ကမ္ဘာတလွှားမှ ကိုယ်ခံပညာရှင် ပေါင်းစုံ ပါဝင်ယှဉ်ပြိုင် နေသည့် ONE Championship ပြိုင်ပွဲကြီးတွင် မြန်မာ့လက်ဝှေ့ သမားများလည်း လက်စွမ်းပြ ပါဝင်ယှဉ်ပြိုင်လျက် ရှိကြသည်။ ယင်းလက်ဝှေ့သမားများ ထဲတွင် နာမည်ကျော် လူငယ် လက်ဝှေ့သမား တစ်ဦး ဖြစ်သည့် ရဲသွေးနီလည်း အပါအဝင် ဖြစ်သည်။ ရဲသွေးနီသည် ONE Championship တွင် ၅ ပွဲ ပါဝင်ယှဉ်ပြိုင် ခဲ့ရာ ပွဲဦးထွက် တစ်ပွဲသာ ရှုံးနိမ့်ခဲ့ပြီး ၄ ပွဲဆက်တိုက် အနိုင်ရထားသူ ဖြစ်သည်။ ယင်းသို့ နိုင်ပွဲများ ဆက်တိုက် ရရှိအောင် ရဲသွေးနီ မည်သည့် တိုက်ကွက်များကို အဓိက အားပြု ကစားခဲ့သည် ဆိုသည်ကို လေ့လာသည့် အခါ အောက်ပါအတိုင်း တွေ့ရသည်။

၁။ မနားတမ်းထွက်သည့် လက်သီးတွဲလုံးများ

မြန်မာ့လက်ဝှေ့ လောကတွင် ရဲသွေးနီ ဟူသည့် အမည်ကို ကြားသည်နှင့် လူတိုင်း အတွေးထဲတွင် ပြိုင်ဘက်ကို ဘယ်ညာ လက်သီး တွဲလုံးများ ရဲရဲတင်းတင်း မနားတမ်း ဝင်ထိုးတတ်သည့် ကစားသမားကို ပြေးမြင်မိကြမည် ဖြစ်သည်။ ကြိုးဝိုင်းထဲတွင် ရဲသွေးနီ၏ ကိုယ်ပိုင်ဟန်ဖြစ်သော ခါးလေးကုန်းကာ ကုန်းကာဖြင့် လက်ဖျံနှစ်ဘက်က ဦးခေါင်းကို ကာကွယ်သည့် ပုံစံက ၎င်း၏ ပြိုင်ဘက်များကို ပစ်မှတ် နယ်မြေကျဉ်းမြောင်း သွားစေသည့် နည်းစနစ် ဗျူဟာတစ်ခုဖြစ်သည်။

“သူတို့ဘာမှ မလုပ်နိုင်ခင်က ကိုယ်က မြန်မြန်ထိုးလိုက်ဖို့လိုတယ်။ လက်သီးက မြန်သလို ပြင်းထန်ဖို့လည်းလိုတယ်။ ကျွန်တော်ကတော့ တိုက်စစ်ပဲ အမြဲကစားပါတယ်။ ပြိုင်ဘက်က ဘာမှမလုပ်နိုင်ခင်က ကိုယ်က သူ့ကိုနာအောင်ထိုးရမယ်။ ခဏ ခဏနာသွားရင် သူက အရှုံးပေးလိမ့်မယ်။ ကျွန်တော်ကတော့ လျင်လျင်မြန်မြန် တိုက်စစ်ဆင်ပြီး အနိုင်ယူရတာကိုကြိုက်ပါတယ်”ဟု ရဲသွေးနီက ဆိုသည်။ 

ရဲသွေးနီသည် ကြိုးဝိုင်းအတွင်း ၎င်းယှဉ်ပြိုင် ထိုးသတ်ရသည့် အချီတိုင်းတွင် ပြိုင်ဘက်ကို မြန်ဆန် ပြင်းထန်သည့် လက်သီးချက်များ မနားတမ်း ထိုးနေတတ်သူဖြစ်သည်။ အနာခံပြီး ရဲရဲဝင် ရဲရဲတိုး ကစားတတ်သူ တစ်ဦး ဖြစ်သည့် အတွက် ၎င်း၏ ပွဲများသည် အပြန်အလှန် လက်သီးချက်များဖြင့် စိတ်လှုပ်ရှားဖွယ် အကြိတ်အနယ် ရှိတတ်သည်။ 

၂၀၁၇ ခုနှစ်တွင် ကျင်းပပြုလုပ်သည့် ONE: Hero’s Dream ပြိုင်ပွဲတွင် စောသားငယ်ကို အလဲထိုးခဲ့သည့် ပွဲ၌ ယင်းဘယ်ညာလက်သီး တွဲလုံးများက အဓိကအရေးပါသည့် သော့ချက် ဖြစ်ခဲ့သည်။ ဘေးတစ်လုံး မေးတစ်လုံးဟု ပရိသတ်များက ပြောကြသည့် ရဲသွေးနီ၏ လက်သီး ထိုးဟန်သည် ပြိုင်ဘက်၏ အကာအကွယ်မဲ့နေသော နေရာတိုင်းကို မနားတမ်း ပစ်ထိုးတတ်သဖြင့် ခံနိုင်ရည် နည်းသော နေရာများကို ဆက်တိုက် ထိပါက ကြာကြာတောင့် မခံနိုင်ဘဲ ကြမ်းပြင်နှင့် မိတ်ဆက် ကြရသည်ချည်း ဖြစ်သည်။ ရဲသွေးနီ အမှတ်ဖြင့် အနိုင်ရခဲ့သော မိုက်ရိုင်း၊ စောမင်းမင်း၊ ပတ်ကျော်လင်းနိုင် တို့နှင့် ပွဲများတွင်လည်း အဆိုပါ လက်သီးချက် များကြောင့် ပြိုင်ဘက်ထက် အမှတ်အသာစီး ရခဲ့ခြင်းဟု ဆိုနိုင်သည်။

၂။ အပိုင်ချုပ်ပြီး တိုက်သည့် ဒူးတိုက်ချက်

ရဲသွေးနီ၏ နောက်ထပ်အားသန်သည့် လက်နက်တစ်ခုမှာ ပြိုင်ဘက်ကို ယိုင်ဆင်းသွားစေသည့် အားပါသော ဒူးတိုက်ချက်များ ဖြစ်သည်။ ရဲသွေးနီသည် မြန်မာ့ရိုးရာ လက်ဝှေ့သမား ပီသစွာ တံတောင်နှင့် ဒူးလည်း အားမနည်းကြောင်း ရံဖန်ရံခါ ထုတ်ပြလေ့ရှိသည်။ ရဲသွေးနီ အဓိက အားသန်သည့် ဒူးတိုက်ချက်မှာ ပြိုင်ဘက်၏ လည်ဂုတ်ကို မိမိရရချုပ်ကိုင်ပြီး မျက်နှာကို ဒူးဖြင့်ပင့်တိုက်သည့် တိုက်ကွက်ဖြစ်သည်။ တစ်ခါတစ်ရံ ဒူးပျံကို သုံးတတ်သေးသော်လည်း ပွဲအများစုတွင် ပင့်ဒူးတိုက်ချက်ကိုသာ အသုံးများသည်။

ရဲသွေးနီနှင့် စောသားငယ်တို့ပွဲ၌ ပထမအချီ ၃ မိနစ်နှင့် ၅ဝ စက္ကန့်တွင် ပြိုင်ဘက် စောသားငယ်ကို အလဲထိုးနိုင်ခဲ့ပြီး ၎င်း၏ ကိုယ်ပိုင်ဟန်ဖြစ်သော လက်သီးတွဲလုံးအပြင် ဒူးတိုက်ချက်များကိုပါ ရဲရဲတင်းတင်းသုံးခဲ့သည်။၎င်းသည် သတိထားရမည့် ပြိုင်ဘက်ဖြစ်ပါက ထိချက်ကောင်းသည့် လက်သီးကို အသုံးများပြီး လက်ရည်သာသည့် ပွဲများတွင် ဒူးတိုက်ချက်များ  ထုတ်သုံးလေ့ရှိသည်။

၃။ ရွှေခါးပတ် ယူပေးခဲ့သည့် တံတောင်ရိုက်ချက်

ရဲသွေးနီသည် တောင်ကလေးကလပ်မှ ထွက်ရှိသည့် လက်ဝှေ့သမားတစ်ဦး ပီသစွာ လက်ဝှေ့ပညာကို စုံလင်စွာ တတ်မြောက် ထားသည်။ ရဲသွေးနီသည် ပြိုင်ဘက်ကို အငိုက်မိစေနိုင်သည့် လျို့ဝှက်လက်နက်တစ်ခု ပိုင်ဆိုင်ထားပြီး ယင်းမှာ မြန်ဆန်တိကျသည့် တံတောင်ရိုက်ချက်များ ဖြစ်သည်။ လူကောင်သေးပြီး ခြေဆံလက်ဆံ အားနည်းသဖြင့် ရဲသွေးနီ၏ တံတောင်ရိုက်ချက်များကို မြင်ရခဲ သော်လည်း အန္တရယ်ပေးနိုင်သည့် လက်နက်တစ်ခုဟု ပြိုင်ဘက်များက လက်ခံကြသည်။

ရဲသွေးနီ၏ တံတောင်အစွမ်းကို မြင်တွေ့ခွင့်ရခဲ့သည့် ပွဲမှာ ၂ဝ၁၅ ခုနှစ်အတွင်း အားကစား ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ်က ကြီးမှူးကျင်းပခဲ့သည့် ရွှေခါးပတ် ချန်ပီယံလုပွဲ ဖြစ်သည်။ ၅၁ ကီလိုတန်း ဗိုလ်လုပွဲ အဆင့်ကို တက်ရောက်ခွင့်ရခဲ့သည့် ရဲသွေးနီသည် ၎င်း၏ ကလပ်ဟောင်းဖြစ်သည့် မုဒုံသားကလပ်မှ လက်ဝှေ့သမား တိမ်တိုက်နှင့် ထိပ်တိုက်တွေ့ခဲ့သည်။ ၎င်း၏ ကစားဟန်ကို သိနေသည့် တိမ်တိုက်အား ရဲသွေးနီက လျို့ဝှက်လက်နက် ဖြစ်သော တံတောင်ရိုက်ချက်ဖြင့် အနိုင်ယူကာ ယင်းဝိတ်တန်း၏ ချန်ပီယံခါးပတ်ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။ONE: Fire & Fury ပြိုင်ပွဲကို ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ ၌ မြန်မာစံတော်ချိန် ၄ နာရီ အချိန်တွင် အစောပိုင်း (Lead Card) တွဲဆိုင်းများကို ONE Championship ၏ Facebook၊ Youtube နှင့် ONE Super Apps တို့တွင် တိုက်ရိုက် ကြည့်ရှူ့နိုင်ပြီး အဓိကတွဲဆိုင်းများကို ည ၇နာရီအချိန်တွင် MNTV နှင့် Skynet Sports 3 တို့တွင် တိုက်ရိုက်ကြည့်ရှူ့နိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *