အာရှ၏ အကြီးကျယ် အခမ်းနားဆုံး ကိုယ်ခံပညာ ပြိုင်ပွဲကြီး ဖြစ်သည့် ONE Championship သည် ၂၀၁၉ ခုနှစ်တွင် ပရိသတ်များ ရင်သပ်ရှုမော ဖြစ်စေမည့် ပြိုင်ပွဲကြီး အမြောက်အမြားကို ကျင်းပပြုလုပ်ခဲ့သည်။ ယင်းပြိုင်ပွဲများတွင် ကမ္ဘာ့အကောင်းဆုံး ကစားသမား များလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အကြိတ်အနယ် ရှိသော တွဲဆိုင်းများဖြင့် ပရိသတ်ကို ဖမ်းစားခဲ့သည်။ အဆိုပါ ONE Championship ပြိုင်ပွဲကြီးနှင့် ပတ်သက်၍ ၂၀၁၉ တစ်နှစ်တာ အတွင်း ထူးခြားသည့် ကိန်းဂဏန်း အချို့ အကြောင်းကို စုစည်းတင်ပြ လိုက်ရပါသည်။

၁၀၀ 

ယခုနှစ် အတွင်း ONE Championship သည် ပွဲပေါင်း ၁၀၀ ပြည့်သည့် သမိုင်းဝင် ရာပြည့် ပြိုင်ပွဲကြီးကို ကျင်းပနိုင်ခဲ့သည်။ ONE: Century ဟု အမည်ပေးထားသည့် ယင်းပြိုင်ပွဲကြီးကို ဂျပန်နိုင်ငံတွင် ခမ်းနားစွာ ကျင်းပနိုင်ခဲ့ပြီး ထူးထူး ခြားခြား Part I နှင့် Part II ဟူ၍ အပိုင်း နှစ်ပိုင်းခွဲကာ ကျင်းပနိုင်ခဲ့သည်။ ယင်းပြိုင်ပွဲကြီး မကျင်းပမီတွင် ONE esports ပြိုင်ပွဲများ၊ ကစားသမားများ၏ လေ့ကျင့်ရေး အစီအစဉ် open workout များ၊ ဆွေးနွေးပွဲများ နှင့် အခြား စိတ်ဝင်စားဖွယ်ရာ အစီအစဉ်များကိုလည်း ကျင်းပပေး နိုင်ခဲ့သည်။ 

အဆိုပါ ရာပြည့် ပြိုင်ပွဲကြီးသည် ကမ္ဘာ့ချန်ပီယံ ၂၈ ဦး အထိ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲကြီးဖြစ်ပြီး ကမ္ဘာ့ချန်ပီယံ စိန်ခေါ်ပွဲ ၄ ပွဲနှင့် ရှုံးထွက် GP ပြိုင်ပွဲ ၃ ပွဲ၏ ဗိုလ်လုပွဲများ ထည့်သွင်း ကျင်းပခဲ့သည်။ ထို့ပြင် ဂျပန်နိုင်ငံ၏ သက်တမ်း အရင့်ဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အဖွဲ့အစည်းကြီးများ ဖြစ်သော Shooto နှင့် Pancrase တို့၏ ချန်ပီယံများကို ထိပ်တိုက် တွေ့စေခဲ့သည့် တွဲဆိုင်းများ ကိုလည်း ယင်းပြိုင်ပွဲတွင် ထည့်သွင်းကျင်းပ ခဲ့သည်။

 

ONE ဖလိုင်းဝိတ်တန်း မွေထိုင်း ချန်ပီယံ Rodtang “The Iron Man” Jitmuangnon သည် ၂ဝ၁၉ ခုနှစ်အတွင်း ONE Championship တွင် ပွဲအများဆုံး အဖြစ် ပွဲပေါင်း ၅ ပွဲအထိ ကစားခဲ့ပြီး ပွဲတိုင်း အနိုင်ရခဲ့သည့် တစ်ဦးတည်းသော ကစားသမား ဖြစ်လာခဲ့သည်။ Rodtang သည် ယခုနှစ်အတွင်း မည်သည့် ပြိုင်ပွဲတွင်မှ မရှုံးနိမ့်ခဲ့သည့် ကစားသမား ဖြစ်ပြီး ONE Championship တွင်လည်း ၆ ပွဲဆက်တိုက် အနိုင်ရထားသူ ဖြစ်သည်။ Rodtang ၏ မှတ်ကျောက်တင်ဖွယ်ရာ ပွဲမှာ ဝါရင့်ကစားသမားကြီး Sam-A Gaiyanghadao ကိုပင် အနိုင်ရထားသည့် Jonathan Haggerty ကို အနိုင်ယူကာ ဖလိုင်းဝိတ်တန်း ချန်ပီယံဖြစ်ခဲ့ခြင်း ဖြစ်သည်။

Rodtang သည် ယခုနှစ်ဆန်းပိုင်း တွင် တူနီးရှား နိုင်ငံသား Fahdi Khaled ကို အမှတ်ဖြင့် အနိုင်ရကာ ပွဲဦးထွက် အဖွင့်လှခဲ့ပြီး ဒုတိယ ပွဲတွင် ပြင်သစ်သား Hakim Hamech ကို ဆက်လက် အနိုင်ရခဲ့သည်။ ၎င်း၏ မွေးရပ်မြေ ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် ONE Championship ပွဲတွင်လည်း ကမ္ဘောဒီးယားသား Sok Thy ကို ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့ပြန် သောကြောင့် ဖလိုင်းဝိတ်တန်း ချန်ပီယံ Haggerty နှင့် ယှဉ်ပြိုင်ခွင့် ရခဲ့သည်။ Rodtang သည် Haggerty ကို အမှတ်ဖြင့် အနိုင်ရကာ ချန်ပီယံ ခါးပတ်ကို သိမ်းပိုက် နိုင်ခဲ့ပြီး နှစ်လ အကြာတွင် ချန်ပီယံ ကာကွယ်ပွဲ ကစားခဲ့ရကာ ဘရာဇီးသား Walter Goncalves ကို ထပ်မံ အနိုင်ယူခဲ့သည်။

၃၉ 

ONE Championship သည် ၂၀၁၉ ခုနှစ်အတွင်း ပြိုင်ပွဲစုစုပေါင်း ၃၉ ပွဲအထိ ကျင်းပနိုင်ခဲ့ သည်ကို တွေ့ရသည်။ အဆိုပါ ပြိုင်ပွဲများ ထဲတွင် ONE Championship ပြိုင်ပွဲကြီးပေါင်း ၂၁ ပွဲ၊ ONE Warrior Series ပြိုင်ပွဲပေါင်း ၆ ပွဲနှင့် တရုတ်နိုင်ငံတွင် ကျင်းပသည့် ONE Hero Series ပြိုင်ပွဲပေါင်း ၁၂ ပွဲတို့ ပါဝင်သည်။ ONW Warrior Series ပြိုင်ပွဲများကို စင်ကာပူ နိုင်ငံတွင် နှစ်လတစ်ကြိမ် ကျင်းပခြင်း ဖြစ်သော်လည်း OWS 8 ပြိုင်ပွဲကို ONE: Century နှင့်အပြိုင် ဂျပန်နိုင်ငံတွင် ကျင်းပခဲ့သည်။ ONE Heroes Series ပြိုင်ပွဲများမှာမူ လစဉ် ပုံမှန် ကျင်းပခြင်း ဖြစ်သည်။

၂ဝ၁၉ ခုနှစ် အတွင်းတွင် ယခင်က ONE Championship ပြိုင်ပွဲ တစ်ကြိမ်မှ မကျင်းပခဲ့ဖူးသည့် နိုင်ငံ ၂ နိုင်ငံတွင် ပထမဆုံး အကြိမ် ပြိုင်ပွဲကြီးများ ကျင်းပနိုင်ခဲ့သည်။ ယင်းနိုင်ငံများမှာ ဂျပန်မှ ONE: A New Era နှင့် ဗီယက်နမ်မှ ONE: Immortal Triumph ပြိုင်ပွဲများ ဖြစ်ကြသည်။ ဂျပန်နိုင်ငံတွင် ယင်းပြိုင်ပွဲအပြင် ONE: Century ပြိုင်ပွဲကိုလည်း အောက်တိုဘာလ အတွင်းက ကျင်းပနိုင်ခဲ့သည်။ ပထမဆုံး တောင်ကိုရီးယား ပြိုင်ပွဲကို ၂၀၁၉ အတွင်း ကျင်းပနိုင်ရန် မျှော်မှန်းခဲ့သော်လည်း အကြောင်းကြောင်းကြောင့် မကျင်းပ ဖြစ်ခဲ့ဘဲ ၂၀၂၀ တွင် ကျင်းပရန် လျာထားသည်။

 

