ONE Championship ၏ ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်သည် Hard Knocks 365 Gym ကစားဖော် UFC မစ်ဒယ်ဝိတ်တန်း ကစားသမား Derek Brunson နှင့် လိုက်ဟဲဗီးဝိတ် ကစားသမား Volkan Oezdemir တို့ကို Bodyshot Challenge ပြုလုပ်၍ စိန်ခေါ်သည့် Video ကို ၎င်း၏ Facebook လူမှူကွန်ရက်စာမျက်နှာတွင် တင်ခဲ့သည်။ အဆိုပါ ဗီဒီယိုသည် နာရီပိုင်းအတွင်း ကြည့်ရှူသူဦးရေ သောင်းချီခဲ့ပြီး ပြန်လည်မျှဝေသူ ၂၀၀၀ ကျော်ရှိခဲ့သည်။ 

“မြန်မာ့စပါးအုံး” အောင်လအန်ဆန်သည် ၎င်း၏ ဗိုက်ကြွက်သားများ မည်မျှသန်မာကြောင်းကို ပြသသည့်အနေဖြင့် စိန်ခေါ်မှူတစ်ခုကိုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အောင်လသည် Hard Knocks 365 မှ ကစားဖော် ၃ဦးအား ၎င်း၏ ဗိုက်ကြွက်သားများကို ပြင်းထန်သော လက်သီးချက်များဖြင့် ထိုးနှက်စေခဲ့ပြီး မည်မျှသန်မာကြောင်းကိုပြသခဲ့သည်။ 

အောင်လအန်ဆန်၏ ဗိုက်ကြွက်သားများကို လက်သီးချက်များဖြင့် ထိုးနှက်ခဲ့သူများတွင် Bellator MMA ၏ လိုက်ဝိတ်တန်းတွင် ယှဉ်ပြိုင်နေပြီး ရံှူးပွဲလုံးဝမရှိသေးသူ နာမည်ကျော် ကစားသမား Adam Borics လည်း အပါအဝင်ဖြစ်သည်။ Borics သည် ပရော်ဖက်ရှင်နယ် ကိုယ်ခံပညာ သိုင်းပေါင်းစုံ သက်တမ်းတစ်လျောက် ၁၄ ပွဲ ယှဉ်ပြိုင်ခဲ့ပြီး ရံှူးပွဲမရှိသေးသည့် ကစားသမားဖြစ်သည်။ ထို့အပြင် ၎င်းအနိုင်ရရှိထားသည့် ပွဲများထဲတွင် ၃ပွဲသာ ဒိုင်အဆုံးအဖြတ် အမှတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ကျန်ပွဲအားလုံးမှာ ပွဲသိမ်းပွဲများဖြစ်သည်။ 

ထို့အပြင် UFC ၏ လိုက်ဝိတ်တန်း ကစားသမား Michael Johnson နှင့် Bellator ဝယ်တာဝိတ်တန်း ကစားသမား Jason Jackson တို့လည်း အောင်လအန်ဆန်ကို ၎င်းတို့၏ ပြင်းထန်သည့် လက်သီးချက်များဖြင့် ဝင်ရောက် အားစမ်းခဲ့သည်။ Michael Johnson  ပွဲပေါင်းများစွာ ကစားထားဖူးသူဖြစ်သည်။ ၎င်းသည် ပရော်ဖက်ရှင်နယ် ပြိုင်ပွဲ ၁၉ ပွဲ အနိုင်ရရှိထားပြီး ၁၅ ပွဲ ရံှူးနိမ့်ထားသည်။ Jason Jackson မှာမူ ၁၁ပွဲ အနိုင်ရရှိထားပြီး ၄ပွဲ ရံှူးနိမ့်ထားသည်။ 

Bodyshot Challenge ဆိုသည်မှာ စိန်ခေါ်သူ၏ ခန္ဓာကိုယ်ကို ပရော်ဖက်ရှင်နယ် ကစားသမားတွေက အားပြင်းပြင်း လက်သီးထိုးနှက်ချက်များဖြင့် ထိုးနှက်ခြင်းကို မည်မျှ တောင့်ခံနိုင်သည်ကို စမ်းသပ်အကဲစမ်းသည့် စိန်ခေါ်မှူများဖြစ်သည်။ 

“ ကျွန်တော်ကို Bellator MMA ရဲ့ နာမည်ကြီး ကစားသမား Adam Borics၊ UFC ရဲ့ နာမည်ကျော် Michael Johnson နဲ့ Bellator ဝယ်တာဝိတ်တန်း ကစားသမား Jason Jackson တို့ရဲ့ လက်သီးချက်တွေဟာ တကယ်ကိုခက်ခဲ စေခဲ့ပါတယ်။ Henri Hooft ရဲ့ ခန္ဓာကိုယ်လေ့ကျင့်ခန်းတွေအတွက် ကျေးဇူးတင်ပါတယ်။UFC မစ်ဒယ်ဝိတ်တန်း ကစားသမား Derek Brunson နဲ့ လိုက်ဟဲဗီးဝိတ် ကစားသမား Volkan Oezdemir တို့ကိုလည်း ဒီChallenge မှာ ပါဝင်ဖို့ စိန်ခေါ်လိုက်ပါတယ် ” ဟု ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။ 

မြန်မာဂုဏ်ဆောင် အောင်လအန်ဆန်သည် ၂၀၁၉ ခုနှစ်တွင် ပြိုင်ပွဲ ၂ပွဲ ကစားခဲ့ပြီး ၂ပွဲစလုံးတွင် ပြိုင်ဘက်ကစားသမားကို အလဲထိုးကာ ချန်ပီယံခါးပတ်ကို ကာကွယ်ထားနိုင်ခဲ့သည်။ ထို့ပြင် UFC ထိပ်တန်း ကစားသမားများကို ကျော်ဖြတ်ကာ ၂၀၁၉ ခုနှစ်၏ အကောင်းဆုံး ကစားသမားဆုကိုလည်း ဆွတ်ခူးရရှိခဲ့သည်။ ၎င်းအနေဖြင့် ၂၀၂၀ ခုနှစ်အတွင်း ၎င်း၏ မစ်ဒယ်ဝိတ် ကာကွယ်ပွဲများကို ယှဉ်ပြိုင်သွားရန် လေ့ကျင့်လျက်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ 
ONE: Fire & Fury ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် မြန်မာစံတော်ချိန် ညနေ ၄ နာရီ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ONE Championship ၏ Facebook နှင့် ONE Super Apps တို့တွင် တိုက်ရိုက်ကြည့်ရှူ့နိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *