မြန်မာ့လက်ဝှေ့ လောကတွင် “ဘက်တူလျှင် လူမရွေးဘူး” ဟူသည့် စကားနှင့် လိုက်ဖက် အညီဆုံး ကစားသမား တစ်ဦး ရှိသည်။ ယင်းကစားသမားမှာ ဖယ်သာဝိတ်တန်း (၅၇ ကီလို) တွင် အကောင်းဆုံး ကစားသမား တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရသည့် လက်ဝှေ့ကျော် မိုက်ရိုင်း (ခ) စောဒါပို့ ဖြစ်သည်။ မိုက်ရိုင်းသည် အခြား လက်ဝှေ့သမား အများစုနှင့် ယှဉ်လျှင် အလုံးအထည် လူကောင် အနည်းငယ် သေးသော်လည်း ၎င်းနှင့်တန်းတူ ဝိတ်တန်းတွင် ယှဉ်နိုင်သူ ရှားပါးသည့် ထိပ်တန်း ကစားသမား ဖြစ်သည်။

ရိုးရာလက်ဝှေ့ အလွတ်တန်း မြန်မာပြည် ချန်ပီယံဟောင်း စောငမန်း၏ ရွှေဖူးကလပ်မှ ကစားသမား တစ်ဦးဖြစ်သော မိုက်ရိုင်းသည် နည်းစနစ်ပိုင်း ပြည့်ဝသည့် လက်ဝှေ့သမား တစ်ဦးဖြစ်ပြီး မွေထိုင်း အားကစား ဖြင့်လည်း ဆီးဂိမ်း ရွှေတံဆိပ် ရခဲ့ဖူးသူ ဖြစ်သဖြင့် သတ်ကွက် စုံလင်စွာ ကစားနိုင်သူ ဖြစ်သည်။ ခြေ၊ လက်၊ ဒူး၊ တံတောင်များ အပြင် ခေါင်းတိုက်ချက် များကိုပါ သေသေသပ်သပ် ကစားနိုင်သူ ဖြစ်ပြီး ပြည်တွင်း ပြည်ပ ပြိုင်ဘက်များစွာကို ကြိုးဝိုင်းအတွင်း အလဲထိုး နိုင်ခဲ့သူလည်း ဖြစ်သည်။ ရိုးရာလက်ဝှေ့ ထပ်ဆင့် ရွှေခါးပတ် ချန်ပီယံလည်း ဖြစ်သည့် မိုက်ရိုင်းက ၎င်း၏ ငယ်ဘ၀ ဖြတ်သန်းမှုများ အကြောင်းကို ပြန်ပြောင်း ပြောပြခဲ့သည်။

“ကျွန်တော့်ကို ကရင်ပြည်နယ်၊ ဘုရားသုံးဆူ နားက ရွာမှာ မွေးတယ်။ ငယ်ငယ်က ဆင်းရဲတော့ ကလေးဘ၀ ကတည်းက လယ်ထဲ ယာထဲ ဆင်းပြီး မိဘတွေနဲ့ အလုပ်လုပ်ခဲ့ ရတယ်။ အဲဒီကတည်းက မုန့်ဖိုးပဲဖိုးလေး ရအောင် ကလေး လက်ဝှေ့ပွဲတွေ လိုက်ထိုးရင်းနဲ့ လက်ဝှေ့ကို ဝါသနာပါလာတာ။ မိုက်ရိုင်းဆိုတဲ့ နာမည်ကို ရွာလူကြီးကပဲ ပေးတာ။ ပိုပြီး မှတ်မိ လွယ်အောင်ပေါ့။ ကျွန်တော်ကလည်း အဲဒီ နာမည်ကို ကြိုက်တယ်”ဟု မိုက်ရိုင်းက ၎င်း၏ ငယ်ဘ၀ တစိတ်တဒေသကို ပြောပြခဲ့သည်။

မိုက်ရိုင်းသည် အသက် ၁၉ နှစ် အရွယ်တွင် လက်ဝှေ့လောကသို့ ခြေစုံပစ် ဝင်ရန်အတွက် ဘားအံသို့ ပြောင်းရွှေ့နေထိုင် ခဲ့သည်။ ယင်းအချိန်မှ စတင်ကာ လက်ဝှေ့ပွဲများကို တစိုက်မတ်မတ် ပါဝင်ယှဉ်ပြိုင် လာခဲ့သည်မှာ ယခုဆိုလျှင် ပွဲပေါင်း ၇ဝ ကျော် ယှဉ်ပြိုင် ထိုးသတ် ခဲ့ပြီး ဖြစ်သည်။ ထို့ပြင် ONE Championship ပြိုင်ပွဲတွင်လည်း ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမား အဖြစ် ပါဝင် ယှဉ်ပြိုင်ခဲ့ဖူးပြီး နိုင်ပွဲလည်း ရရှိခဲ့သူ ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ယှဉ်ပြိုင်ရသည့် အတွေ့အကြုံ ကိုလည်း မိုက်ရိုင်းက အောက်ပါ အတိုင်း ပြောပြခဲ့သည်။

“One Championship မှာ ထိုးရတာ ကျွန်တော်တို့ ရိုးရာနဲ့တော့ မတူဘူး ပေါ့နော်။ ခေါင်းတိုက်လို့လည်း မရဘူး။ လဲတာတွေ ဘာတွေလည်း ထိုးလို့ရတယ် ဆိုတဲ့အတွက် ကျွန်တော်တို့ ရိုးရာက လာတဲ့ သူတွေ နည်းနည်း ခက်တာပေါ့။ သိပ်တော့ အများကြီး ပြောင်းလဲ လေ့ကျင့်စရာ မရှိပါဘူး။ မြေပြင်ပေါ် ကျတဲ့အခါ နပန်းလုံး နိုင်အောင်ပဲ လေ့ကျင့်ရတာ” ဟု မိုက်ရိုင်းက ဆိုသည်။

မိုက်ရိုင်း အတွက် ထူးခြားသည့် အတွေ့အကြုံမှာ မြန်မာ့ လက်ရွေးစင် မွေထိုင်း ကစားသမား အဖြစ် ၂၀၁၃ ဆီးဂိမ်း ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခဲ့ဖူးခြင်း ဖြစ်သည်။ မိုက်ရိုင်းသည် ၅၄ ကီလိုတန်းတွင် စောဒါပို့ ဆိုသည့် အမည်ဖြင့် ပါဝင် ယှဉ်ပြိုင်ခဲ့ရာ ဗိုလ်လုပွဲတွင် ဖိလစ်ပိုင် ကစားသမားကို အနိုင်ယူပြီး ချန်ပီယံ ရွှေတံဆိပ် ဆွတ်ခူးခဲ့သည်။ ထိုတင်မကဘဲ ယင်းပြိုင်ပွဲ မတိုင်ခင် ကျင်းပသည့် ဆီးဂိမ်းစ် အကြိုပြိုင်ပွဲတွင်လည်း မိုက်ရိုင်းက ရွှေတံဆိပ် နှစ်ခု ရရှိခဲ့သေးသည်။ ဆီးဂိမ်းပြိုင်ပွဲတွင် မိုက်ရိုင်းနှင့်အတူ ထွန်းထွန်းမင်း၊ တူးတူး၊ စိုးလင်းဦး စသည့် ကစားသမားများလည်း ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည်။

“ငယ်ငယ်ကတည်းက ကိုဝင်းထွန်းတို့ ရွှေခါးပတ် လုတဲ့ပွဲတွေကို တီဗွီကနေကြည့်ပြီး အရမ်းအားကျခဲ့တာ။ ငါလည်း တစ်နေ့ကျရင် အဲဒီလို ရွှေခါးပတ်တွေ ယူနိုင်တဲ့သူ ဖြစ်ရမယ် ဆိုပြီး ရည်မှန်းချက် ထားခဲ့တယ်။ အဲဒါကြောင့် ရွှေခါးပတ် ချန်ပီယံလုပွဲတွေ ဝင်ပြိုင်ခဲ့ပြီး ဆုတွေလည်း ရခဲ့တယ်” ဟု မိုက်ရိုင်းက ပြောပြသည်။

မိုက်ရိုင်းသည် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ်က ကြီးမှူး ကျင်းပသော ရိုးရာ လက်ဝှေ့ ရွှေခါးပတ် ချန်ပီယံလုပွဲ ကြီးများကို ဝင်ရောက်ယှဉ်ပြိုင် ခဲ့ရာ ၂ဝ၁၅ နှင့် ၂ဝ၁၆ ခုနှစ် ၂ နှစ်ဆက်တိုက် ရွှေခါးပတ်များ သိမ်းပိုက်ကာ ထပ်ဆင့် ချန်ပီယံ ဖြစ်လာခဲ့သည်။ မိုက်ရိုင်းသည် ၂ဝ၁၅ ခုနှစ်က ၅၄ ကီလိုတန်းတွင် ပါဝင်ယှဉ်ပြိုင် ခဲ့ပြီး ဗိုလ်လုပွဲတွင် မိုးဟိန်း (ဘိလပ်မြေ စက်ရုံ) ကို အလဲထိုးကာ ချန်ပီယံ ဖြစ်ခဲ့သည်။ ၂ဝ၁၆ တွင်မူ ၅၇ ကီလိုတန်းသို့ တက်ထိုးခဲ့ပြီး နက္ခတ်အောင် (တောင်ကလေး) ကို အမှတ်ဖြင့် နိုင်ကာ ချန်ပီယံ ထပ်ဖြစ်ခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ပြီး မိုက်ရိုင်းက ၎င်း၏ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ပြိုင်ဘက်မှာ ONE Championship တွင် ထိပ်တိုက်ရင်ဆိုင် ခဲ့ရဖူးသူ ရဲသွေးနီ ဖြစ်သည်ဟု ဆိုသည်။ မိုက်ရိုင်းနှင့် ရဲသွေးနီတို့သည် ကစားသမား ဘဝ တစ်လျှောက် ခြောက်ကြိမ် တွေ့ခဲ့ဖူးရာတွင် ငါးကြိမ်က ရိုးရာ လက်ဝှေ့ ကြိုးဝိုင်းထဲတွင် တွေ့ခဲ့ခြင်း ဖြစ်ပြီး တစ်ကြိမ်ကို ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား ကြိုးဝိုင်းထဲတွင် တွေ့ဆုံ ခဲ့ရသည်။ ရိုးရာ လက်ဝှေ့တွင် တစ်ယောက် တစ်ကြိမ်စီ အနိုင်ရခဲ့ကြပြီး ကျန်သုံးကြိမ်ကို အရှုံးအနိုင် မပေါ်ဘဲ သရေပွဲ အဖြစ်သာ ပြီးဆုံးခဲ့ရသည်။ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား တွင်တော့ ရဲသွေးနီက အမှတ်ဖြင့် အနိုင်ရထားသည်။

“မွေထိုင်းရော MMA ရော ကစားခဲ့ဖူးပေမယ့် ကျွန်တော့် အမြင့်ဆုံး ရည်မှန်းချက်ကို ပြောပါ ဆိုရင်တော့ ရိုးရာလက်ဝှေ့ မှာပဲ ရွှေခါးပတ်တွေ သိမ်းပိုက်နိုင်တဲ့ ပထမတန်း ကစားသမား တစ်ယောက် ဖြစ်ချင်တာပါ။ ရိုးရာက လာတာဆိုတော့ ရိုးရာမှာပဲ အောင်မြင်တဲ့သူ ဖြစ်ချင်တယ်”ဟု မိုက်ရိုင်းက ဖွင့်ဟပြောကြားခဲ့သည်။ONE: Fire & Fury ပြိုင်ပွဲကို ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ ၌ မြန်မာစံတော်ချိန် ၄ နာရီ ၃၀ မိနစ် အချိန်တွင် ONE Championship ၏ Facebook၊ Youtube၊ ONE Super Apps ၊ MNTV နှင့် Skynet Sports 3 တို့တွင် တိုက်ရိုက်ကြည့်ရှူ့နိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *