ကိုယ်ခံပညာဟူသည် အာရှတိုက်၏ အခမ်းနားဆုံး ယဉ်ကျေးမှု အမွေအနှစ်ကြီး တစ်ခု ဖြစ်သည်နှင့်အညီ အာရှနိုင်ငံ အသီးသီးတွင် ၎င်းတို့၏ ရိုးရာ ကိုယ်ခံပညာများ ပိုင်ဆိုင်ကြသည်။  ONE Championship ကဲ့သို့ ပြိုင်ပွဲကြီးများတွင် မိမိတို့ ရိုးရာ ကိုယ်ခံပညာ အသီးသီးကို အသုံးချပြီး ဝင်ရောက် ယှဉ်ပြိုင်နေသည့် အာရှကစားသမား အများအပြား ရှိပြီး ယင်းတို့ထဲတွင် မြန်မာ ကစားသမား များလည်း အပါအဝင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရိုးရာလက်ဝှေ့ကို အခြေခံကာ ကိုယ်ခံပညာ ကစားသမားများကို မွေးထုတ်ပေး နေသည့် ကလပ်အများအပြား ရှိပြီး ၎င်းတို့ထဲမှ လူသိအများဆုံးနှင့် အကောင်းဆုံး ကလပ်အချို့ကို ရွေးချယ်တင်ပြ လိုက်ရပါသည်။

() တောင်ကလေးကလပ်

တောင်ကလေး ကလပ်သည် ONE Championship တွင် ပါဝင် ယှဉ်ပြိုင်သည့် ရိုးရာ လက်ဝှေ့သမား အရေအတွက် အများဆုံးကို မွေးထုတ်ပေး ခဲ့သည့် လက်ဝှေ့ ကလပ် ဖြစ်သည်။ မြန်မာနိုင်ငံတွင် အအောင်မြင်ဆုံးနှင့် လူသိအများဆုံး ကလပ်လည်း ဖြစ်သည့် တောင်ကလေး ကလပ်သည် ကရင်ပြည်နယ်၊ ဘားအံမြို့တွင် တည်ရှိပြီး တောင်ကလေး ဆရာတော်ကြီး၏ သြဝါဒ ခံယူကာ ဖွင့်လှစ် ထားခြင်း ဖြစ်သည်။ ဘာသာရေး၊ သာသနာရေးနှင့် လူသား အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်မှုကြောင့် နာမည် ကျော်ကြားသည့် ဆရာတော်ကြီးသည် လက်ဝှေ့ အားကစားကိုလည်း ဝါသနာကြီး သဖြင့် တောင်ကလေး ကလပ်ကို နှစ်ပေါင်းများစွာ ပံ့ပိုးကူညီ ခဲ့သည်။

တောင်ကလေး ကလပ်မှ နာမည်ကျော် ကစားသမား အမြောက်အမြား ထွက်ရှိသလို မျိုးဆက်သစ် ကစားသမား များကိုလည်း စဉ်ဆက် မပြတ် မွေးထုတ်ပေးလျက် ရှိသည်။ ONE Championship ပွဲအများဆုံး ကစားထားသည့် မြန်မာလက်ဝှေ့ သမား ရဲသွေးနီ၊ ONE လိုက်ဝိတ်တန်း မြန်မာတံခွန်စိုက် ပြိုင်ပွဲ ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့ ဖူးသည့် စောဘဦး၊ ယင်းပြိုင်ပွဲတွင် လက်သွေး ခဲ့ဖူးသည့် မြန်မာ့လက်ဝှေ့ အကျော်အမော်များ ဖြစ်ကြသော စောဒါဝိတ်၊ ကြယ်လင်းအောင်၊ ရန်နိုင်အောင်၊ ကပ္ပလီ၊ ထက်အောင်ဦး စသည့် ကစားသမားများသည် တောင်ကလေး ကလပ်မှ မွေးထုတ်ပေး ခဲ့သူများ ဖြစ်သည်။

() မြိုင်ကလေး ဘိလပ်မြေ စက်ရုံ ကလပ်

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် တောင်ကလေး ကလပ်နှင့် မြို့ခံပြိုင်ဘက်ဟု ပြောနိုင်သည့် နောက်ထပ် ထိပ်တန်း လက်ဝှေ့ ကလပ် တစ်ခုမှာ မြိုင်ကလေး ဘိလပ်မြေစက်ရုံ ကလပ်ဖြစ်သည်။ မြိုင်ကလေး ကလပ်သည်လည်း ရိုးရာ လက်ဝှေ့ လောကတွင် လူသိများသလို နာမည်ကျော် လက်ဝှေ့သမား အများအပြား ထွက်ရှိရာ ကလပ်တစ်ခုလည်း ဖြစ်သည်။ မြိုင်ကလေး ကလပ်မှ ကစားသမားများကို ဘိလပ်မြေ စက်ရုံမှူးက နေထိုင် စားသောက်သည့် ကုန်ကျစရိတ်များ ထောက်ပံ့ ပေးပြီး ရွှေခါးပတ် ချန်ပီယံဟောင်း မိုးပုလဲ ကဲ့သို့ နည်းပြ ဆရာများ၏ စနစ်တကျ လေ့ကျင့်သင်ကြား ပေးမှုကြောင့် ကစားသမားကောင်းများ ထွက်ရှိခြင်း ဖြစ်သည်။

မြိုင်ကလေး ဘိလပ်မြေ စက်ရုံကလပ်မှ ထွက်ရှိလာသည့် ကစားသမားများ ထဲတွင် ONE Championship ၏ တစ်ဦးတည်းသော ရှုံးပွဲမရှိ မြန်မာ ကစားသမား သပြေညိုမှာ လူသိများပြီး ယင်းပြိုင်ပွဲတွင် လက်သွေး ဖူးသည့် စောရန်ပိုင် ကဲ့သို့ ဝါရင့် ကစားသမားများနှင့် ကြယ်စင်ထူး၊ စောလှဒိုး စသည့် လက်ဝှေ့ကျော် များလည်း လေ့ကျင့်လျက် ရှိသည်။ သပြေညိုသည် ၂ဝ၁၅ ခုနှစ်က ကျင်းပခဲ့သော ONE ဖယ်သာဝိတ်တန်း တံခွန်စိုက် ပြိုင်ပွဲတွင် ပြိုင်ဘက်ကို ၁၆ စက္ကန့်ဖြင့် အလဲထိုးကာ ချန်ပီယံ ဖြစ်ခဲ့သူ ဖြစ်သည်။

() Team PT

မြန်မာနိုင်ငံတွင် ပထမဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား လေ့ကျင့်ရေးရုံ ဖြစ်လာသည့် Team PT သည် ONE Championship ကစားသမား တစ်ဦး ဖြစ်သည့် “ဘူရှီဒို” ဖိုးသော် ဖွင့်လှစ်ထားသည့် အာကစားရုံ ဖြစ်သည်။ ၎င်းတို့ အားကစားရုံတွင် ရိုးရာ လက်ဝှေ့ကို အဓိကထားပြီး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား၏  အခြေခံ နည်းစနစ်များကို သင်ကြားပေးလျက် ရှိသည်။ ၎င်းတို့ အားကစားရုံမှာ ဖွင့်လှစ်သည့် သက်တမ်း နုနယ်သေး သော်လည်း ပြည်တွင်းပြည်ပ ကိုယ်ခံပညာရှင်များနှင့် ကိုယ်ခံပညာကို ဝါသနာပါသူများ လာရောက် ပူးပေါင်းသဖြင့် အချိန်တိုအတွင်း အောင်မြင်မှု ရလာခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ပြည်ပမှ အလားတူ အားကစားရုံ များနှင့်လည်း ချိတ်ဆက်ကာ ကစားသမားများ အရည်အသွေး တိုးတက်အောင် ပံ့ပိုးပေးလျက် ရှိသည်။

Team PT ၏ ကစားသမားထဲတွင် လူသိအများဆုံးမှာ ဦးဆောင် တည်ထောင်သူ ဖိုးသော် ဖြစ်သည်။ ဖိုးသော်သည် ONE ဖယ်သာဝိတ်တန်းတွင် အလဲထိုး နိုင်ပွဲအများဆုံး ကစားသမား ဖြစ်ပြီး ONE Championship တွင် လက်သွေးဖူးသည့် လက်ဝှေ့သမား ကြယ်စင်ဖြိုးလည်း Team PT တွင် နည်းပြတစ်ဦး အဖြစ် ဆောင်ရွက်လျက် ရှိသည်။ ထို့ပြင် ONE Warrior Series တွင် နှစ်ပွဲဆက် နိုင်ထားသည့် မြန်မာ့လက်ရွေးစင်ဟောင်း “The Karate Kid” စိုင်းဉာဏ်လင်းနှင့် ပြည်နယ်နှင့်တိုင်း ရွှေတံဆိပ် ၄ ဆုရှင် နော်အဲအဲ စသူတို့လည်း ပါဝင်ကစားနေသည်။

() အဖြူရောင် သွေးသစ်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပ မြို့နယ်၏ ဆင်ခြေဖုံး ရပ်ကွက် တစ်ခုတွင် အခြေစိုက်သည့် အဖြူရောင် သွေးသစ် ကလပ်သည်လည်း ကစားသမား ကောင်းများ မွေးထုတ်ပေးသည့် လက်ဝှေ့ကလပ် တစ်ခုဖြစ်သည်။ ကွယ်လွန်သွားပြီ ဖြစ်သည့် နာမည်ကျော် လက်ဝှေ့သမား ဟောင်းကြီး အောင်ပွဲမောင် တည်ထောင်ခဲ့သည့် အဖြူရောင် သွေးသစ် ကလပ်သည် အမည်နှင့် လိုက်ဖက်စွာ ငယ်ရွယ်သည့် မျိုးဆက်သစ် လက်ဝှေ့သမား များစွာကို မွေးထုတ် ပေးခဲ့သည်။ အထောက်အပံ့ မရှိသလောက် နည်းပါးသဖြင့် ဆင်းရဲ ချို့တဲ့သော်လည်း ငွေကြေးကို အဓိက မထားဘဲ လက်ဝှေ့ပညာကို အခမဲ့ ဖြန့်ဝေပေး နေသည့် နေရာလည်း ဖြစ်သည်။

လေ့ကျင့်မှု အထောက်အကူ ပစ္စည်း မပြည့်မစုံဖြင့် သင်ကြားပေး နေသည့် နေရာ ဖြစ်သော်လည်း အဖြူရောင် သွေးသစ် ကလပ်မှ ONE Championship ပြိုင်ပွဲအထိ ဝင်ရောက်ယှဉ်ပြိုင် နိုင်ခဲ့သော လက်ဝှေ့ကျော်များ အများအပြား ထွက်ပေါ်ခဲ့သည်။ ၎င်းတို့ထဲ၌ ဆရာ အောင်ပွဲမောင် ထံတွင် လက်ဝှေ့ အခြေခံကို လာရောက်သင်ယူ ခဲ့သည့် ဖိုးသော် ကဲ့သို့ ကစားသမားမျိုး ရှိသလို ကြယ်စင်ဖြိုး၊ လှစ်လှစ်လေး စသည့် ONE Championship ကစားသမား များမှာလည်း အဖြူရောင် သွေးသစ် ကလပ်မှ ထွက်ရှိခဲ့ခြင်း ဖြစ်သည်။

ONE: A New Tomorrow ပြိုင်ပွဲကို လာမည့် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Impact Arena တွင် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။ 

Leave a Reply

Your email address will not be published. Required fields are marked *