ဂျပန်နိုင်ငံမှ အစပြု ပေါ်ပေါက်ခဲ့သည့် ကရာတေး ပညာရပ်သည် ယနေ့ ကိုယ်ခံပညာ အားကစား လောကတွင် ရေပန်းစားသည့် ပညာရပ် တစ်မျိုးဖြစ်သည်။ ONE Championship ကဲ့သို့ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား ပြိုင်ပွဲတွင်ပင် ကရာတေးကို အဆင့်တစ်ခုအထိ ကျွမ်းကျင် တတ်မြောက်သည့် ပညာရှင် များစွာရှိပြီး ယင်းပညာကို အသုံးချကာ အောင်ပွဲများ ရယူလျက် ရှိကြသည်။ ထို့ကြောင့် ကရာတေး ပညာကို စိတ်ဝင်စားပြီး လေ့လာလိုက်စား လိုသူများ အတွက် မြန်မာ့ လက်ရွေးစင် ကရာတေး ကစားသမားဟောင်းနှင့် ONE Warrior Series ကစားသမား “The Karate Kid” စိုင်းဉာဏ်လင်း၏ လမ်းညွှန်ချက် များကို ဖော်ပြလိုက်ရ ပါသည်။

() လိုအပ်သည့် ခန္ဓာကိုယ် ကြံ့ခိုင်မှု ရှိရန်

ပထမဦးစွာ စိုင်းဉာဏ်လင်းက ကရာတေး အားကစား သမား တစ်ယောက် ဖြစ်ရန် အရေးအကြီးဆုံး လိုအပ်ချက်က ခန္ဓာကိုယ် ကျန်းမာ ကြံ့ခိုင်မှု ရှိရန် လိုအပ်သည်ဟု ဆိုခဲ့သည်။ ကရာတေး လက်နက်မဲ့ ခုခံကာကွယ်ခြင်းသည် တစ်ဘက် တိုက်ခိုက်သူ၏ မမျှော်လင့် နိုင်သော တိုက်ခိုက်လာမှုကို ရုတ်တရက် လျှင်မြန်စွာ ရှောင်တိမ်းကာ ၎င်းတိုက်ခိုက်သူအား မိမိကို ဆက်လက် မတိုက်ခိုက်နိုင်စေရန် ချက်ချင်း ပြန်လည် ခုခံထိန်းချုပ် ကာကွယ်ခြင်း ဖြစ်သည်။ ထို့ကြောင့် ကရာတေး ကစားမည့် သူသည် တစ်ဘက် တိုက်ခိုက်သူနှင့် ယှဉ်နိုင်ရန် လုံလောက်သည့် ခန္ဓာကိုယ် ကြံ့ခိုင်မှုမျိုး ရှိရမည် ဖြစ်သည်။

“ကရာတေးက ကလေးတွေ အတွက် အရမ်းကို ကောင်းတဲ့ ကစားနည်း တစ်ခုပါ။ ကရာတေးက ကိုယ်ခံပညာ တစ်ခုတည်းတင် မကဘူး။ ဘဝမှာ နေထိုင်ရမယ့် ပုံစံတွေ၊ စည်းကမ်းတွေ အကုန်လုံးနဲ့ သက်ဆိုင်တယ်။ အခြေခံ လိုအပ်ချက်က သတ်မှတ်ထားတဲ့ အသက် ပြည့်ရမယ်၊ ကျန်းမာ ကြံ့ခိုင်မှု ရှိရမယ်။ အဲဒါဆို ကစားလို့ ရပါတယ်”ဟု စိုင်းဉာဏ်လင်းက ပြောပြခဲ့သည်။

() ကစားလိုသည် ပုံစံကို ရွေးချယ်ရန်

ကရာတေး ပညာသည် ကစားမည့်သူ၏ ရွေးချယ်မှုအပေါ် မူတည်၍ ပုံစံ ၃ မျိုး ကွဲပြားသည်ဟု သိရသည်။ ထို့ကြောင့် ကရာတေး ကစားမည့် သူတစ်ဦးသည် မည်သည့် ပုံစံဖြင့် ကစားမည် ဆိုသည်ကို ဦးစွာ ရွေးချယ်ရန် လိုအပ်သည်။ ထို့နောက်တွင်မှ မိမိ ရွေးချယ်ထားသည့် ပုံစံနှင့် လိုက်လျောညီထွေ ဖြစ်သည့် လေ့ကျင့်သင်ယူ မှုများ ပြုလုပ်ရမည် ဖြစ်သည်။ ယင်းသို့ မရွေးချယ် ပါက မိမိ၏ ဦးတည်ချက်ကို မသိသဖြင့် အမြင့်ဆုံး အဆင့်သို့ ရောက်ရန် ခက်ခဲနေမည် ဖြစ်သည်။

“ကရာတေးမှာ ၃ မျိုး ခွဲထားတယ်။ Kihon ရယ်၊ Kata ရယ်၊ Kumite ရယ် ဆိုပြီး ခွဲထားတယ်။ Kihon ကတော့ ကရာတေး အခြေခံလို့ ပြောရမယ်။ Kata ကတော့ ပြိုင်ပွဲတွေမှာ တစ်ယောက်တည်း စွမ်းရည်ပြပြီး ပြိုင်ရတဲ့ဟာမျိုး။ Kumite ကတော့ နှစ်ယောက် တိုက်ခိုက်ရတဲ့ ပုံစံပါ။ ကျွန်တော်ကတော့ Kumite ကို အထူးပြုတာပေါ့”ဟု စိုင်းဉာဏ်လင်းက ရှင်းပြသည်။

() ပုံမှန် တစိုက်မတ်မတ် လေ့ကျင့်ရန်

ကရာတေး ပညာရပ်သည်လည်း အခြား ကိုယ်ခံပညာရပ်များ နည်းတူ လေ့ကျင့်မှု များစွာ လိုအပ်သည့် ပညာရပ်တစ်မျိုး ဖြစ်သည်။ ယင်းပညာရပ်ကို သရုပ်ပြသည် ဖြစ်စေ၊ ပြိုင်ဘက်ကို တိုက်ခိုက်သည် ဖြစ်စေ ကြိမ်ဖန်များစွာ လေ့ကျင့်ထားသူက တပန်းသာပြီး ထိထိရောက်ရောက် စွမ်းဆောင်နိုင်မည် ဖြစ်သည်။ အဆင့်မြင့် ကရာတေး ကစားသမားတစ်ဦးဖြစ်လာစေရေး အတွက် အရေး အပါဆုံး နည်းလမ်းမှာ ပုံမှန် တစိုက်မတ်မတ် လေ့ကျင့်ခြင်းပင် ဖြစ်သည်။

“ကရာတေးမှာမှ မဟုတ်ဘူး။ ကစားနည်း တိုင်းက တစိုက်မတ်မတ်နဲ့ ကြိုးစားနေဖို့ လိုတယ်။ ကရာတေးမှာ လက်သီး၊ လက်ဝါးစောင်း၊ ခြေထောက်၊ ခြေခုံတို့၊ ညို့သကျည်းတို့ အကုန်သုံးပြီး ကစားရတယ်။ ဒီအရာတွေ သန်မာအောင် နည်းစနစ် တစ်ခုတည်းကို စဉ်ဆက်မပြတ် နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ရတယ်။ ဥပမာ လက်သီးထိုးနည်း ဆိုလည်း တစ်ခုတည်းကို အထူးလေ့ကျင့် ရတာမျိုးတွေ ရှိတယ်”စိုင်းဉာဏ်လင်း ဆိုသည်။

() ခိုင်မာသည့် စိတ်ဓာတ်ခွန်အား ရှိရန်

ကရာတေး ပညာသည် ဇင်ဗုဒ္ဓဘာသာမှ ဆင်းသက်လာသည့် ပညာရပ် တစ်ခု ဖြစ်သဖြင့် ရုပ်ပိုင်ဆိုင်ရာ တွင်သာမက စိတ်ပိုင်း ဆိုင်ရာ လေ့ကျင့်မှု များပါ ပြုလုပ်ရသည်။ ကရာတေး ကျင့်စဉ်တွင် အရေးပါသည့် အချက်များမှာ မှန်ကန်ပြီး စနစ်ကျသည့် လေရှူရှိုက်ခြင်း၊ သီအိုရီ နှင့် စနစ်ကျသည့်လက်တွေ့ လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ အားကစား နှင့်ခုခံတိုက်ခိုက်ခြင်း ကိုယ်ခံပညာ (စစ်ပညာ)၊    အနားယူခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ သည်းခံခြင်း၊ခွင့်လွှတ်ခြင်း၊ ယဉ်ကျေးခြင်း၊ အကောင်းမြင်ဝါဒကျင့်သုံးခြင်း၊ တရားထိုင်ခြင်းတို့ ဖြစ်သည်။ ထို့ကြောင့် ကရာတေးကို သင်ယူသည့် အခါ လုံလောက်သည့် စိတ်ဓာတ် ခွန်အားပါ ရှိရန် လိုအပ်သည်။

“ကရာတေးကို အခြေခံက စပြီး သင်ပေးသမျှကို သေသေချာချာ လိုက်လုပ်ပြီး စည်းကမ်းရှိရှိနဲ့ သေချာ ကြိုးစားမယ် ဆိုရင် အမြင့်ဆုံး အဆင့်ထိ ရောက်နိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ စကစားတုန်း ကတော့ အားလုံးအတူတူ ကစားခဲ့ကြတာပဲ။ ဒါပေမယ့် မြင့်တဲ့အဆင့် တစ်ဆင့်ကို ရောက်ဖို့ ဆိုတာကတော့ ရုန်းကန်နိုင်တဲ့ သူပဲ ရောက်မှာပါ။ ပေါ့ပေါ့ပါးပါးနဲ့ ရောက်ဖို့တော့ မဖြစ်နိုင်ဘူး။ ကြိုးစားရမယ်။ ပေးဆပ်မှုတွေ အများကြီး ရှိရမယ်”ဟု စိုင်းဉာဏ်လင်းက ဖွင့်ဟခဲ့သည်။

() စဉ်ဆက်မပြတ် လေ့လာယှဉ်ပြိုင်နေရန်

ကရာတေး ပညာကို သင်ယူသူများ အတွက် နောက်ဆုံး အရေးပါသည့် အချက်မှာ ပညာရပ်ကို စဉ်ဆက်မပြတ် လေ့လာနေပြီး ပြိုင်ပွဲများလည်း ပုံမှန်ယှဉ်ပြိုင် နေရန်ဖြစ်သည်။ ထိုသို့ လေ့လာယှဉ်ပြိုင် နေမှသာ မိမိ၏ ကရာတေး စွမ်းရည် တိုးတက်နေမည် ဖြစ်ပြီး ထိပ်တန်း ကရာတေး သမားတစ်ဦး အဖြစ်သို့ ရောက်ရှိမည် ဖြစ်သည်။ ကရာတေး နည်းစနစ် အသစ်များ၊ ကမ္ဘာ့ ချန်ပီယံ တို့၏ လမ်းညွှန်ချက် များကို ကရာတေး သမားတိုင်း လေ့လာနေသင့်သည်ဟု စိုင်းဉာဏ်လင်းက ယူဆသည်။ ထို့ပြင် ပြိုင်ဆိုင်မှု အတွေ့အကြုံ ရအောင် ပွဲများလည်း ယှဉ်ပြိုင်နေ သင့်သည်ဟု လမ်းညွှန်ခဲ့သည်။

“တခြားနိုင်ငံတွေက ကျွန်တော်တိုထက် စာရင် ကရာတေးမှာ အများကြီး အင်အား ကောင်းတယ်။ ကျွန်တော်တို့က သူများနိုင်ငံထက် နောက်ကျတယ်။ အများကြီး ဆက်လုပ်ဖို့ လိုပါတယ်။ နည်းစနစ် ပိုင်းကတော့ နောက်မကျဘူး။ အခုခေတ်က အင်တာနက်ခေတ် ဆိုတော့ အရာအားလုံးကို အွန်လိုင်းကနေ လေ့လာနိုင်တယ်။ ကမ္ဘာ့ ချန်ပီယံ တွေရဲ့ နည်းစနစ် တွေကို လေ့လာနိုင်တယ်။ ဘယ်နေရာမှာ အားနည်းသလဲ ဆိုတော့ ထိတွေ့မှု အားနည်းတာ။ ပြည်တွင်း ကစားသမား အချင်းချင်းပဲ ကစားနေရတာ များတယ်။ ပြည်ပပြိုင်ပွဲတွေမှာ နိုင်ငံတကာ ကစားသမား တွေနဲ့ များများ ထိတွေ့စေချင်တယ်” စိုင်းဉာဏ်လင်းက တိုက်တွန်းခဲ့သည်။

ONE: A New Tomorrow ပြိုင်ပွဲကို လာမည့် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Impact Arena တွင် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။ 

Leave a Reply

Your email address will not be published. Required fields are marked *