ONE Championship ၏ အကောင်းဆုံး ကစားသမား တစ်ဦးဖြစ်သည့် “မြန်မာစပါးအုံး” အောင်လအန်ဆန် သည် ၂၀၁၉ ခုနှစ် အတွင်း မတူညီသည့် ဝိတ်တန်း နှစ်ခုတွင် ချန်ပီယံ ကာကွယ်ပွဲ ၂ ပွဲအထိ ကစားခဲ့ရသည်။ ပထမပွဲမှာ ဂျပန်နိုင်ငံ တိုကျိူမြို့တွင် ကစားခဲ့ရခြင်း ဖြစ်ပြီး ယခင်က တစ်ကြိမ် စိန်ခေါ်ခဲ့ဖူးသည့် အိမ်ရှင် ဂျပန်နိုင်ငံသား Ken Hasegawa နှင့် ကစားခဲ့ရခြင်း ဖြစ်သည်။ ယင်းပွဲတွင် အောင်လအန်ဆန်သည် Hasegawa ကို ဒုတိယအချီ တွင်ပင်အလဲထိုးကာ မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ခါးပတ်ကို အောင်မြင်စွာ သိမ်းပိုက် နိုင်ခဲ့သည်။

ယင်းပွဲအပြီး ၇ လ အကြာတွင် အောင်လအန်ဆန်သည် ONE Championship သမိုင်းတစ်လျှောက် ပထမဆုံး လိုက်ဟဲဗီးဝိတ် ချန်ပီယံ ကာကွယ်ပွဲ ယှဉ်ပြိုင်ခွင့် ရခဲ့သည်။ အဆိုပါပွဲတွင် အောင်လအန်ဆန်သည် ၎င်းထက် ဝိတ်တန်း ပိုမြင့်သည့် ONE ဟဲဗီးဝိတ် ချန်ပီယံ Brandon “The Truth” Vera နှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။ ယင်းပွဲအတွက် လနှင့်ချီ၍ လေ့ကျင့်ပြင်ဆင် မှုများ ပြုလုပ်ခဲ့သည့် အောင်လအန်ဆန်သည် Vera ကို နှစ်ချီအတွင်း ဒိုင်ပွဲရပ်/အလဲထိုး ရလဒ်ဖြင့် အနိုင်ရခဲ့သည်။ တိုက်ဆိုင်မှု အနေဖြင့် အောင်လအန်ဆန်သည် ယခုနှစ်အတွင်း ၎င်း၏ ၂ ဦးမြောက် ရင်သွေးကို ဇနီးဖြစ်သူ လွယ်နိုင်ခဲ့သည်။

၈၅ သန်း

ONE Championship သည် ယခုနှစ်အတွင်း ကြည့်ရှုသူ စံချိန်သစ် တင်နိုင်ခဲ့ပြီး စုစုပေါင်း ကြည့်ရှုသူ ၈၅ သန်း အထိ ရှိခဲ့သည်။ အဆိုပါ ကြည့်ရှုသူများသည် အောက်တိုဘာ ၁၃ ရက်က ဂျပန်နိုင်ငံတွင် ကျင်းပခဲ့သည့် ONE: Century ပြိုင်ပွဲကို တိုက်ရိုက် ထုတ်လွှင့်သည့် ရုပ်သံလိုင်းများ၊ YouTube, Facebook, Twitter နှင့် ONE Championship ၏ တရားဝင် ဖုန်း Application ဖြစ်သော ONE Super App တို့မှ ကြည့်ရှုခဲ့ကြခြင်း ဖြစ်သည်။ တရုတ်နိုင်ငံ တစ်ခုတည်းတွင် ယင်းပြိုင်ပွဲကို ကြည့်ရှုသည့် ပရိသတ် ၁ဝ သန်းကျော် ရှိခဲ့သည်ဟု သိရသည်။ 

အဆိုပါ ONE: Century ပြိုင်ပွဲကြီးကို နိုင်ငံပေါင်း ၁၄၅ နိုင်ငံတွင် ရုပ်သံထုတ်လွှင့် ပေးခဲ့ပြီး အမေရိကန် နိုင်ငံတွင် ပထမဆုံး ONE Championship ရုပ်သံ တိုက်ရိုက် ထုတ်လွှင့်မှု ပြုလုပ်နိုင်ခဲ့သည်။ အာရှတိုက်သည် ရုပ်သံကြည့် ပရိသတ်ပေါင်း ၃ ဘီလီယံခန့် ရှိသည့်ဒေသ ဖြစ်သဖြင့် ONE Championship ပြိုင်ပွဲကို ယခုကဲ့သို့ ပရိသတ် စံချိန်တင် ကြည့်ရှုခဲ့ခြင်း ဖြစ်ပြီး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား ပြိုင်ပွဲ တစ်ပွဲအား ပရိသတ် အများဆုံး ကြည့်ရှုခဲ့သည့် စံချိန်လည်း ဖြစ်သည်။ONE: A New Tomorrow ပြိုင်ပွဲကို လာမည့် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Impact Arena တွင် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။ 

Leave a Reply

Your email address will not be published. Required fields are marked *