ONE Championship ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင် ကစားခဲ့သည့် နာမည်ကျော် မြန်မာ လက်ဝှေ့ကျော်များ အများအပြား ရှိသည့် အနက် လက်စွမ်းထက် လူငယ် ကစားသမား တစ်ဦးဖြစ်သည့် ရဲသွေးနီလည်း အပါအဝင် ဖြစ်သည်။ နောက်ဆုံး ကစားခဲ့သည့် ONE Championship လေးပွဲ ဆက်တိုက် အနိုင်ရထားခဲ့သည့် ရဲသွေးနီသည် ယင်းပြိုင်ပွဲ၏ မြန်မာ့ ရိုးရာ လက်ဝှေ့ကျော် များထဲတွင် အအောင်မြင်ဆုံး ကစားသမား တစ်ဦးလည်း ဖြစ်သည်။ ရဲသွေးနီကို ONE Championship ကစားသမား များနှင့် ပတ်သက်၍ ၎င်း အကြိုက်ဆုံး ကစားသမားများ အကြောင်း မေးမြန်းရာတွင် အောက်ပါအတိုင်း ဖြေကြားခဲ့သည်။

() အောင်လအန်ဆန်

ရဲသွေးနီ၏ အကြိုက်ဆုံး ကစားသမားမှာ ONE Championship ၏ အကောင်းဆုံး ကစားသမား တစ်ဦးဖြစ်သည့် ဝိတ်တန်းနှစ်ခု ချန်ပီယံ “မြန်မာ စပါးအုံး” အောင်လအန်ဆန် ဖြစ်သည်ဟု ဆိုသည်။ ရဲသွေးနီက အောင်လအန်ဆန်ကို လေးစားအားကျသူ ဖြစ်ပြီး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားတွင် အောင်လကဲ့သို့ အောင်မြင်မှုမျိုး မရလျှင်ပင် နာမည်တစ်လုံး ကျန်ခဲ့သူ ဖြစ်လိုသည်ဟု ဖြေကြားခဲ့သည်။ မြန်မာ နိုင်ငံတွင် လူငယ်များ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားအပေါ် စိတ်ဝင်စားမှု မြင့်မားလာခြင်းမှာလည်း အောင်လအန်ဆန်နှင့် ONE Championship ပြိုင်ပွဲများကြောင့် ဖြစ်သည်ဟု ရဲသွေးနီက သုံးသပ်ခဲ့သည်။ ၎င်းကိုယ်တိုင်ပင် ယခင်က ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား အကြောင်း ကြားပင် မကြားဖူးခဲ့သော်လည်း ONE Championship ပြိုင်ပွဲတွင် ဝင်ပြိုင်ဖြစ်ပြီး နောက်ပိုင်း စိတ်ဝင်စား လာခဲ့သည်ဟု ဆိုခဲ့သည်။

ONE Championship ၏ မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံ အောင်လအန်ဆန်သည် ရဲသွေးနီနှင့် ပြိုင်ပွဲ ၄ ပွဲအထိ အတူ ကစားခဲ့ဖူးသည်။ ယင်း ၄ ပွဲစလုံးတွင် အောင်လအန်ဆန်သည် ပြိုင်ဘက်များကို အသီးသီး အနိုင်ယူနိုင် ခဲ့ပြီး ရဲသွေးနီက ယင်းပွဲများကို လက်မလွတ်တမ်း အနီးကပ် ကြည့်ရှုလေ့လာခွင့် ရခဲ့သည်။ ရဲသွေးနီ ကိုယ်တိုင်လည်း အောင်လအန်ဆန်နှင့် ပြိုင်ပွဲ တစ်ခုတည်း အတူကစားခွင့် ရခဲ့သည့် ပွဲတိုင်းကို အနိုင်ရခဲ့သဖြင့် ၎င်းတို့နှစ်ဦးကို ကံစပ်သည်ဟု ဆိုနိုင်သည်။ ယင်းပြိုင်ပွဲ ၄ ပွဲတွင် ၂ ပွဲက အောင်လအန်ဆန်ကို ကမ္ဘာ့ချန်ပီယံ ခါးပတ်များ သိမ်းပိုက်နိုင်စေခဲ့သည့် ပွဲများဖြစ်သည်။

() Yoshitaka Naito

ရဲသွေးနီ၏ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမား ဘဝတွင် ပထမဆုံး ကစားခွင့်ရသည့် ONE Championship ပွဲမှာ ထိုင်း ကစားသမား Pongsiri Mitsatit နှင့်ပွဲ ဖြစ်သည်။ ယင်းပွဲကို ထိုင်းနိုင်ငံတွင် ကျင်းပသည့် ONE: Kingdom of Warrior ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်ပြီး အဆိုပါ ပြိုင်ပွဲ၏ အဓိကတွဲဆိုင်းမှာ ဂျပန်ကစားသမား Yoshitaka “Nobita” Naito နှင့် ထိုင်းကစားသမား Dejdamrong Sor Amnuaysirichoke တို့၏ စတောဝိတ်တန်း ချန်ပီယံ စိန်ခေါ်ပွဲ ဖြစ်သည်။ ယင်းပွဲတွင် Naito သည် အိမ်ရှင် နိုင်ငံသား လက်ရှိ ချန်ပီယံ Dejdamrong ကို ၎င်း၏မြေ ၎င်း၏ပရိသတ်များ ရှေ့တွင်ပင် မြေပြင်ချုပ်ကွက်ဖြင့် အနိုင်ယူခဲ့သောကြောင့် ရဲသွေးနီ သဘောကျသည့် ကစားသမား ဖြစ်လာခဲ့သည်။

အသက် ၂၂ နှစ်မှ ကိုယ်ခံပညာကို စတင်လေ့လာ သင်ယူခဲ့သူ Naito သည် ၂ဝ၁၂ ခုနှစ်တွင်မှ ပထမဆုံး ပရော်ဖက်ရှင်နယ် ပွဲကို စကစားခဲ့ခြင်းဖြစ်သည်။ သို့သော် အချိန်တို အတွင်း ဂျပန်နိုင်ငံမှ Shooto ပြိုင်ပွဲတွင် ဖလိုင်းဝိတ်တန်း ချန်ပီယံ ဖြစ်ခဲ့သလို ONE Championship သို့ ရောက်လာသည့် အခါတွင်လည်း စတောဝိတ်တန်း ချန်ပီယံ ဖြစ်လာခဲ့သည်။ Naito သည် အဆိုပါ ချန်ပီယံဆုကို စိန်ခေါ်လာသည့် Joshua Pacio (လက်ရှိ စတောဝိတ်တန်း ချန်ပီယံ ဖြစ်နေသူ) ကိုလည်း အနိုင်ရခဲ့ပြီး ရက်ပေါင်း ၅၆၁ ရက်ကြာ ချန်ပီယံ ခါးပတ်ကို ကာကွယ်နိုင်ခဲ့သည်။

() မိုက်ရိုင်း

ရဲသွေးနီ အကြိုက်ဆုံး နောက်ထပ် ကစားသမား တစ်ဦးမှာ ၎င်း၏ ရိုးရာလက်ဝှေ့ ပြိုင်ဘက် တစ်ဦးဖြစ်သော မိုက်ရိုင်း ဖြစ်သည်။ မိုက်ရိုင်းသည် ONE Championship တွင် နှစ်ပွဲသာ ကစားဖူးပြီး တစ်ပွဲနိုင်၊ တစ်ပွဲရှုံး ရလဒ်သာ ရှိသော်လည်း ရဲသွေးနီနှင့် ပြိုင်ဆိုင်မှု ပြင်းထန်သည့် ပြိုင်ဘက် ဖြစ်သဖြင့် သဘောကျခြင်း ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် ရိုးရာလက်ဝှေ့ ကြိုးဝိုင်းထဲတွင် ၄ ကြိမ် တွေ့ဆုံခဲ့ဖူးရာ တစ်ယောက် တစ်ပွဲစီ အနိုင်ရထားပြီး ကျန် ၂ ပွဲကို သရေကျ ထားသည်။ ONE Championship ကြိုးဝိုင်းထဲတွင် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား စည်းမျဉ်းများဖြင့် ယှဉ်ပြိုင်သည့်အခါ ရဲသွေးနီက အမှတ်ဖြင့် အနိုင်ရခဲ့သည်။

အသက် ၂၉ နှစ် ရှိသူ ကရင်လူမျိး လက်ဝှေ့ကျော် မိုက်ရိုင်းသည် လက်ဝှေ့ ပွဲပေါင်း ၇ဝ ကျော် ယှဉ်ပြိုင် ထိုးသတ် ခဲ့ကာ တစ်ချိန်က မြန်မာ့ လက်ရွေးစင် ကစားသမား တစ်ဦးအဖြစ် မွေထိုင်း ပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင် ခဲ့ဖူးသည်။ ၎င်းသည် ၂ဝ၁၃ ဆီးဂိမ်းစ် ပြိုင်ပွဲ၏ ၅၄ ကီလိုတန်း မွေထိုင်း ပြိုင်ပွဲတွင်လည်း နိုင်ငံအတွက် ရွှေတံဆိပ် ဆွတ်ခူးခဲ့သည်။ ထို့ပြင် ၂ဝ၁၅ နှင့် ၂ဝ၁၆ တို့တွင်လည်း ၂ နှစ် ဆက်တိုက် ချန်ပီယံ ရွှေခါးပတ် သိမ်းပိုက်နိုင်ခဲ့သည့် ကစားသမား ဖြစ်သည်။ ထို့ကြောင့် မိုက်ရိုင်းကို ရဲသွေးနီက ယှဉ်ပြိုင်ရခက်သော ကစားသမား တစ်ဦးဟု ထုတ်ဖော်ချီးကျူး ထားသည်။

() Mei Yamaguchi

ONE Championship တွင် ယှဉ်ပြိုင်ကစားနေသည့် အမျိုးသမီး ကစားသမားများထဲတွင် Mei Yamaguchi သည် ပရိသတ် အားပေးမှု မြင့်မားသည့် ကစားသမား တစ်ဦးဖြစ်သည်။ စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်အတွက် နှစ်ကြိမ်တိုင်တိုင် စိန်ခေါ်ခဲ့ဖူးသည့် Mei ကို အားပေးသည့် ပရိသတ် အများအပြား ရှိသည့်အနက် ရဲသွေးနီလည်း တစ်ယောက် အပါအဝင် ဖြစ်သည်။ ရဲသွေးနီနှင့် Mei သည် ၂ဝ၁၇ ဇူလိုင်လက မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ONE: Light of a Nation ပြိုင်ပွဲတွင် အတူတကွ ပါဝင်ယှဉ်ပြိုင် ခဲ့ဖူးပြီး ရဲသွေးနီက ပတ်ကျော်လင်းနိုင်ကို အနိုင်ရခဲ့သလို Mei က Jenny Huang ကို အနိုင်ရခဲ့သည်။ ယင်းပြိုင်ပွဲ၏ တစ်ခုတည်းသော အမျိုးသမီး ပွဲစဉ်လည်း ဖြစ်သဖြင့် Mei ၏ ကစားပုံကို သဘောကျခဲ့ခြင်း ဖြစ်သည်။

အသက် ၃၆ နှစ်ရှိသူ Mei သည် ဂျပန်နိုင်ငံတွင် ကျင်းပသော ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားပွဲများ ဖြစ်သည့် Deep Jewels, Smackgirl-F, Valkyrie ပြိုင်ပွဲများတွင် ချန်ပီယံ ဖြစ်ခဲ့ဖူးသလို Shoot Boxing ဖလား ပြိုင်ပွဲတွင်လည်း နှစ်ကြိမ်တိုင်တိုင် ဒုတိယ ရခဲ့ဖူးသူ ဖြစ်သည်။ သူနှင့် Angela Lee တို့ ၂ဝ၁၆ မေလက ကစားခဲ့သော ကမ္ဘာ့ချန်ပီယံ လုပွဲကို ကမ္ဘာ့အကောင်းဆုံး ပွဲတစ်ပွဲ အဖြစ် မှတ်တမ်းတင် ခံခဲ့ရဖူးသည်။

ONE: IMMORTAL TRIUMPH ပြိုင်ပွဲကို လာမည့် စက်တင်ဘာလ ၆ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာစံတော်ချိန် ည ၈နာရီအချိန်တွင် Skynet Sports 3 နှင့် MNTV တို့တွင် တိုက်ရိုက်ထုတ်လွင့်မည်ဖြစ်ပြီး ONE Championship ၏ ONE Super App https://www.onefc.com/download-app/ တွင် ညနေ ၅ နာရီကတည်းက စတင်ပြသမည်ဖြစ်ရာ အခမဲ့ ဒေါင်းလုပ်ပြုလုပ်၍ ကြည့်ရှုနိုင်ပါသည်။ 

Please follow and like us:
error0

Leave a Reply

Your email address will not be published. Required fields are marked *