ရှေးနှစ်ပေါင်း များစွာကတည်းက ပေါ်ထွန်းခဲ့သည့် မြန်မာ့ လက်ဝှေ့သည် မြန်မာနိုင်ငံတွင် ပရိသတ် စိတ်ဝင်စားမှု အမြင့်ဆုံး ကိုယ်ခံပညာ အားကစား တစ်ရပ် ဖြစ်သည်။ မြန်မာ လက်ဝှေ့သမား များသည် နိုင်ငံတကာ ပြိုင်ဘက်များနှင့် သွားရောက် ယှဉ်ပြိုင် နေကြသလို ONE Championship ကဲ့သို့ ဒေသတွင်း အကြီးကျယ်ဆုံး ကိုယ်ခံပညာ ပြိုင်ပွဲကြီး တွင်လည်း မြန်မာ လက်ဝှေ့ သမားများ ပါဝင် ယှဉ်ပြိုင် နေကြသည်။ မြန်မာ့ လက်ဝှေ့ကို ကမ္ဘာ့အရပ်ရပ်ရှိ ကိုယ်ခံပညာ ဝါသနာပါသည့် ပရိသတ်များကလည်း ယခုအခါ စိတ်ဝင်စားမှူ ပိုမိုများပြားလာခဲ့သည်။ ယင်းသို့ ယူဆကြရသည့် အခြေခံ အကြောင်းရင်း များစွာ ရှိသည့် အနက်မှ ထင်ရှားသည့် အကြောင်းရင်း အချို့ကို သုံးသပ်တင်ပြ လိုက်ရပါသည်။

၁။ ခေါင်းတိုက်ခြင်းကို ခွင့်ပြုသော အားကစား

မြန်မာ့ လက်ဝှေ့ကို ကမ္ဘာအရပ်ရပ်မှ ကိုယ်ခံပညာ ပရိသတ်များ စိတ်ဝင်စားရသည့် အဓိက အချက်တစ်ချက်မှာ သတ် ၉ သတ်ဟု ခေါ်သည့် ခန္ဓာကိုယ် အစိတ်အပိုင်း ၉ ခု အထိ သုံးကာ တိုက်ခိုက်နိုင်ခြင်း ဖြစ်သည်။ ခြေနှစ်ဘက်၊ လက်သီးနှစ်ဘက်၊ တံတောင် နှစ်ဘက်၊ ဒူးနှစ်ဘက် အပြင် ဦးခေါင်းကိုပါ အသုံးပြု တိုက်ခိုက်ခွင့် ပေးထားသည်။ ခေါင်းတိုက်၊ ခေါင်းရိုက်၊ ခေါင်းဆတ်ခြင်း များကို မြန်မာ့ လက်ဝှေ့တွင်သာ တွေ့နိုင်ပြီး ကမ္ဘာပေါ်မှ အခြားမည်သည့် တိုက်ခိုက်ရေး အားကစားနည်းတွင်မှ ခေါင်းတိုက်ခြင်းကို ခွင့်မပြုပေ။ ခေါင်းတိုက်ခြင်းသာ နည်းစနစ်မမှန်ပါက အန္တရာယ်များလွန်းသဖြင့် ပညာသားပါသည့် အကြမ်းစား ခေါင်းတိုက်၊ ခေါင်းရိုက်ခြင်း များကို မြန်မာ့ လက်ဝှေ့သမားများတွင်သာ တွေ့နိုင်သည်။

ခေါင်းတိုက်ခြင်းကို သီးခြားအသုံးပြုခြင်းထက် လက်ဝှေ့တွဲလုံးများတွင် တွဲဖက်အသုံးပြုခြင်းက ပိုမိုထိရောက်မှုရှိသည်ဟု ရိုးရာ လက်ဝှေ့ကျော်များက ယူဆကြသည်။ ONE Championship တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသည့် သွေးသစ်အောင် သည် ခေါင်းတိုက်၊ ခေါင်းရိုက်ခြင်းကို ကျွမ်းကျင်သည့် ကစားသမားတစ်ဦးဖြစ်ကာ မြန်မာ့လက်ဝှေ့ ပွဲများတွင် သွေးသစ်အောင်၏ ပညာသား ပါသော ခေါင်းတိုက်ချက် များကို တွေ့မြင်နိုင်သည်။ သို့သော် ONE Championship တွင် ခေါင်းတိုက်ခြင်းကို ခွင့်မပြုထား သဖြင့် ပွဲတစ်ပွဲတွင် ပြိုင်ဘက်ကို မတော်တဆ ခေါင်းတိုက်မိခဲ့သည့် သွေးသစ်အောင် အဝါကတ်ပြ သတိပေးခံခဲ့ရဖူးသည်။

(၂) ဗလာလက်သီးဖြင့် ထိုးသတ်ရခြင်း

မြန်မာ့လက်ဝှေ့ကို နိုင်ငံတကာက သိကြသည့် နောက်ထပ် နာမည် တစ်မျိုးမှာ ဗလာလက်သီး လက်ဝှေ့ (Bare Knuckles Boxing) ဟူ၍ ဖြစ်သည်။ လက်ဝှေ့သမား များသည် အခြား လက်ဝှေ့ အားကစားများကဲ့သို့ လက်ဝှေ့အိတ် မစွပ်ရဘဲ လက်တွင် ဆေးရုံသုံး ပတ်တီးကိုသာ ပတ်၍ ယှဉ်ပြိုင်ရသည်။ ယင်းပတ်တီး အောက်ခံတွင် မာကျောသော အခုအခံ ပစ္စည်းများ ထည့်သွင်းခွင့် မရှိသလို မူးမေ့စေသော ဆေးဝါးများ၊ ပူစပ်၍ ပြိုင်ဘက်ကို အန္တရာယ် ဖြစ်စေသော ဆေးများ သုတ်လိမ်းခွင့် မပြုပေ။ ပတ်တီးမှာ အနံ ၂ လက်မနှင့် အလျား ပေ ၂ဝ ထက် ပိုခွင့်မပြုသဖြင့် လက်သီးကို အပြည့်အဝ ကာကွယ်ထားခြင်း မရှိဘဲ ဗလာလက်သီးနှင့် ထိုးရသည်နှင့် မခြား ဖြစ်သည်။

ယင်းသို့ ဗလာလက်သီးနီးပါးဖြင့်ထိုးရသဖြင့် ပြိုင်ဘက်ကို ပိုမိုအထိနာစေပြီး အလွယ်တကူ ထိခိုက်ကွဲရှ စေတတ်သည်။ မြန်မာ့ လက်ဝှေ့ပွဲ အများစုတွင် သွေးမထွက်ဘဲ ပြီးဆုံးသွားသည့်ပွဲ နည်းပါးပြီး ပွဲအများစုကို သွေးအလူးလူးဖြင့် ထိုးသတ်ကြရသည်။ ONE Championship တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ပွဲတိုင်း အနိုင်ရခဲ့သည့် မြန်မာ့ လက်ဝှေ့ကျော် သပြေညိုသည် ယင်းသို့ လက်သီးပြင်းသည့် ကစားသမား ဖြစ်သဖြင့် “စက်လက်သီး ညိုကြီး” ဟုပင် ခေါ်ကြသည်။

(၃) အလဲထိုးနိုင်သူကိုသာ အနိုင်ပေးခြင်း

ပုံမှန်အားဖြင့် ရိုးရာ လက်ဝှေ့တွင် အလဲထိုးအနိုင်ရခြင်းအပြင် ဒိုင်ပွဲရပ်ဖြင့် နိုင်ခြင်း၊ ပြိုင်ဘက်ထုတ်ပယ် ခံရ၍ နိုင်ခြင်း၊ ပြိုင်ဘက် ဆက်လက် မယှဉ်ပြိုင်နိုင်၍ နိုင်ခြင်း၊ ပြိုင်ဘက် လာရောက် မယှဉ်ပြိုင် သဖြင့် နိုင်ခြင်းဟူ၍ ရှိသည်။ ဒိုင်ပွဲရပ်စေသည့် အကြောင်းရင်း များမှာ လက်ရည်မမျှခြင်း၊ ဒဏ်ရာ အနာတရ ဖြစ်ခြင်း၊ တစ်ချီအတွင်း ရေတွက်မှု ၃ ကြိမ် ပြည့်သွားခြင်းတို့ ဖြစ်သည်။ သို့သော် ပထမတန်း ပွဲအများစုတွင် ပြိုင်ဘက်ကို အလဲထိုးနိုင်မှသာ အနိုင်ရလေ့ရှိပြီး အလဲမထိုးနိုင်ပါက သရေပွဲဖြင့်သာ ပြီးဆုံးလေ့ ရှိသည်။

ယခုနောက်ပိုင်းတွင် အရှုံးအနိုင်ကို ပွဲတိုင်း ပြတ်ပြတ်သားသား ပေါ်လွင်စေရန် အမှတ်ဖြင့် ဆုံးဖြတ်သည့်စနစ်မျိုး World Lethwei Championship ကဲ့သို့ ပြိုင်ပွဲမျိုးတွင် စတင် ကျင့်သုံးနေပြီ ဖြစ်သော်လည်း အခြားပြိုင်ပွဲများတွင် အလဲထိုးစနစ်ကို ကျင့်သုံးနေဆဲ ဖြစ်သည်။ ONE Championship တွင် ပါဝင်ကစားခဲ့သည့် ရဲသွေးနီသည် ယင်းသို့ ရိုးရာလက်ဝှေ့တွင် ပြိုင်ဘက်များကို မကြာခဏ အလဲထိုးတတ်သဖြင့် “အလဲထိုးဘုရင်”ဟုပင် ချီးကျူးခံရသူ ဖြစ်သည်။

(၄) အနားတောင်း စနစ် ခွင့်ပြုခြင်း

ကမ္ဘာပေါ်ရှိ ကိုယ်ခံပညာ အားကစားပြိုင်ပွဲတိုင်းတွင် ကစားသမားတစ်ဦး ပြန်မထနိုင်တော့လျှင် အလဲထိုးခံရသည်ဟု သတ်မှတ်ကာ အရှုံးသတ်မှတ်လေ့ရှိသော်လည်း မြန်မာ့လက်ဝှေ့တွင် ယင်းသို့ သတ်မှတ်ခြင်း မရှိပေ။ လက်ဝှေ့သမား တစ်ဦးသည် ပဉ္စမအချီမှ လွဲ၍ ပထမအချီမှ စတုတ္တအချီအတွင်း ၂ မိနစ် အနားတောင်းပိုင်ခွင့် တစ်ကြိမ် ရရှိမည် ဖြစ်သည်။ အနားတောင်းခြင်းကို အမှတ်စဉ် တစ်ကြိမ် အဖြစ် သတ်မှတ်သော်လည်း အခြား လက်ဝှေ့ပြိုင်ပွဲ များတွင် ပုံမှန် အမှတ်စဉ် ရေသည့် အချိန်ထက် များစွာ အနားယူခွင့် ရသည်။ ထို့ကြောင့် မြန်မာ့ လက်ဝှေ့တွင် ကစားသမား တစ်ဦးကို ၂ ကြိမ် အလဲထိုး ရသကဲ့သို့ ဖြစ်နေသည်။

သို့သော် မြန်မာနိုင်ငံ ရိုးရာ လက်ဝှေ့အဖွဲ့ချုပ်၏ စည်းမျဉ်းများ အရ ကစားသမား တစ်ဦးသည် အလဲထိုး ခံရသဖြင့် အနားတောင်းပြီး ပြန်ထိုးသည့်အခါ နောက်တစ်ကြိမ် ထပ်မံ အလဲထိုး ခံရပါက ၃ လ နားရမည် ဖြစ်သည်။ ထို့ကြောင့် အနားတောင်းခြင်းကို အလွယ်တကူ မပြုလုပ်ရန် လက်ဝှေ့သမားများ အထူးသတိထား ကြသည်။ ONE Championship တွင် ပါဝင်ယှဉ်ပြိုင် ခဲ့သည့် လက်ဝှေ့ကျော် မိုက်ရိုင်း သည် သက်လုံရော၊ နည်းစနစ်ပါ အားကောင်းသူတစ်ဦး ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *