အောင်မြင်သူတစ်ယောက် ဖြစ်ရန်အတွက် မည်သည့် နယ်ပယ်တွင်မဆို ဖြတ်ကျော်ရသည့် အခက်အခဲ အတားအဆီးများနှင့် ကြိုးစား အားထုတ်ရမှုများသည် အနည်းနှင့်အများ ရှိတတ်ကြသည်။ ရံဖန်ရံခါတွင် အကြောင်းအမျိုးမျိုးကြောင့် လက်ရှိ အောင်မြင်နေသော နယ်ပယ်သို့ မရောက်မီ အခြားနယ်ပယ်များတွင် အချိန်တစ်ခု ကျင်လည်ခဲ့ကြရသည် များလည်း ရှိတတ်သည်။ ONE Championship တွင် ယှဉ်ပြိုင်နေသော ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမားအချို့သည်လည်း ယင်းသို့ ဖြတ်သန်းမှုများ ရှိခဲ့ကြသည့် အနက် မတူညီသော အသက်မွေး ဝမ်းကျောင်းမှုများ လုပ်ကိုင်ခဲ့ဖူးသည့် မြန်မာ ကစားသမား အချို့ အကြောင်းကို တင်ပြ လိုက်ရပါသည်။

၁။ ပျားမွေးမြူရေး လုပ်သား အောင်လအန်ဆန်

ONE Championship ၏ လက်ရှိ တစ်ဦးတည်းသော ဝိတ်တန်းနှစ်ခု ချန်ပီယံ “မြန်မာစပါးအုံး” အောင်လအန်ဆန်သည် ယခုလို အောင်မြင်သော ဘဝသို့ မရောက်မီ လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုကျော်က ယခုအလုပ်နှင့် မည်သို့မျှ မပတ်သက်သည့် အသက်မွေး ဝမ်းကျောင်း တစ်ခုကို လုပ်ကိုင်ခဲ့သည်။ အောင်လအန်ဆန်သည် ၎င်း၏ ပထမဆုံး ပရော်ဖက်ရှင်နယ် ပွဲကို ၂ဝဝ၅ ခုနှစ် ကတည်းက စတင်ယှဉ်ပြိုင် ခဲ့သော်လည်း ၂ဝဝ၈ ခုနှစ်တွင်မှ ကျောင်းပြီးကာ ဘွဲ့ရခဲ့သူ ဖြစ်သည်။ စိုက်ပျိုး မွေးမြူရေး သိပ္ပံ ဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သည့် အောင်လအန်ဆန်သည် ကျောင်းပြီးပြီးချင်း ဖလော်ရီဒါ ပြည်နယ်၊ ဖယ်လ်ဒါ မြို့ရှိ Eisele ပျားနှင့် ပျားရည် မွေးမြူ ထုတ်လုပ်ရေး ကုမ္ပဏီတွင် အလုပ်ဝင်လုပ် ခဲ့သည်။

အောင်လအန်ဆန်ကို ယင်းကုမ္ပဏီက ပုံမှန်ဝင်ငွေနှင့် တည်ငြိမ်သော ဘဝတစ်ခုကို ပေးစွမ်းနိုင်သည့် အမြဲတမ်း ဝန်ထမ်း တစ်နေရာကို ကမ်းလှမ်းခဲ့ ခြင်းကြောင့် ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ အလုပ်ထဲတွင် နေ့စဉ် ပျားတုပ်ခံရမှုများ ရှိခဲ့သည့်တိုင် ယင်းအလုပ်ကို သဘောကျခဲ့ကြောင်း အောင်လအန်ဆန်က ဆိုသည်။ သို့သော် လုပ်ငန်း သဘော သဘာဝ အရ ကိုယ်ခံပညာကို နေ့စဉ် ပုံမှန် လေ့ကျင့်ပြီး ပြိုင်ပွဲများယှဉ်ပြိုင်ရန် မလွယ်တော့သဖြင့် ဝါသနာကို စွန့်လွှတ်ရန်ပင် စဉ်းစားခဲ့ဖူးသည်ဟု ၎င်းက ဝန်ခံခဲ့သည်။ နောက်ဆုံးတွင် အောင်လအန်ဆန်သည် ၎င်း၏ ဝါသနာကို မစွန့်လွှတ်နိုင်သောကြောင့် အလုပ်မှထွက်ကာ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား လောကထဲ ခြေစုံပစ် ဝင်ခဲ့ခြင်း ဖြစ်သည်။

၂။ တက္ကဆီဆရာနှင့် လုံခြုံရေးဝန်ထမ်း ဖိုးသော်ONE ဖယ်သာဝိတ်တန်း၏ အလဲထိုး နိုင်ပွဲ အများဆုံး ကစားသမားဖြစ်သည့် “ဘူရှီဒို” ဖိုးသော် သည် တစ်ချိန်တစ်ခါက ကိုယ်ခံပညာနှင့် မည်သို့မျှ မပတ်သက်သော အသက်မွေး ဝမ်းကျောင်းမှုများကို လုပ်ကိုင်ခဲ့ရဖူးသည်။ ငယ်စဉ်ကတည်းက အောင်မြင်သည့် စီးပွားရေးသမားတစ်ဦး ဖြစ်လိုခဲ့သည့်  ဖိုးသော်သည် ၎င်း၏ဘဝတစ်လျှောက်တွင် အမှတ်တရအလုပ်အချို့မှာ တက္ကဆီမောင်းသူ ဘဝနှင့် လုံခြုံရေးဝန်ထမ်းဘဝတို့ ဖြစ်သည်။

ငယ်စဉ်ကတည်းက အားကစား ဝါသနာပါသည့် ဖိုးသော်သည် ဘောလုံးသမား တစ်ဦးဖြစ်ရန် ကြိုးစားခဲ့ဖူးသေးသည်။ သို့သော် မိသားစုစီးပွားရေး အခြေအနေကြောင့် နံပါတ်အနက်ဖြင့် ကိုယ်ပိုင်ကားကို တက္ကဆီအဖြစ် ညဘက်ထွက်မောင်းခဲ့ရသည်။ ထို့နောက်တွင် ဂျပန်စကား ကောင်းစွာတတ်ကျွမ်းသည့် ဖိုးသော်သည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးတွင် လုံခြုံရေးဝန်ထမ်းအဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ ဖိုးသော်သည် ကားဝယ်ရောင်း ပွဲစားဘဝ၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်ငယ် ဘဝများကိုလည်း ဖြတ်သန်း ခဲ့ပြီးမှ ONE Championship၏ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမားတစ်ဦး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

 ၃။ ကိုယ်ကာယ လေ့ကျင့်ရေး နည်းပြ အန်တိုနီယာONE Championship တွင် မြန်မာနိုင်ငံ ကိုယ်စားပြုကာ ပါဝင်ယှဉ်ပြိုင်နေသည့် တစ်ဦးတည်းသော အမျိုးသမီး ကစားသမား ဘိုဇီနာ “တိုတို” အန်တိုနီယာ သည်လည်း တစ်ချိန်က ကိုယ်ခံပညာနှင့် တိုက်ရိုက်သက်ဆိုင်ခြင်း မရှိသည့် အသက်မွေးဝမ်းကျောင်း အလုပ် တစ်ခု လုပ်ကိုင်ခဲ့ဖူးသည်။ အန်တိုနီယာသည် အထက်တန်းကျောင်းပြီးကတည်းက အနောက်တိုင်း လက်ဝှေ့ အားကစားကို တစိုက်မတ်မတ် လေ့ကျင့်ယှဉ်ပြိုင်ခဲ့ရာ တိုင်းနှင့်ပြည်နယ် လက်ရွေးစင်အဖြစ် ရွှေတံဆိပ် နှစ်ခုရရှိခဲ့ပြီး ဆီးဂိမ်းစ် ပြိုင်ပွဲဝင်မည့် မြန်မာ့ လက်ရွေးစင် အသင်းအတွက်ပင် ဆန်ခါတင် ရွေးချယ်ခံခဲ့ရဖူးသည်။ သို့သော် မြန်မာနိုင်ငံတွင် အနောက်တိုင်း လက်ဝှေ့အားကစားကို ပရော်ဖက်ရှင်နယ် ပြိုင်ပွဲများ ကျင်းပခြင်း မရှိသဖြင့် ယင်းအားကစားကို အသက်မွေးဝမ်းကျောင်းအဖြစ် ရွေးချယ်ရန် ခက်ခဲခဲ့သည်။

ထိုအချိန်တွင် အန်တိုနီယာကို ကိုယ်ကာယ လေ့ကျင့်ရေး အားကစားရုံများက နည်းပြဆရာမ တစ်ဦးအဖြစ် တာဝန်ယူပေးရန် ကမ်းလှမ်းမှုများ ရှိလာသဖြင့် ပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ခြင်း မပြုတော့ဘဲ ယင်းအလုပ်ကို လုပ်ကိုင်ခဲ့သည်။ အန်တိုနီယာသည် Transcend ကိုယ်ကာယ လေ့ကျင့်ရေး ခန်းမတွင် အနောက်တိုင်း လက်ဝှေ့နှင့် ကာယနည်းပြ တစ်ဦးအနေဖြင့် နှစ်နှင့်ချီကာ အလုပ်လုပ်ခဲ့ဖူးသည်။ ထိုသို့ လုပ်ကိုင်ခဲ့ခြင်းကပင် ၎င်းကို ONE Championship နှင့် နီးစပ်စေခဲ့ခြင်းလည်း ဖြစ်သည်။ ONE Championship ၏ သတင်းစာရှင်းလင်းပွဲ တစ်ခုကို အဆိုပါ လေ့ကျင့်ရေးခန်းမတွင် ပြုလုပ်ခဲ့ရာ လက်ဝှေ့ချန်ပီယံဟောင်း တစ်ဦးဖြစ်သော အန်တိုနီယာကို သတိပြုမိခဲ့ပြီး ပြိုင်ပွဲတွင် ပါဝင်ထိုးသတ်ရန် ကမ်းလှမ်းခံခဲ့ရခြင်း ဖြစ်သည်။

၄။ လေအေးပေးစက် ပြုပြင်သူ တီရယ်ထန်းပြီးခဲ့သည့် နှစ်ကမှ ONE Championship တွင် ပွဲထွက်ခဲ့သော်လည်း ပါဝင်ယှဉ်ပြိုင်သည့် နှစ်ပွဲစလုံးကို အနိုင်ရထားသူ “နဂါးခြေထောက်” တီရယ်ထန်း တွင်လည်း တစ်ချိန်က ချင်းနပမ်းနှင့် အနောက်တိုင်း နပမ်းပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကာ အောင်မြင်မှု အထိုက်အလျောက် ရှိခဲ့သူ ဖြစ်သော်လည်း မိသားစု စားဝတ်နေရေးအတွက် ကိုယ်ခံပညာ အားကစားကို အဆက်ဖြတ်ကာ ပုံမှန်ဝင်ငွေ ရမည့် အလုပ်ကို လုပ်ကိုင်ခဲ့ရသည်။ တီရယ်ထန်သည် နယူးယောက်မြို့တွင် လေအေးပေးစက်များ ပြုပြင်သည့် အလုပ်ကို ဝင်ရောက် လုပ်ကိုင်ခဲ့ရာ ဝင်ငွေကောင်းခဲ့သူ ဖြစ်သည်။

သို့သော် အောင်လအန်ဆန်နှင့် ဆုံတွေ့ပြီးနောက်တွင် တီရယ်ထန်းသည် ပြတ်သားသည့် ဆုံးဖြတ်ချက်ကိုချနိုင်ခဲ့သည်။ တီရယ်ထန်းသည် အောင်လအန်ဆန်ကို အတုယူကာ ၎င်း၏ ဝင်ငွေကောင်းသည့် ပုံမှန်အလုပ်ကို စွန့်လွှတ်လိုက်ကာ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား လောကထဲ ခြေစုံပစ်ဝင်ခဲ့သည်။ အားလုံးကို စွန့်လွှတ်ပြီး ရွေးချယ်ခဲ့သည့် တစ်ခုတည်းသော ရည်မှန်းချက် အတွက် တီရယ်ထန်းသည် အပြင်းအထန် လေ့ကျင့်ကာ အကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်လာစေရန် ကြိုးစားခဲ့သည်။ ONE: Warrior’s Code ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် မြန်မာစံတော်ချိန် ၅ နာရီ အချိန်တွင် ONE Championship ၏ Facebook၊ Youtube ၊ ONE Super Apps၊ MNTV နှင့် Skynet Sports 3 တို့တွင် တိုက်ရိုက်ကြည့်ရှူ့နိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *