စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့Singapore Tourism Board (STB)သည် မြန်မာခရီးသွားများကို စင်ကာပူသို့လာရောက်ပြီး စိတ်အားထက်သန်မှုများကို ရှာဖွေရန် ဖိတ်ခေါ်သည့် တစ်နှစ်တာ ကမ်ပိန်းအစီအစဥ်ကို စတင်သည့်အနေဖြင့် ယနေ့တွင်ကမ္ဘာအေးဘုရားလမ်းရှိ ချင်းချောင်းနန်းတော်၌ Singapore Festival 2020 ကို စတင်ကျင်းပခဲ့သည်။ ယခင်က ဘိုကလေးစျေးလမ်းတွင် ကျင်းပခဲ့သော Singapore Festival 2018 သည် Street Party ပွဲတော်ကြီးဖြစ်ခဲ့‌သော်လည်း ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နှင့် ၂ ရက်နေ့ ရုံးပိတ်ရက်များတွင် ကျင်းပပြီး လူအများအပြားလာရောက်ဆင်နွှဲခဲ့သော Singapore Festival 2020 သည် ခမ်းနားသော Garden Party ကြီးအသွင်ဖြင့် ရန်ကုန်မြို့မှ ပွဲလာပရိသတ်များအား စင်ကာပူယဥ်ကျေးမှု၏ ထူးခြားစုံလင်သော အစိတ်အပိုင်းအများဖြစ်သည့် အစားအသောက်၊ အနုပညာ၊ ဂီတနှင့် စျေးဝယ်ထွက်ခြင်းကဲ့သို့ အတွေ့အကြုံသစ်များကို အပန်းဖြေပျော်ပွဲစားထွက်သကဲ့သို့ တွေ့ကြုံခံစားနိုင်စေခဲ့သည်။ Singapore Festival 2020 အပြင် ၂၀၂၀ တွင် မြန်မာနိုင်ငံသားများသည် နောက်ထပ် ‘’Passion Made Possible” အတွေ့အကြုံသစ်များကို စောင့်မျှော်ပါဝင်ဆင်နွှဲနိုင်ပါမည်။ 

စနေတနင်္ဂနွေနှစ်ရက်အတွင်း စင်ကာပူကို မြင်တွေ့ခံစားနိုင်ခြင်း

၂၀၁၆ တွင်ပထမအကြိမ်စတင်ကျင်းပခဲ့ပြီး ယခုလေးကြိမ်ရှိပြီဖြစ်သော Singapore Festival 2020 သည် စင်ကာပူ၏ထူးခြားစုံလင်သည့်ဆွဲဆောင်မှုများအပြင် စင်ကာပူနှင့်မြန်မာပညာရှင်များ၏ ပူးပေါင်းဖန်တီးမှုများကို ပြသနိုင်ခဲ့သည်။ ရုံးပိတ်ရက်များအတွင်း စင်ကာပူနှင့် မြန်မာ၏ ထိတ်တန်းစားဖိုမှူးများ၊ ဂီတပညာရှင်များ၊ အနုပညာရှင်များနှင့် retail brand အမှတ်တံဆိပ်များနှင့်ပူးပေါင်းကာ တမူထူးခြားသည့်ဖန်တီးမှုများကို ပြုလုပ်နိုင်ခဲ့သည်။ ဤပွဲကို သာသနာရေးနှင့် ယဥ်‌ကျေးမှုဝန်ကြီးဌာန (Ministry of Religious Affairs and Culture)၊ ရှေးဟောင်းသုတေသနဌာန (Department of Archaeology) နှင့် အနုပညာအထက်တန်းကျောင်း (State School of Fine Arts) တို့၏ ထောက်ပံ့ကူညီမှုဖြင့် စီစဥ်ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။ ပွဲတော်ဝင်ခွင့်လက်မှတ်ရောင်းချခြင်းမှရရှိသည့် အမြတ်အစွန်းများကိုလည်း ချင်းချောင်းနန်းတော် ပြုပြင်ထိန်းသိမ်းရေး အတွက်လှူဒါန်းပေးသွားမည်ဖြစ်သည်။

စင်ကာပူနိုင်ငံကဲ့သို့ပင် ပွဲတော်တွင်လူတိုင်းအတွက် စိတ်ဝင်စားစရာများရှိခဲ့သည်။ အစားအသောက်ခုံမင်သူများက Malcolm Lee နှင့် Hawker Chan တို့ကဲ့သို့သော မီချယ်လင်ကြယ် (Michelin star) ရရှိသည့် စားဖိုမှုးများက စင်ကာပူမှ ၎င်းတို့၏ ပုံမှန်စျေးနှုန်းများထက် ပိုမိုချိုသာသည့်နှုန်းထားများဖြင့် တည်ခင်းပေးသည့် အစားအသောက်များကို မြည်းစမ်းခွင့်ရခဲ့ကြသည်။ အပျော်အပါးရှာဖွေသူများ၊ ဂီတချစ်သူများကမူ live ဂီတဖျော်ဖြေမှုအမျိုးမျိုးကို နားဆင်နိုင်ခဲ့သည်။ နေ့ဘက်တွင် acoustic တေးသံရှင်များက ဖျော်ဖြေပြီး ညနေပိုင်းတွင် မြန်မာဒီဂျေများနှင့်အတူ ကမ္ဘာတွင် ထိပ်တန်းကလပ် ၃ ခုအနက် တစ်ခုအပါအဝင်ဖြစ်သည့် Zouk Singapore[1]  မှ ဒီ‌ဂျေများက Electronic Dance Music ဖြင့် ဖျော်ဖြေပေးခဲ့ကြသည်။

ပွဲတော်တွင် နန်းတော်အဆောက်အအုံ၏ ဗိသုကာလက်ရာများနှင့် ပွဲအတွက် သီးသန့်ဖန်တီးထားသော အနုပညာလက်ရာများကို ပြသထားသည့် အနုပညာလျှောက်လမ်း (Art Walk) အပါအဝင် ဓာတ်ပုံရိုက်ချင်စဖွယ်နေရာအများအပြားသည် အနုပညာလိုက်စားသူများနှင့် လူငယ်များကို ဆွဲဆောင်နိုင်ခဲ့သည်။ လက်ရာများသည် မြန်မာပန်းပုပညာရှင် နန်းနန်း၊  street art ပညာရှင်  Bart Was Not Here ၊ စင်ကာပူမှ ကဗျာဆရာ Marc Nair ၊ ဗီဒီယိုအနုပညာရှင် Urich Lau စသော စင်ကာပူနှင့် မြန်မာမှ အနုပညာရှင်နှင့် ပြခန်းများ၏ ပူး‌ပေါင်းဖန်တီးမှုများဖြစ်သည်။ ချင်းချောင်းနန်းတော်၏ တည်ဆောက်ဖွဲ့စည်းပုံကို လေ့လာနိုင်ရန် လမ်းကြောင်းဆွဲပြီး ပြသထားသော Art Walk သည် ပွဲလာပရိသတ်များအတွက် ချင်းချောင်းနန်းတော်ကို နှံ့စပ်စွာလေ့လာနိုင်စေရန်အကောင်းဆုံးသော အစီအစဥ်ဖြစ်ခဲ့သည်။ Art Walk ၏ အဆုံးတွင် Her Velvet Vase ၊ Praise ၊ Plain Supplies ၊ Parami Maw ၊ Stella Collections နှင့် Jungle clothing ကဲ့သို့သော စင်ကာပူနှင့် မြန်မာဖက်ရှင်အမှတ်တံဆိပ်များကို ခင်းကျင်းရောင်းချသည့် Designers’ Market ကို ရောက်ရှိနိုင်သည်။ 

“ချင်းချောင်းနန်းတော်မှာ နှစ်ရက်တာရုံးပိတ်ရက်ကာလအတွင်း ဒီနှစ်ရဲ့ အခမ်းနားဆုံး Garden Party ကြီးအဖြစ် စင်ကာပူရဲ့ တက်ကြွမှုနဲ့ဖန်တီးနိုင်မှုစွမ်းအားတွေကို ခေါ်ဆောင်လာခဲ့ပါပြီ။ ရုံးပိတ်ရက်နှစ်ရက်အတွင်း ဖန်တီးပေးထားတဲ့ အတွေ့အကြုံအသစ်အမျိုးမျိုးကို ခံစားကြည့်တာကနေ လူငယ်တွေနဲ့ မိသားစုတွေ အပါအဝင် ပွဲလာပရိသတ်တွေ စင်ကာပူမှာဘာတွေလုပ်နိုင်တယ်ဆိုတဲ့ အရသာကိုခံစားမိနိုင်ပြီး စိတ်ဝင်တစား လာရောက်လည်ပတ်ဖို့ စိတ်ကူးတွေပေါ်ပေါက်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု Singapore Tourism Board ၏ Director of Trade Engagement & New Markets ဖြစ်သူ Mr. Soo Siew Keong က ပြောကြားသည်။

ထို့အပြင် “ဒီနှစ်မှာ ပွဲတော်မိတ်ဖက်တွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့အတူ လူမှုရေးအရတာဝန်ယူမှုရှိပြီး ရေရှည်တည်တံ့နိုင်ဖို့ ရည်ရွယ်တဲ့ ပွဲဖြစ်အောင် ဖန်တီးထားတယ်။ Zero Plastic ဆိုတဲ့ မြန်မာကုမ္ပဏီနဲ့ ပေါင်းပြီး ဆွေးမြည့်ပျက်စီးနိုင်တဲ့ ပန်းကန်ခွက်ယောက်တွေ ဇွန်းခရင်းတွေပံ့ပိုးပေးထားတယ်။ ဆေးလိပ်သောက်တာကိုလည်း ပွဲတော်အတွင်းမှာတားမြစ်ထားတယ်။ အနုပညာလက်ရာတွေနဲ့ ပရိဘောဂတွေကလည်း ပြန်လည်အသုံးပြုနိုင်တဲ့ ကုန်ကြမ်းတွေနဲ့ပဲလုပ်ထားတာပါ။ ချင်းချောင်းနန်းတော်ကို အလှဆင်တဲ့ကာလမှာဆိုရင်လည်း ရည်မှန်းထားတဲ့ Garden Party အစိတ်အပိုင်းတွေနဲ့ အစပ်အဟပ်ရှိရမယ့်အပြင် နဂိုမူလအသွင်အပြင်ကိုလည်း ပေါ်လွင်နေအောင် လုပ်ငန်းစဥ်တွေ ဆောင်ရွက်ခဲ့ပါတယ်။ ရန်ကုန်ရဲ့ ရှေးဟောင်းအမွေအနှစ်အဆောက်အအုံတွေကို တန်ဖိုးထားတဲ့အကြောင်းကို ပြသလိုတဲ့အပြင် မြန်မာလူမျိုးတွေအနေနဲ့ ဒီလိုပွဲလမ်းသဘင်တွေမှာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရင်း ပျော်ရွှင်ဆင်နွှဲနိုင်တယ်ဆိုတာကို ပြောပြချင်တာဖြစ်ပါတယ်” ဟု ဆက်လက်ပြောကြားသည်။

ကျင်းပသော နှစ်ရက်တာပွဲတော်အပြင် ဤပွဲတွင် ပါဝင်သော စားဖိုမှူးများ၊ ဂီတပညာရှင်များနှင့် အနုပညာရှင်များက ရန်ကုန်မြို့အနှံ့ အခြားလှုပ်ရှားမှုများကိုလည်း ပြုလုပ်ခဲ့ကြသည်။ ၎င်းတို့တွင် ဇန်နဝါရီ ၃၁ ရက်နေ့၌ Pan Pacific Yangon ၊ Shwe Sa Bwe ၊ The Pansodan နှင့် Rangoon Tea House တို့တွင် ကျင်းပခဲ့သော နှစ်ဦးတွဲ ညစာတည်ခင်းမှုအစီအစဥ်များ၊ Myst bar တွင် Zouk DJ များနှင့် after party၊ စားသောက်ဆိုင်နှင့် အနုပညာရပ်ဝန်းတစ်ခုဖြစ်သည့် Pansuriya တွင်ကျင်းပသည့် ‘Drink and Draw’ လည်းပါဝင်သည်။ ထိုလှုပ်ရှားမှုများသည်လည်း ရန်ကုန်သူရန်ကုန်သားများအား စင်ကာပူနှင့် မြန်မာ၏ အကောင်းဆုံးအရသာများကို ခံစားနိုင်စေခဲ့သည်။

မြန်မာလူမျိုးများ စိတ်အားထက်သန်ရာကို ရှာဖွေနိုင်မည့် အစီအစဥ်များ ၂၀၂၀ တွင် ရှိနေ

ဤပွဲအပြီးတွင် Singapore Tourism Board သည် ၂၀၂၀ တစ်နှစ်လုံးအတွင်း မြန်မာခရီးသွားများကို စင်ကာပူသို့ ဖိတ်ခေါ်သည့် ခရီးသွားကမ်ပိန်းများနှင့် လှုပ်ရှားမှုများကိုဆက်လက်ဆောင်ရွက်သွားမည်။ ၎င်းတို့အနက်တစ်ခုမှာ ခရီးသွားများ၏ လိုအပ်ချက်နှင့် ခရီးသွားရာတွင် ပြုမူလုပ်ဆောင်ပုံများကို သုံးသပ်ရာမှ စတင်ခဲ့သော ရိုးရှင်းသည့် insight မှ ပေါ်ထွက်လာသည့် ‘Passion Discovery Project’ ဖြစ်သည်။ ခရီးသွားသောအခါ စိတ်အားထက်သန်စွာဖြင့် လုပ်ကြည့်ချင်သော အရာများရှိကြသည်။ အချို့ကဒေသထွက်အစားအစာကို မြည်းစမ်းလိုသည်။ အချို့က ပါတီများသွားရောက်ပျော်ပါးလိုကြသည်။ သို့မဟုတ် အနုပညာလက်ရာများ လေ့လာလိုသည်။ အချို့ကမူရှော့ပင်းထွက်သကဲ့သို့နှံ့အောင် လည်ပတ်လိုသူများလည်းရှိသည်။  ခရီးသွားများသည် အသစ်အဆန်းများ မစမ်းသပ်ကြည့်မိသရွေ့ မိမိ၏ စိတ်ဝင်စားမှုကို မသိနိုင်ကြပါ။

ထိုကြောင့် ခရီးသွားများကို စိတ်အားထက်သန်မှုများ တွေ့ရှိလာစေပြီး စင်ကာပူတွင်  ထိုအတွေ့အကြုံသစ်များကို မည်သို့ရယူနိုင်သည်ကို ပြသရန်အတွက် STB က နေရာအမျိုးမျိုးတွင် ပုံစံအမျိုးမျိုးရှိသော အစီအစဥ်အသစ်များနှင့် မိတ်ဆက်ပေးသွားမည်။ ထိုအထဲတွင် လာမည့်နှစ်တွင် ရန်ကုန်မြို့၌ တည်ဆောက်ရန် အလားအလာရှိနေသော ‘Passion Discovery’ ဇုန်လည်းပါဝင်သည်။  Singapore Festival 2020 အပါအဝင် ပရောဂျက်များကဲ့သို့ပင် ‘Passion Discovery’ နေရာသည်လည်း ဒေသခံအဖွဲ့အစည်းများနှင့် ပူးပေါင်းဖန်တီးမှုဖြစ်လာမည်။ ကလေးငယ်နှင့် မိသားစုများ၊ လူငယ်များ လာရောက်ပြီး အပန်းဖြေ၊ ကစားပျော်ပါးရင်း အသစ်အသစ်များကို ရှာဖွေဖန်တီးနိုင်သော နေရာဖြစ်နိုင်ရန် စီစဥ်လျက်ရှိသည်။ အသေးစိတ်သတင်းအချက်အလက်များကို ထပ်မံကြေညာပေးသွားပါမည်။ 

‘Passion Discovery’ ပရောဂျက်အပြင် Singapore Tourism Board သည် စင်ကာပူကို လာရောက်လည်ပတ်စေရန် အောင်မြင်စွာဆွဲဆောင်နိုင်သည့် ခရီးသွားကမ်ပိန်းများကို ဆက်လက်ဆောင်ရွက်သွားမည်။ ၎င်းတို့မှာ ၂၀၂၀ အတွင်း ပိတ်ရက်ရှည်များတွင် စင်ကာပူသို့ အပန်းဖြေခရီးများ စီစဥ်ရာတွင် အဆင်ပြေစေမည့် ‘Singapore Weekends’ အစီအစဥ်နှင့် သီတင်းကျွတ်ကာလ ‘My Parents’ Passions’ အစီအစဥ်များဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် Forever Group မှ MRTV-4 နှင့် ‘Where There Is Love’ ရုပ်သံဇာတ်လမ်းတွဲကို ပူးပေါင်းဖန်တီးခဲ့ပြီးဖြစ်ရာ STB သည် မီဒီယာပူးပေါင်းဆောင်ရွက်မှုများ ထပ်မံစတင်နိုင်ရန်လည်း ကြိုးစားလျက်ရှိသည်။ ထိုသို့ပူးပေါင်းဆောင်ရွက်မှုများသည် စိတ်ဝင်စားစရာ စင်ကာပူနှင့်သက်ဆိုင်သည့် အကြောင်းအရာများကို မြန်မာပရိသတ်များထံကို ပို့ဆောင်ပေးနိုင်သည်။  

ထို့အပြင် စင်ကာပူသို့ ခရီးသွားရာတွင်လည်း ပိုမိုလွယ်ကူအဆင်ပြေစေရန် ဆောင်ရွက်နေသည်။ ၂၀၁၆ ခုနှစ်တွင် စင်ကာပူနှင့် မြန်မာနိုင်ငံအတွက် ဗီဇာသတ်မှတ်ချက်များကို ပြုပြင်ပြောင်းလဲခဲ့ပြီးနောက် ယခုအခါတွင် ခရီးသည်များသည် Singapore Immigration & Checkpoints Authority website (https://icaeservices.ica.gov.sg/sgarrivalcard) သို့မဟုတ် Visit Singapore app တွင် SG Arrival Card ကို ကြိုတင်တင်ပြပြီးဖြစ်ပါက စင်ကာပူနိုင်ငံချန်ဂီလေဆိပ်သို့ ရောက်ရှိသောအခါတွင် Disembarkation/Embarkation ကတ်တွင် ထပ်မံစာရင်းသွင်းရန်မလိုအပ်တော့ပါ။ ထို့အပြင် Visit Singapore app တွင် မြန်မာခရီးသွားများ၏ စိတ်ဝင်စားမှုနှင့် ရွေးချယ်ရှာဖွေမှုများအပေါ်မူတည်ကာ စင်ကာပူတွင် မည်သည့်နေရာကို လည်ပတ်ပြီး မည်သည့်နေရာတွင် အစားအသောက်များ မြည်းစမ်းသင့်သည် စသဖြင့် လမ်းညွှန်များကို ထည့်သွင်းပေးထားပါသည်။

