အာရှ၏ အခမ်းနားဆုံး ကိုယ်ခံပညာ ပြိုင်ပွဲများကို ကျင်းပပေးနေသည့် ONE Championship သည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ကိုယ်ခံပညာ ပြိုင်ပွဲကြီးနှစ်ပွဲကို ထိုင်းနှင့်ဖိလစ်ပိုင် နိုင်ငံများတွင် ကျင်းပခဲ့သည်။ ဖေဖော်ဝါရီလအတွင်းတွင်လည်း အလားတူ ကိုယ်ခံပညာ ပွဲကောင်းများ ကျင်းပရန် စီစဉ်ထားပြီး ပထမဆုံး ပွဲမှာ အင်ဒိုနီးရှား နိုင်ငံတွင် ကျင်းပမည့် ONE: Warrior’s Code ပြိုင်ပွဲ ဖြစ်သည်။ ONE ဖယ်သာဝိတ်တန်း မွေထိုင်း ကမ္ဘာ့ချန်ပီယံ လုပွဲ အပါအဝင် ပွဲကြီးပွဲကောင်း များစွာ ပါဝင်သည့် ယင်းပြိုင်ပွဲကို အဘယ်ကြောင့် ပရိသတ်များ လက်လွတ်မခံ သင့်သနည်း ဆိုသည်အား သုံးသပ်တင်ပြ လိုက်ရပါသည်။
၁။ ဖယ်သာဝိတ်တန်း မွေထိုင်း ကမ္ဘာ့ချန်ပီယံ ထွက်ပေါ်နိုင်ခြင်း
Warrior’s Code ပြိုင်ပွဲတွင် အဓိက ခေါင်ပွဲတွင် ထိုင်းကစားသမား နှစ်ဦးဖြစ်သည့် Petchmorakot Petchyindee Academy နှင့် Detrit Sathian Muaythai တို့သည် ONE Championship ၏ ပထမဆုံး ဖယ်သာဝိတ်တန်း မွေထိုင်း ကမ္ဘာ့ချန်ပီယံ ခါးပတ်အတွက် ယှဉ်ပြိုင် ကြမည် ဖြစ်သည်။ အဆိုပါ ပွဲကို ယခင်က Petchmorakot နှင့် ရုရှားကစားသမား Jamal Yusupov တို့ဖြင့် တည်ထား သော်လည်း ပြိုင်ပွဲ ကျင်းပရန် တစ်ပတ်အလိုတွင် ဒဏ်ရာ ပြဿနာကြောင့် တွဲဆိုင်းအပြောင်းအလဲ ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ယခု ကစားသမား နှစ်ဦး စလုံးသည် သတ် ၈ သတ် အားကစား၏ မွေးရပ်မြေမှ ဖြစ်သဖြင့် ပိုမို အကြိတ်အနယ် ရှိလာနိုင်သည့်ပွဲ ဖြစ်သည်။

Petchmorakot သည် WBC, Phoenix Fight စသည့် ပြိုင်ပွဲများတွင် ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ဖူးသလို ထိုင်းနိုင်ငံ၏ စူပါလိုက်ဝိတ်တန်းနှင့် စူပါ ဘင်တန်ဝိတ်တန်း တို့တွင်လည်း ချန်ပီယံ ဖြစ်ခဲ့ဖူးသည်။ ONE Championship တွင် Kickboxing ကဝေကြီး Giorgio Petrosyan ကို အနိုင်ရခဲ့ ဖူးသော်လည်း တရားမဝင် ချုပ်ကွက် အသုံးပြုခဲ့မိ သဖြင့် ရလဒ်ပယ်ဖျက် ခံရပြီး နောက်တစ်ခေါက် ပြန်ထိုးခဲ့ရာတွင် အမှတ်ဖြင့် ရှုံးနိမ့်ခဲ့ရသည်။ မျက်နှာသစ် ကစားသမား Detrit မှာ ONE Championship တွင် ယှဉ်ပြိုင်ခဲ့ဖူးခြင်း မရှိသော်လည်း ထိုင်းပြည်တွင်းတွင် လက်စွမ်းပြနေသူ ဖြစ်သဖြင့် ပရိသတ်များ လက်လွတ်မခံ သင့်သည့် ပွဲကောင်း တစ်ပွဲ ဖြစ်သည်။

၂။ အောင်လအန်ဆန် အတွက် ပြိုင်ဘက် ထွက်ပေါ်နိုင်ခြင်း

ယခုပြိုင်ပွဲ၏ ဒုတိယခေါင်ပွဲ ဖြစ်သော ဘရာဇီး ကစားသမား Leandro “Leo” Ataides နှင့် နယ်သာလန် ကစားသမား “The Dutch Knight” de Ridder တို့၏ပွဲသည် စိတ်ဝင်စားဖွယ် ကောင်းသည့် ပွဲတစ်ပွဲ ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် အဆိုပါပွဲသည် ONE မစ်ဒယ်ဝိတ်တန်းတွင် လက်စွမ်း အကောင်ဆုံး ကစားသမား နှစ်ဦး၏ပွဲ ဖြစ်ရုံသာမက အနိုင်ရသည့် ကစားသမားသည် ယင်းဝိတ်တန်း၏ ချန်ပီယံ ခါးပတ်ကို သိမ်းပိုက်ထားသော “မြန်မာစပါးအုံး” အောင်လအန်ဆန် ကို စိန်ခေါ်ခွင့်ရနိုင်ချေ ရှိနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယင်းပွဲသည်လည်း ပရိသတ်များ လက်လွတ်မခံ သင့်သည့် ပွဲကောင်းတစ်ပွဲ ဖြစ်သည်။

Ataides သည် ONE Championship တွင် အောင်လအန်ဆန် ရင်ဆိုင်ခဲ့ဖူးသည့် ပြိုင်ဘက် အများအပြားနှင့် အစမ်းသပ် ခံခဲ့ပြီးသူ ဖြစ်ကာ ယခင် ချန်ပီယံဟောင်း Vitaly Bigdash ကိုပင် အလဲထိုး/ဒိုင်ပွဲရပ် ရလဒ်ဖြင့် အနိုင်ယူခဲ့သူ ဖြစ်သည်။ အလားတူ De Ridder မှာလည်း ၎င်း၏ ကစားသမား ဘဝတစ်လျှောက် ရှုံးပွဲလုံးဝ မရှိသေးသူ ဖြစ်သလို မည်သည့် ပြိုင်ဘက်ကိုမျှ အမှတ်ဖြင့် ဆုံးဖြတ်ရသည့် အဆင့် အထိ ဆွဲမခေါ်ဘဲ ပွဲချိန်အတွင်း အလဲထိုး/ဒိုင်ပွဲရပ် ဖြစ်စေ၊ ချုပ်ကွက်ဖြင့် ဖြစ်စေ အနိုင်ယူခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ တွေ့ဆုံမှုသည် ခေါင်ပွဲထက်ပင် စိတ်ဝင်စားဖွယ် ပိုကောင်းနေသည့် ပွဲတစ်ပွဲ ဖြစ်သည်။

၃။ ချန်ပီယံဟောင်းကြီးနှင့် ရှုံးပွဲမရှိ ကစားသမားတို့ ထိပ်တိုက်တွေ့မှု

Warrior’s Code ပြိုင်ပွဲတွင် ခေါင်ပွဲနှင့် ဒုတိယ ခေါင်ပွဲတို့က စိတ်ဝင်စားဖွယ် ပွဲကြီးပွဲကောင်းများ ဖြစ်နေသဖြင့် အခြားတွဲဆိုင်း များတွင် ပရိသတ် စိတ်ဝင်စားမှု လျော့နည်း သွားမည်လားဟု သံသယ ဖြစ်စရာ မရှိပေ။ အဘယ်ကြောင့် ဆိုသော် ပွဲတိုင်းနီးပါးသည် တနည်းတဖုံ စိတ်ဝင်စားဖွယ် များဖြင့် ပြည့်နှက်နေ သောကြောင့် ဖြစ်သည်။ ဥပမာ ပြရလျှင် De Ridder ကဲ့သို့ ကစားသမား ဘဝ တစ်လျှောက် လုံးဝ ရှုံးပွဲမရှိခဲ့ဘဲ ပွဲတိုင်း အနိုင်ရခဲ့သည့် မော်လ်ဒိုဗာ ကစားသမား Iuri Lapicus နှင့် ONE ဖယ်သာဝိတ်တန်း ချန်ပီယံဟောင်း ဝါရင့် ကစားသမားကြီး Marat “Cobra” Gafurov တို့၏ ထိပ်တိုက်တွေ့ဆုံ မှုမျိုးသည် ပရိသတ်များ လက်လွတ်မခံသင့်ဆုံး တွဲဆိုင်း စာရင်းတွင် ပါဝင်နေသည်။

အသက် ၂၄ နှစ်သာ ရှိသေးသည့် မော်လ်ဒိုဗာ ချန်ပီယံဟောင်း Lapicus သည် ဒေသတွင်း ပြိုင်ပွဲများတွင် လက်စွမ်းပြနိုင် ခဲ့သဖြင့် အီတလီ နိုင်ငံမှ Patrosyan ညီအစ်ကိုများ၏ အဖွဲ့သို့ ခေါ်ယူခြင်း ခံခဲ့ရသည့် ကစားသမား ဖြစ်သည်။ အနိုင်ရသည့် ပွဲတိုင်းကို အလဲထိုး/ဒိုင်ပွဲရပ် ဖြစ်စေ၊ ချုပ်ကွက်ဖြင့် ဖြစ်စေ အနိုင်ယူခဲ့သည့် Lapicus သည် ၎င်း၏ ဒုတိယမြောက် ONE Championship ပွဲတွင် ချန်ပီယံဟောင်းနှင့် စမ်းသပ်ခံရမည် ဖြစ်သည်။ ONE ဖယ်သာဝိတ်တန်း ချန်ပီယံ ခါးပတ်ကို ၂ နှစ်နီးပါး သိမ်းပိုက်ခဲ့သည့် Gafurov ကလည်း အသက် ၃၅ နှစ် ရှိသည့်တိုင် အကောင်းဆုံး လက်စွမ်း ထိန်းသိမ်းထား သဖြင့် သူတင်ကိုယ်တင် ရင်ဆိုင်ရမည့်ပွဲ ဖြစ်သည်။

၄။ တစ်ပွဲတည်းသော အမျိုးသမီး ပွဲကောင်း ပါဝင်နေခြင်း

ယခုပြိုင်ပွဲတွင် ထူးခြားချက် တစ်ခုအနေဖြင့် အမျိုးသမီး ကစားသမားများ ထိပ်တိုက်တွေ့သည်ပွဲ တစ်ပွဲသာ ထည့်သွင်းထား သည်ကို တွေ့ရသည်။ သို့သော် တစ်ပွဲဆို တစ်ပွဲ ဆိုသလိုပင် စိတ်ဝင်စားဖွယ် ကောင်းသည့် ပွဲကြီးပွဲကောင်း ဖြစ်နေသည်။ အဆိုပါ ပွဲမှာ ONE Warrior Series မှ တဆင့် တက်လာသည့် နယူးဇီလန် ကစားသမား Nyrene “Neutron Bomb” Crowley နှင့် ရှုံးပွဲမရှိ ဂျပန် လူငယ် ကစားသမား Itsuki “Strong Heart Fighter” Hirata တို့ ထိပ်တိုက်တွေ့သည့် ပွဲ ဖြစ်သည်။ Hirata သည် မူလက ဗီယက်နမ် အားကစားမယ် Bi “Killer Bee” Nguyen နှင့် တွေ့ဆုံရန် လျာထားသော်လည်း ဒဏ်ရာ ပြဿနာကြောင့် လူစားလဲခဲ့ခြင်း ဖြစ်သည်။

ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားကို ၂ဝ၁၇ ခုနှစ်မှ စတင် ယှဉ်ပြိုင်ခဲ့သော်လည်း Bali MMA ၏ လေ့ကျင့်ပေးမှုကြောင့် ထူးချွန်သည့် ကစားသမား ဖြစ်လာသူ Crowley သည် OWS ပြိုင်ပွဲတွင် ယှဉ်ပြိုင်ရင်း ONE Championship သို့ ခေါ်ယူခြင်း ခံခဲ့ရသည်။ အချိန်ပိုင်း အဆိုတော် အဖြစ်လည်း အသက်မွေးသူ Crowley သည် ဂျာနယ်လစ်ဇင်ဖြင့် ဘွဲ့ရထားသူ ဖြစ်ပြီး ငယ်စဉ်က ရပ်ဘီ ကဲ့သို့ အားကစားမျိုးကို ထူးချွန်စွာ ကစားခဲ့သဖြင့် ခန္ဓာကြံ့ခိုင်မှု ပြည့်ဝသည်။ ၎င်း၏ပြိုင်ဘက် အသက် ၂ဝ သာ ရှိသေးသူ Hirata မှာလည်း ပရော်ဖက်ရှင်နယ် ဘဝကို ပြီးခဲ့သည့်နှစ်ကမှ ONE Championship တွင် စတင်ခဲ့ပြီး ၂ ပွဲဆက်တိုက် အနိုင်ရထားသူ ဖြစ်သဖြင့် အကြိတ်အနယ် ရှိမည့် ပွဲကောင်းတစ်ပွဲ ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *