆက် အနိုင်ယူပြီး ပြိုင်ပွဲအရပ်ရပ်မှာ ၆ ပွဲဆက် နိုင်ထားတဲ့သူ ဖြစ်ပါတယ်။ Teo ဟာလည်း ကစားသမား ဘဝ တစ်လျှောက် Xiong ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲကလွဲရင် ကျန်ပွဲအားလုံး အနိုင်ရထားတာ မို့လို့ ဒီပွဲဟာ စိတ်ဝင်စားဖို့ အရမ်းကောင်း မှာပါ။

၄။ ကပ်ရောဂါ အန္တရာယ်ကြားမှ ကွင်းပိတ် ကျင်းပခြင်း

ONE: King of the Jungle ပြိုင်ပွဲဟာ ONE Championship သမိုင်းတစ်လျှောက် အထူးခြားဆုံး ပြိုင်ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ ဘာကြောင့်လဲ ဆိုတော့ ဒီပြိုင်ပွဲကို ပြင်ပ ပရိသတ် လုံးဝ ဝင်ခွင့်ပေးမှာ မဟုတ်ဘဲ ရုပ်သံရိုက်ကူးမှု နဲ့သာ ထုတ်လွှင့်မှာ ဖြစ်လို့ပါပဲ။ စင်ကာပူ နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်က ကပ်ရောဂါ ဖြစ်နိုင်တဲ့အထိ ခြိမ်းခြောက်မှု ဖြစ်လာနေလို့ အစိုးရက လိမ္မော်ရောင် သတိပေးချက် ထုတ်ပြန် ထားရ ပါတယ်။ ဒါကြောင့် လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေ ကျင်းပခွင့် ကန့်သတ်ထားတဲ့ အခြေအနေမှာ ONE Championship ဟာ ဒီပွဲကို မဖြစ်ဖြစ်အောင် ကျင်းပဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ အခုလို ခက်ခက်ခဲခဲ ကျင်းပရတဲ့ ပြိုင်ပွဲတစ်ပွဲကို တစ်ကမ္ဘာလုံးက ပရိသတ်တွေနဲ့ တန်းတူ ရုပ်သံကနေ ကြည့်ရှုကြရတော့ မှာမို့ လက်လွတ်မခံ သင့်တဲ့ပွဲ တစ်ပွဲ ဖြစ်ပါတယ်။

ONE: King of The Jungle ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့  ညနေ ၄နာရီအချိန်မှာ MNTV နှင့် Skynet Sport 3 တို့မှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။ ဒါအပြင် ONE Championship ရဲ့ Facebook  စာမျက်နှာနဲ့  Youtube တို့အပြင် ONE Super App တို့မှာလည်း ကြည့်ရှူ့နိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *