ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship ဟာ ၂၀၂၀ ပြည့်နှစ်အတွင်း ၎င်းတို့ရဲ့စတုတ္ထ အကြိမ်မြောက် ပြိုင်ပွဲအဖြစ် ONE: KING OF THE JUNGLE ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၈ ရက်ကျရင် စင်ကာပူနိုင်ငံမှာ ကျင်းပပြုလုပ် သွားမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ချန်ပီယံတွဲဆိုင်းနှစ်ဆိုင်း အပါအဝင် စုစုပေါင်း တွဲဆိုင်း ၁၁ ဆိုင်းနဲ့ကျင်းပမယ့် ဒီပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ် ကြောင့် ပရိသတ်တွေကို ကြည့်ရှုခွင့်မပေးဘဲ တံခါးပိတ်ကျင်းပသွားမှာပါ။ ဒါပေမဲ့လည်း ကမ္ဘာတစ်လွှားက ပရိသတ်တွေအတွက်တော့ ရုပ်မြင်သံကြား၊ youtube အပါအဝင် ဆိုရှယ်မီဒီယာ ဒစ်ဂျစ်တယ်ပလက်ဖောင်းကနေ တိုက်ရိုက်ထုတ်လွှင့်ပြပေးသွားမှာကတော့ ပရိ သတ်တွေအပေါ် ONE Championship က ထားရှိတဲ့ စေတနာပဲဖြစ်ပါတယ်။

စင်ကာပူ ရုံတွင်းအားကစားပြိုင်ပွဲရုံမှာကျင်းပမယ့် အဆိုပါပြိုင်ပွဲမှာ အားကစားသမား ၂၂ ယောက်က နိုင်ပွဲရယူနိုင်ရေးအတွက် လေ့ကျင့် မှုတွေ ပြင်းပြင်းထန်ထန် ပြုလုပ်နေပါတယ်။ ဒီအားကစားသမားတွေအနက် ရှုံးပွဲမရှိသေးဘဲ အနာဂတ်တောက်ပနေသူတွေ ပါဝင်လျက်ရှိ ပြီး အမေရိကန် အားကစားသမား Troy “Pretty Boy” Worthen လည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။  အသက် ၂၆ နှစ်အရွယ် Worthen ဟာ အသက် ၁၄ နှစ်အရွယ်ကတည်းက အစ်ကိုဖြစ်သူနဲ့အတူ နပမ်းအားကစားကို လေ့ကျင့်သင်ယူခဲ့ပြီး ပြိုင်ပွဲတွေလည်း ဝင် ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဖလော်ရီဒါပြည်နယ်သား ၎င်းဟာ နပမ်းပွဲစဉ်ပေါင်း ၄၀၀ ကျော် အနိုင်ရပြီးနောက် စွမ်းဆောင်ရည်ကောင်းတွေ ရရှိလာသလို NCWA Conference ချန်ပီယံ၊ All-American ချန်ပီယံဆုတွေကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Central Florida တက္ကသိုလ်ကနေ အားကစားနှင့် လေ့ကျင့်သင်ကြားရေးသိပ္ပံဘွဲ့ရခဲ့တဲ့ Worthen ဟာ ၂၀၁၅ ခုနှစ်မှာ ပရော်ဖက်ရှင် နယ် အားကစားသမားအဖြစ် ပြိုင်ပွဲတွေစတင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲတွေ ဝင်ရောက်မယှဉ်ပြိုင်ခင် ကိုယ်ရထားတဲ့ ဘွဲ့နဲ့ ပုံမှန်ဝင်ငွေရ မယ့် အားကစားလေ့ကျင့်ရေးသင်တန်း ဖွင့်မလား၊ ဒါမှမဟုတ် အားကစားသမားအဖြစ် ပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်မလားဆိုတဲ့ ရွေး ချယ်မှုနှစ်ခုကြား ဗျာများခဲ့ရပါသေးတယ်။ ဒါပေမဲ့လည်း သူဟာ ကြိုးဝိုင်းအတွင်း ကိုယ်တိုင်ဝင်ရောက်ယှဉ်ပြိုင်ရတဲ့ အားကစားသမားဘဝ ကို ရွေးချယ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ပရော်ဖက်ရှင်နယ် အားကစားသမားဘဝစတင်ခဲ့တဲ့ Worthen ဟာ  မွေးရပ်မြေ အမေရိကန်နိုင်ငံ မှာပြုလုပ်တဲ့ ပြိုင်ပွဲတွေမှာ ၄ ပွဲဆက်တိုက် အနိုင်ရခဲ့ပြီးနောက် ဘဝအချိုးအကွေ့တစ်ခုနဲ့ ကြုံတွေ့ခဲ့ပါတယ်။

အဲဒါကတော့ ၂၀၁၉ ခုနှစ်အတွင်းကဖြစ်ပြီး အခြား အမေရိကန်အားကစားသမားတွေလို စင်ကာပူအခြေစိုက် နာမည်ကျော် Evolve MMA မှာ ပညာသင်ကြားကာ ONE Championship မှာ ပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်မလားဆိုတဲ့ အခြေအနေပါ။ အစပိုင်းမှာတော့ သူက အမေရိကန်ပြည်ထောင်စုမှာသာ ယှဉ်ပြိုင်ဖို့ ဆန္ဒရှိခဲ့ပေမယ့်လည်း နိုင်ငံပြင်ပမှာ ပိုမိုကောင်းမွန်တဲ့ ကစားသမားဖြစ်လာဖို့၊ မတူညီ တဲ့ အခွင့်အလမ်းတွေရယူနိုင်ဖို့ဆိုရင် ONE Championship နဲ့ လက်တွဲသင့်တယ်လို့ မိတ်ဆွေ၊ သူငယ်ချင်းတွေက တိုက်တွန်းခဲ့ပါ တယ်။ ဘဝအတွက် တစ်ခုခုရွေးချယ်ရမယ့်အချိန် ကျရောက်လာချိန်မှာ သူက ခေါင်းအေးအေးထားပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ပါတယ်။ အဲဒါကတော့ သူ့ရဲ့ကိုယ်ရေးအချက်အလက် အပြည့်အစုံကို Evolve MMA ထံ အီးမေးလ်ပို့ကာ သင်တန်းသားအ ဖြစ် လျှောက်ထားခဲ့တာပါပဲ။ သူ့ရဲ့အရည်အချင်းကိုသိတဲ့ Evolve MMA ကလည်း သင်တန်းသားအဖြစ် လက်ခံလိုက်တာကြောင့် ၂၀၁၉ ခုနှစ်အတွင်း စင်ကာပူမှာ အခြေချနေထိုင်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမားကောင်းတစ်ယောက် ဖြစ်ရမယ်ဆိုတဲ့ရည်မှန်းချက်နဲ့ ကမ္ဘာ့အနောက်ခြမ်းကနေ အရှေ့ခြမ်း ကို စွန့်စားထွက်လာလာတဲ့ Worthen ဟာ Evolve MMA မှာ ပညာတွေသင်ကြားကာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်မှာတော့ ONE Championship နဲ့အတူ ပထမဆုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမှာပြုလုပ်တဲ့ ONE: MASTERS OF DESTINY ပြိုင်ပွဲမှာ တရုတ်အားကစားသမား Chen Rui ကို ဒုတိယအချီ၊ ၃ မိနစ်ကျော်မှာ ဘယ်ညာတံတောင်ရိုက် ချက်၊ လက်သီးတွဲလုံးတွေနဲ့ ဒိုင်ပွဲရပ် အနိုင်ရခဲ့ပါတယ်။ ဒါ့အပြင် နိုဝင်ဘာ ၂၂ ရက်က စင်ကာပူမှာပြုလုပ်တဲ့ ONE: EDGE OF GREATNESS ပြိုင်ပွဲမှာလည်း တရုတ်အားကစားသမား Chen Lei ကို ဒုတိယအချီပြီးခါနီး စက္ကန့်ပိုင်းအလိုမှာ ဘယ်ညာလက်သီးတွဲလုံး တွေသုံးကာ ဒိုင်ပွဲရပ် အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် သူဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ၆ ပွဲစလုံး အနိုင်ရထားတဲ့စံချိန်ကို ပိုင်ဆိုင် ထားပြီး ONE Championship ဘန်တန်ဝိတ်တန်း အဆင့်သတ်မှတ်ချက်မှာလည်း ထိပ်တန်းကို တက်လှမ်းလာပါတယ်။

ONE: KING OF THE JUNGLE ပြိုင်ပွဲရဲ့ဘန်တန်ဝိတ်တန်းတွဲဆိုင်းမှာတော့ Worthen ဟာ နောက်ဆုံး ၇ ပွဲမှာ ၆ ပွဲနိုင်၊ ၁ ပွဲရှုံးမှတ် တမ်းပိုင်ဆိုင်ထားတဲ့ နယူးဇီလန်-ဖိလစ်ပိုင် အားကစားသမား Mark “Tyson” Fairtex Abelardo နဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမှာ ဖြစ်ပါ တယ်။ သူတို့တွဲဆိုင်းမှာ အနိုင်ရတဲ့သူအနေနဲ့ အဆင့်သတ်မှတ်ချက် ပိုမိုမြင့်တက်လာမှာဖြစ်ပြီး ဘန်တန်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဘရာ ဇီးလ်အားကစားသမား Bibiano “The Flash” Fernandes ရဲ့ကမ္ဘာ့ချန်ပီယံ စိန်ခေါ်သူအဆင့်ကို တက်လှမ်းနိုင်ဖို့ တဖြည်းဖြည်း နီးစပ် လာတယ်လို့ ဆိုနိုင်ပါတယ်။ Worthen ဟာ အမေရိကန်ပြည်ထောင်စုမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့်လည်း ကမ္ဘာ့ချန်ပီယံတစ်ယောက်ဖြစ်လို တဲ့ ရည်ရွယ်ချက်နဲ့ အာရှကို ခြေဆန့်ခဲ့တာပါ။ ဒါကြောင့် သူ့အနေနဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ဘယ်လို ပြိုင်ဘက်မျိုး မဆို ဖြိုချနိုင်ဖို့ စွမ်းဆောင်ပြရမှာပါ။ ၆ ပွဲဆက်တိုက် အနိုင်ရထားတဲ့ Evolve MMA အသင်းသား Worthen အနေနဲ့ သူ့လို စွမ်းဆောင် ရည်ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ Abelardo ကို အနိုင်ယူကာ ၇ ပွဲဆက် အနိုင်ရတဲ့စံချိန်ကို တင်နိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

ONE: King of The Jungle ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့  ညနေ ၄နာရီအချိန်မှာ MNTV နှင့် Skynet Sport 3 တို့မှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။ ဒါအပြင် ONE Championship ရဲ့ Facebook  စာမျက်နှာနဲ့  Youtube တို့အပြင် ONE Super App တို့မှာလည်း ကြည့်ရှူ့နိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *