လူတိုင်း၏ ဘဝတွင် ခက်ခဲသော အချိန်များ ရှိတတ်စမြဲ ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖိစီးနှိပ်စက်မှု များကြောင့် မိမိ လုပ်ကိုင်ရမည့် အလုပ်များကို စိတ်မပါတော့ဘဲ လက်လျှော့ အရှုံးပေးလိုက် လိုသည့် စိတ်များ ဖြစ်တတ်ကြသည်။ ယင်းအချိန်တွင် စိတ်ဓာတ် ပြန်လည် မြှင့်တင်နိုင်ရန် လွန်စွာ အရေးကြီးပြီး မိမိကို စိတ်ဓာတ်ခွန်အား ပေးနိုင်မည့် နည်းလမ်း မျိုးစုံကို အသုံးပြုလေ့ ရှိကြသည်။ အဆိုပါ နည်းလမ်းများထဲတွင် ဂီတဖြင့် စိတ်ဓာတ် မြှင့်တင်သည့် နည်းလမ်းမှာ အသုံးအများဆုံး ဖြစ်သည်။

ONE Warrior Series တွင် ပါဝင်ယှဉ်ပြိုင် နေသည့် မြန်မာ ကစားသမား “Karate Kid” စိုင်းဉာဏ်လင်း သည်လည်း အလားတူ ခက်ခဲသည့် အချိန်များကို ဂီတဖြင့် ကျော်ဖြတ်လေ့ ရှိသူတစ်ဦး ဖြစ်သည်။ မြန်မာ့ လက်ရွေးစင် ကရာတေး ကစားသမားဟောင်း စိုင်းဉာဏ်လင်းသည် ၎င်း၏ဖုန်းထဲ အမြဲထည့်ထားလေ့ ရှိသည့် သီချင်း MTV တစ်ပုဒ်ရှိပြီး ခက်ခဲသည့် အချိန်တိုင်း ယင်းသီချင်းကို ဖွင့်ကာ စိတ်ဓာတ်မြှင့်တင်လေ့ ရှိသည်ဟု ပြောပြခဲ့သည်။

“ကျွန်တော် MTV လေး တစ်ပုဒ် နားထောင်လေ့ ရှိတယ်။ သီချင်း နာမည်က Hall of Fame တဲ့။ အဲ့သီချင်းလေးက အရမ်းပင်ပန်း နေတယ်၊ ညောင်းနေတယ်၊ လေ့ကျင့်ရေး လုပ်ချင်စိတ် မရှိတော့တဲ့ အချိန်တွေ၊ ကိုယ့်ဘာသာကိုယ် စိတ်ဓာတ် မြှင့်တင်မှု မရှိတော့တဲ့ အချိန်မျိုးတွေ ကျရင် နားကြပ်လေး တပ်ပြီး နားထောင်တယ်။ အရင် ကရာတေး ကစားသမား ဘဝ ကတည်းက အဲဒီ သီချင်းကို နားထောင်လာတာ။ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးတဲ့ အနေနဲ့ အမြဲ ကြည့်ဖြစ်တယ်”ဟု စိုင်းဉာဏ်လင်းက ဖွင့်ဟခဲ့သည်။

အိုင်ယာလန် ပေါ့ပ်အဆိုတော် အဖွဲ့ The Script ၏ Hall of Fame သီချင်းသည် အမေရိကန် ဟစ်ပ်ဟော့ အဆိုတော် Will.i.am နှင့် တွဲဖက်သီဆို ထားသည့် သီချင်းဖြစ်ပြီး ၂ဝ၁၂ ဇူလိုင်လတွင် ရေဒီယိုမှ ပထမဆုံး ထုတ်လွှင့်ခဲ့သည်။ ယင်းနှစ်ထဲတွင်ပင် MTV ပါ ထွက်ရှိခဲ့ပြီး အိုင်ယာလန် နိုင်ငံတွင် ပရိသတ် နားအထောင်ဆုံး နံပါတ်တစ် နေရာကို လေးပတ်ဆက်တိုက် ရရှိခဲ့သည်။ ထို့ပြင် ဗြိတိန်နှင့် အခြားနိုင်ငံ ဥရောပ နိုင်ငံ အများအပြားတွင်လည်း လူကြိုက် အများဆုံး သီချင်းတစ်ပုဒ် ဖြစ်ခဲ့သည်။ WWE နပမ်းပြိုင်ပွဲနှင့် အမေရိကန် ဘောလုံး ပြိုင်ပွဲများ တွင်လည်း နောက်ခံ သီချင်းအဖြစ် အသုံးပြုခဲ့ ဖူးသည်။

“ဒီ MTV မှာ ချန်ပီယံ ဆိုတာ ဘယ်သူမဆို ဖြစ်နိုင်တယ်လို့ ရိုက်ပြထားတာ။ နားမကောင်းတဲ့ ကောင်မလေးက ဘဲလေး ကချေသည် ဖြစ်လာတာနဲ့ လမ်းဘေးမှာ အနိုင်ကျင့် ခံနေကျ လူပိန်လေးက လက်ဝှေ့ ချန်ပီယံ ဖြစ်လာတဲ့ပုံစံ ရိုက်ထားတာ။ သူတို့ လေ့ကျင့်ခဲ့တဲ့ ပုံစံလေးတွေလည်း ပြတယ်။ သီချင်းစာသား တွေကအစ အဓိပ္ပါယ် အပြည့်အဝ ရှိတယ်။ ဒီသီချင်းကို နားထောင်နေတာ သုံးနှစ်လောက် ရှိပြီ။ သီချင်း အရင် နားထောင် ဖြစ်ပြီးမှ MTV ကို ရှာကြည့် ဖြစ်ပြီး အမြဲ ဖွင့်ဖြစ်သွားတာ”ဟု စိုင်းဉာဏ်လင်းက ဆက်လက် ပြောပြ ခဲ့သည်။

စိုင်းဉာဏ်လင်းသည် သုံးနှစ်ဆက်တိုက် မြန်မာပြည် ချန်ပီယံ ကရာတေး ကစားသမား ဖြစ်ပြီး ၂ဝ၁၇ ဆီးဂိမ်းတွင် နိုင်ငံ့ လက်ရွေးစင် အဖြစ် ပါဝင်ယှဉ်ပြိုင် ခဲ့သည်။ ထို့နောက် ONE Championship ကစားသမား “ဘူရှီဒို” ဖိုးသော်၏ Team PT တွင် လေ့ကျင့်ရေး ဆင်းကာ ONE Warrior Series ပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်နေသူ ဖြစ်သည်။ စုစုပေါင်း OWS ပြိုင်ပွဲ ၄ ပွဲ ယှဉ်ပြိုင်ကစား ခဲ့ရာတွင် ပထမ နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့သော်လည်း နောက်နှစ်ပွဲ ဆက်တိုက် ပြန်နိုင်ခဲ့သဖြင့် ONE Championship သို့ တက်ရောက်ခွင့် ရရန် မျှော်မှန်း နေသူလည်း ဖြစ်သည်။

ဆက်လက်ပြီး စိုင်းဉာဏ်လင်းက အဆိုပါ Hall of Fame သီချင်းကြောင့် ၎င်း၏ဘဝတွင် အမှတ်တရ ဖြစ်ခဲ့သည့် ဖြစ်ရပ်လေး တစ်ခုကို ပြောပြခဲ့သည်။ ထိုစဉ်က စိုင်းဉာဏ်လင်းသည် ပြည်တွင်း ကရာတေး ပြိုင်ပွဲတစ်ပွဲ၏ ဗိုလ်လုပွဲ အဆင့်အထိ တက်ရောက်နိုင်ခဲ့ သဖြင့် နောက်ဆုံး ဗိုလ်လုပွဲ ယှဉ်ပြိုင်ရန် စောင့်ဆိုင်းနေသည့် အချိန် ဖြစ်သည်။ ပြည်တွင်း ကရာတေး ပြိုင်ပွဲများ၏ ထုံးစံအတိုင်း တစ်နေ့တည်း ပွဲပေါင်းများစွာ ကစားခဲ့ရသဖြင့် နောက်ဆုံး ဗိုလ်လုပွဲကို ဆက်လက် ယှဉ်ပြိုင်ရန် ခန္ဓာကိုယ်က မလိုက်နိုင် ဖြစ်လာခဲ့သည်။ ထိုအချိန်တွင်  Hall of Fame သီချင်းက ၎င်းကို ပြန်လည်နိုးထ စေခဲ့သည်။

“စောင့်ရတာ ကြာတော့ လူက အရမ်းပင်ပန်းပြီး အိပ်ချင်လာတယ်။ တကိုယ်လုံးလည်း နာကျင်နေပြီ။ အဲဒီအချိန် ပွဲတွေ စတော့မယ် ဆိုပြီး ကြေညာတော့ သွေးပူလုပ်ဖို့ ထတဲ့အခါ ကျွန်တော် ထလို့ မရတော့ဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်မြှင့်တင်မှ ရမယ် ဆိုပြီး ဖုန်းနားကြပ် လေးနဲ့ အဆုံးထိ အသံချဲ့ပြီး ကြည့်နေလိုက်တယ်။ အဲဒီ MTV က ခံစားချက်နဲ့ တိုက်ဆိုင်တဲ့ သူတွေအတွက် စိတ်ဓာတ် ခွန်အား အရမ်းဖြစ်တယ်။ ကျွန်တော် မျက်ရည်တွေ ဘာတွေတောင် ဝဲသွားသေးတယ်။ ပြီးမှ သွေးပူ ပြန်လုပ်တော့ လူက အရမ်းတက်ကြွ နေပြီ။ ပြန်ကစားတော့ အမှတ်ပြတ်နဲ့ နိုင်ပြီး ချန်ပီယံ ဖြစ်ခဲ့တယ်”ဟု စိုင်းဉာဏ်လင်းက ၎င်း၏ အမှတ်တရ ဖြစ်ရပ်ကို ပြန်ပြောပြခဲ့သည်။

ONE: A New Tomorrow ပြိုင်ပွဲကို လာမည့် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Impact Arena တွင် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။ 

Leave a Reply

Your email address will not be published. Required fields are marked *