လူတိုင်းအတွက် ဆွဲဆောင်မှုများရှိနေသည့် စင်ကာပူ

Singapore Festival 2020 နှင့်တကွ ၂၀၂၀ ခုနှစ်အတွက် STB မှ စီစဥ်ထားသော ကမ်ပိန်းနှင့် လှုပ်ရှားမှုများအားဖြင့် စင်ကာပူသည် အပန်းဖြေခရီးသွားရောက်ရန် ရွေးချယ်သင့်သော နေရာတစ်ခုဖြစ်ကြောင်း ပွဲလာပရိသတ်များအား အသိပေးရန်ရည်ရွယ်ထားပါသည်။ 

စင်ကာပူသည် ကမ္ဘာ့အဆင့်ပွဲတော်များ၊ နာမည်ကျော်ဖျော်ဖြေမှုများနှင့် ဂီတစူပါစတားများကို မကြာခဏ လက်ခံကျင်းပပေးနေပြီး တစ်နှစ်ပတ်လုံး ပွဲတော်များဖြင့် အထူးစည်ကားသော နိုင်ငံဖြစ်သည်။ မကြာသေးခင်က Grand Prix Season Singapore တွင် Red Hot Chili Peppers ၊ Muse နှင့် Swedish House Mafia တို့က ပြိုင်ပွဲနှင့်အတူ ဖျော်ဖြေခဲ့ကြသည်။ ၂၀၁၉ နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် U2 ၏ စင်ကာပူဖျော်ဖြေရေးပွဲကို လက်မှတ်များကုန်သည်အထိ အားပေးခဲ့ကြပြီး အနီးဝန်းကျင်နှင့် အခြားနိုင်ငံများမှ ခရီးသွားများလည်းလာရောက်အားပေးခဲ့ကြသည်။ အစားအသောက်များစုံလင်သည့် နေရာဖြစ်သည့်အလျောက် အစားအသောက်နှစ်သက်သူများအနေဖြင့် စင်ကာပူတွင် လမ်းဘေးဆိုင်ငယ်ယဥ်ကျေးမှုမှ ဆင်းသက်လာသည့် စားသောက်ဆိုင်များနှင့် Michelin Star ရရှိသည့် စားတော်ဆက်များ တွင် အရသာရှိသော ဟင်းလျာများ၊ အမှတ်ရစရာ အစားအသောက်များကို နေ့စဥ်သုံးဆောင်နိုင်သည်။ စင်ကာပူနိုင်ငံသည် National Gallery Singapore ၊ Singapore Art Museum ၊ နှင့် ArtScience Museum ကဲ့သို့သော ကမ္ဘာ့အဆင့်မီ ပြတိုက်များနှင့် ယဥ်ကျေးမှုစုံလင်သော အနုပညာရပ်ဝန်းတစ်ခုလည်း ပိုင်ဆိုင်ထားသည်။ ထို့အပြင် စင်ကာပူတွင် ထိပ်တန်းစျေးဝယ်စင်တာများဖြစ်သည့် ION Orchard ၊ Shoppes at Marina Bay Sands ၊ စင်ကာပူမှ ပေါ်ထွက်လာသည့် အမှတ်တံဆိပ်များ စုစည်းရာ Design Orchard ၊ Little India ၊ Kampong Glam နှင့် Chinatown ကဲ့သို့သော ထူးခြားသည့် စျေးဝယ်စရာနေရာ အများအပြားရှိသည်။ အစားအသောက်နှစ်သက်သူ၊ ပါတီအပျော်အပါးခံစားတတ်သူ၊ အနုပညာြမတ်နိုးသူ၊ စျေးဝယ်ထွက်လိုသူများအတွက် စင်ကာပူက စွန့်စားလိုစိတ်၊ အသစ်များရှာဖွေလိုစိတ်များကိုအားပေးပါသည်။ လူတိုင်းအတွက် ကျေနပ်အားရစရာတစ်ခုရှိပါလိမ့်မည်။

Leave a Reply

Your email address will not be published. Required fields are marked *