ဘဝဟုဆိုရာတွင် ကြိုးစားရုန်းကန်မှုများဖြင့် ပြည့်နှက်နေရသည်က ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာဖြစ်သည်။ လူတိုင်းသည် ၎င်းတို့ရွေးချယ်ထား သည့်လမ်းများအတိုင်း လျှောက်ကြသည်။ ဝါသနာပါရာ ပညာရပ်ဖြင့် ရပ်တည်ကြသည်။ အသက်မွေးကြသည်။ ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်သားမှစ၍ ကိုယ်ခံပညာရှင်၊ လက်ဝှေ့သမား၊ အားကစားသမား စသည်ဖြင့် အမျိုးစုံလင်လှသော ဝါသနာပါရာ၊ ကျွမ်းကျင်လိမ္မာသည့် အတတ်ပညာ၊ အသိပညာများကို အခြေခံကာ ဘဝကို ဖြတ်သန်းကြသည်။ မည်သူမဆို ကိုယ်ကျွမ်းကျင်ရာ အသိပညာ၊အတတ်ပညာ နောက်ကိုလိုက်၍ အသက်မွေးရသလို မိမိ၏ အသိပညာ၊အတတ်ပညာများ ပိုမိုကောင်းမွန်ရန်အတွက် လေ့လာသင်ယူမှုများ ပြုလုပ်ရ သည်။ 

အရည်အချင်းများ ပိုတိုးတက်ရန်အတွက်လည်း ကြိုးစားကြရသည်။ ထို့အပြင် အတိတ်၊ပစ္စပ္ပုန်နှင့် အနာဂတ်အပေါ် လိုအပ်သလို ရင်းနှီး မြှုပ်နှံမှုကိုလည်း ပြုလုပ်ကြရသည်။ စိုးလင်းဦးကို မြန်မာ့ရိုးရာလက်ဝှေ့လောကတွင် မာကျော၍ ဇွဲ(အသည်း)ကောင်းသော အား ကစားသမားတစ်ဦးအဖြစ် လူသိများသည်။ မလျှော့သော ဇွဲ၊ မဆုတ်မနစ်သော လုံ့လနှင့်အတူ ကိုယ်အလေးချိန် ၆၇ ကီလိုတန်း၏ ဘု ရင်တစ်ပါးဖြစ်ပြီး ဘက်တူလျှင် လူမရွေးဟူသော စကားကိုသက်သေပြသရင်း ယနေ့အချိန်အထိ ကိုယ်အလေးချိန် အနည်းအများ ဂရုမ စိုက်ဘဲ မြန်မာ့ရိုးရာလက်ဝှေ့ပွဲများ ယှဉ်ပြိုင်ထိုးသတ်နေသူဖြစ်သည်။ ၎င်းသည် ကရင်ပြည်နယ်နှင့် မြန်မာ့ရိုးရာလက်ဝှေ့ ပရိသတ်မျိုး ဆက်များ၏ လေးစားအားကျခံရသောသူလည်းဖြစ်သည်။ 

စိုးလင်းဦးသည် ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်း ONE Championship ၏ ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံ “မြန်မာ့ စပါးအုံး” အောင်လအန်ဆန် ၏ လေ့ကျင့်မှု၊ Professional ပီသမှု၊ ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားအပေါ် အလေးထားမှုများကို ချီး ကျူးစကားဆိုခဲ့သည်။ ကိုယ်ခံပညာရပ်ကို စိတ်ဝင်စားသောလူငယ်များအနေဖြင့် အောင်လအန်ဆန်ကို အားကျအတုယူသင့်သော အ ချက် ၃ ချက်ကို စိုးလင်းဦးက ပြောပြခဲ့ပြီး ပြန်လည်ဖော်ပြပေးလိုက်ပါသည်။ 

၁။ စိတ်နေသဘောထား 

“ကိုအောင်လအန်ဆန်က ကမ္ဘာ့ချန်ပီယံပေါ့။ ခါးပတ်တောင် နှစ်ခုရထားတဲ့သူ။ ဒါပေမဲ့ သူ့မှာ မာနမရှိဘူး။ ဘယ်သူ့ကိုမဆို နှိမ့်ချ ဆက်ဆံ တယ်။ အားလုံးကို တန်းတူထားတယ်။ သူ့လိုအောင်မြင်မှုရတဲ့အခါ သူ့လိုစိတ်မျိုးထားနိုင်ဖို့က မလွယ်ဘူး”ဟု စိုးလင်းဦးက အောင်လအန် ဆန်၏ စိတ်နေသဘောထားကို ပြောသည်။ အောင်လအန်ဆန်၏ စိတ်နေသဘောထားသည် အနေအေးသလို ဦးဆောင်နိုင်သည့် လူ သားတစ်ဦးဖြစ်ပြီး အောင်မြင်မှုအပေါ် မာန ထောင်လွှားခြင်းမရှိဘဲ နှိမ့်ချနေတတ်သူတစ်ဦးအဖြစ် ၎င်းက ချီးကျူးခဲ့သည်။ လူငယ်များအ နေဖြင့် ရုပ်ပိုင်းဆိုင်ရာအရ တိုက်ခိုက်ရသောပညာရပ်ကို အသက်မွေးဝမ်းကြောင်းအဖြစ် ရွေးချယ်ထားသော်လည်း ကြင်နာသနားတတ် သည့် အောင်လအန်ဆန်၏ အမူအကျင့်ကို အတုယူရန်လိုအပ်ကြောင်း စိုးလင်းဦးက တိုက်တွန်းသည်။

၂။ အတုယူသင့်သော Professional ပီသမှု

“ဒါကတော့ တစ်ဦးချင်း တစ်ယောက်စီတိုင်းရဲ့ အယူအဆပေါ့။ ကျွန်တော်ပြောချင်တာက ကိုအောင်လ အောင်မြင်နေသလို အောင်မြင် ချင်တယ်ဆိုရင် သူ့လိုလုပ်ရမယ်။ အောင်မြင်တာကို အားကျနေရုံနဲ့မရဘူး။ ပါးစပ်ကပဲ အားကျနေရုံနဲ့ ကိုအောင်လလို ဖြစ်မလာနိုင်ဘူး။ ကိုအောင်လနဲ့ ကျွန်တော်တို့ ဆုံဖူးတယ်။ အဲ့ဒီတုန်းကဆို သူ့ရဲ့လေ့ကျင့်မှုတွေက ကျွန်တော်တို့ကို အံ့အားသင့်စေတယ်။ သူဟာ မြန်မာ နိုင်ငံဆီ ကိုယ်ခံပညာ သိုင်းပေါင်းစုံပညာရပ်ကို ယူလာပေးတယ်။ ပြောရမယ်ဆိုရင် သူ့ကြောင့် ကျွန်တော်တို့ဟာ MMA ကို သိခဲ့ကြတယ်။ အဲ့ဒါနဲ့အတူ ဒီပညာရပ်အပေါ်ကိုအောင်လရဲ့ လေ့လာလိုက်စားမှုနဲ့ ပြင်းပြင်းထန်ထန်လေ့ကျင့်မှုတွေကို ကျွန်တော်တို့ သိခဲ့ရတယ်။ ဒီပ ညာရပ်အပေါ်သူ့ရဲ့ သစ္စာရှိမှုနဲ့ ပြင်းပြင်းထန်ထန်ယုံကြည်မှုက အံ့သြဖို့ကောင်းတယ်။ ခံယူချက်လည်း ပြင်းထန်လို့ ဒီနေ့ ဒီအခြေအနေမှာ သူ အောင်မြင်နေတာပေါ့။ ဒါကိုလည်း ကျွန်တော်တို့ အတုယူရမယ်’’ ဟု စိုးလင်းဦးက ဆိုသည်။

၃။ ပရိသတ်များအပေါ်ထားသောစိတ်

“ဒီက လူငယ်လက်ဝှေ့သမားတွေက ပျင်းတယ်။ မလေ့ကျင့်ချင်ဘူး။ ဒါပေမဲ့ အောင်မြင်ချင်တယ်။ တစ်ပွဲတိုး စိတ်ဓာတ်တွေ အရမ်းများ တယ်။ ကျွန်တော်ဆို မနက်ပိုင်း မိုင်၂၀ ပြေးတယ်။ အသွားအပြန်ဆို မိုင် ၄၀ ပေါ့။ ကျွန်တော် ပြန်လာတဲ့အချိန်အထိ ကလပ်က ကစားသ မားတွေ အကုန်မနိုးသေးဘူး။ အိပ်ယာထဲမှာ ရှိတဲ့လူက ရှိသေးတယ်။ ဒါကိုလည်း ကိုအောင်လက ထောက်ပြတယ်။ သူဆိုရင် ပွဲရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ နေ့တိုင်း လေ့ကျင့်မှုလုပ်တယ်။ ပွဲဝေးလို့ လေ့ကျင့်မှုရပ်ထားတာမျိုးမရှိဘူး။ ပွဲနီးရင် လေ့ကျင့်ချိန်ကို ပိုတိုးလိုက် တယ်။  ပွဲထိုးရင် ကောင်းကောင်းလေ့ကျင့်ထားလား၊ မလေ့ကျင့်ထားဘူးလားဆိုတာ ပေါ်တယ်။ ဒါက လိမ်လို့မရဘူး။ ဒါဟာ ကိုယ့်ကိုယ် ကိုယ် တည်ဆောက်ရုံတင်မဟုတ်ဘဲနဲ့ ကိုယ့်ကိုအားပေးနေတဲ့ ပရိသတ်အတွက်ပါ လေ့ကျင့်ရတာမျိုးဆိုတာ နားလည်သင့်တယ်။ ပရိ သတ်တွေ အားပေးလာတဲ့အခါမှာ ရှုံးရင် ကိုယ်ပါ ဝမ်းနည်းရတာမဟုတ်ဘူး။ ပရိသတ်တွေပါ ဝမ်းနည်းကြရတယ်။ ကိုယ့်ကိုအားပေးနေ တဲ့ ပရိသတ်တွေကို ကိုယ့်ရဲ့လေ့ကျင့်မှု မပြည့်ဝမှု၊ ပျင်းရိမှုကြောင့် ရှုံးရတဲ့အခါ ဝမ်းနည်းမသွားစေချင်ဘူး။ ပရိသတ်တွေကို အလေးထား ရမယ်ပေါ့။ ဒါမျိုးအရာတွေကိုလည်း ကျွန်တော်တို့ အားကျအတုယူဖို့သင့်တယ်’’ဟု စိုးလင်းဦးက ဆိုသည်။ 

စိုးလင်းဦးနှင့် အောင်လအန်ဆန်တို့သည် ONE Warrior Series ပြိုင်ပွဲအတွက် ONE Championship ဒုတိယဥက္ကဋ္ဌ Rich Franklin ၏ ရိုက်ကူးရေးတွင် တွေ့ဆုံကာ ရင်းနှီးမှုရခဲ့သူများဖြစ်သည်။ ထို့အပြင် အောင်လအန်ဆန်က မြန်မာ့ရိုးရာလက်ဝှေ့သမားများအနက် စိုး လင်းဦး၏  လေ့ကျင့်မှု၊ စိတ်ဓာတ်မာကျောမှုနှင့် မြန်မာ့ရိုးရာလက်ဝှေ့အပေါ်ထားရှိသော စိတ်ထားများအား ချီးကျူးခဲ့ပြီး လေးစားရသူ ဖြစ်ကြောင်း ပြောကြားဖူးသည်။

ONE: A New Tomorrow ပြိုင်ပွဲကို လာမည့် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Impact Arena တွင် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။ 

Leave a Reply

Your email address will not be published. Required fields are marked *