မြန်မာ့စပါးအုံး အောင်လအန်ဆန် သည် ဂျပန်နိုင်ငံတွင် ကျင်းပခဲ့သည့် ONE: Century ပြိုင်ပွဲတွင် ၎င်း၏ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို စိန်ခေါ်သူ  Brandon Vera ကို အနိုင်ရရှိခဲ့ပြီးနောက် နိုဝင်ဘာလ ၉ ရက်နေ့တွင် မွေးရပ်မြေ ခေတ္တပြန်လည်ရောက်ရှိလာခဲ့သည်။ အောင်လအန်ဆန်သည် မြန်မာနိုင်ငံတွင် ပရဟိတလှုပ်ရှားမှုအချို့ပြုလုပ်ခဲ့ပြီး Myanma Awba အစီအစဉ်ဖြင့် မြို့ကြီး ၅မြို့ရှိ တောင်သူ လယ်သမားကြီးများနှင့်လည်း တွေ့ဆုံခဲ့သည်။

၎င်းခရီးစဉ်တွင် အောင်လအန်ဆန်သည် ဝေးကွာနေသည့် မြန်မာအစားအစာအချို့ကို စိတ်ကြိုက်စားသောက်ခွင့်ရခဲ့ပြီး ၎င်းကြိုက်နှစ်သက်ခဲ့သည့် မြန်မာအစားအစာအချို့ကိုလည်း ၎င်း၏လူမှုကွန်ယက်ပေါ်တွင် ပြန်လည်မျှဝေပေးခဲ့သည်။ 

၁။ မုန့်ဟင်းခါး 

မြန်မာနိုင်ငံ၏ အထင်ကရ အစားအသောက်ထဲတွင် မုန့်ဟင်းခါးသည် လူသိအများဆုံးနှင့် ကြိုက်နှစ်သက်သူ အများဆုံးသော အစားအစာဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံးတွင် မုန့်ဟင်းခါးကို ပုံစံအမျိုးမျိုးဖြင့် တွေ့မြင်နိုင်သည်။ သို့သော် နာမည်အကြီးဆုံးမှာ ဟင်္သာတ မုန့်ဟင်းခါးဖြစ်သည်။ 

အောင်လအန်ဆန်သည် ဟင်္သာတခရီးစဉ်တွင် စားသောက်ခဲ့သည့် ဟင်္သာတ မုန့်ဟင်းခါး အကြောင်းကို ၎င်း၏လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ပြန်လည်ဝေမျှပေးခဲ့သည်။ 

“ မုန့်ဟင်းခါးက ရေချိုငါးအနှစ်ကို အခြေခံပြီး မုန့်ဖတ်နဲ့တွဲဖက်စားသောက်ရတဲ့ အရာမျိုးပါ။ ဂျပန်မှာဆိုရင် Ramen ခေါက်ဆွဲဟာ ကမ္ဘာ့နာမည်ကြီး အစားအသောက်ပါ ဒီခေါက်ဆွဲဆိုရင် အနည်းဆုံး ယန်း ၁ထောင်လောက်ကျပါတယ်။ မုန့်ဟင်းခါးက မြန်မာငွေ တစ်ထောင် လောက်ပဲရှိပါတယ်။” ဟု အောင်လအန်ဆန်က ဆိုသည်။ 

ဂျပန်နိုင်ငံ၏ Ramen ခေါက်ဆွဲ၊ ဗီယက်နမ်နိုင်ငံ၏ Pho ခေါက်ဆွဲ နှင့် မုန့်ဟင်းခါး တို့ကို နှိုင်းယှဉ်ဖော်ပြခဲ့ပြီး မုန့်ဟင်းခါးသည် ကုန်ကျစရိတ်နည်းသည့်အတွက် ပိုက်ဆံအိတ်ထဲမှ ငွေအများကြီး မထွက်သွားစေကြောင်း ၎င်း၏ လူမှုကွန်ယက်တွင် ရေးသားဖော်ပြခဲ့သည်။ 

၂။ တောင်ငူ မုန့်ဟင်းခါး 

မြန်မာ့ရိုးရာ အစားသောက်များတွင် တောင်ငူ မုန့်ဟင်းခါးသည် မူလ မုန့်ဟင်းခါးကို အခြေခံသော်လည်း ဒေသကွဲလွဲမှုကြောင့် ပုံစံအနည်းငယ် ကွဲလွဲသွားခြင်းမျိုးဖြစ်သည် ။တောင်ငူမုန့်ဟင်းခါးသည် မုန့်ဟင်းခါးဖတ်ကို ဆီချက်နိုင်နိုင်ထည့်ပြီး အသုပ်ပုံစံ စားလို့ရသလို အသုပ်မကြိုက်လျှင် ဟင်းရည်ကျဲနှင့် ရော၍ ပုံစံနှစ်မျိုး စားသုံးနိုင်အောင် စီစဉ်ထားသည်။ 

“ တောင်ငူ မုန့်ဟင်းခါးက မုန့်ဖတ်သပ်သပ် အရည်သပ်သပ် ပုံစံမျိုးပါ။ မုန့်ဟင်းရည်က ရေကျဲကျဲပုံစံဖြစ်ပြီး မုန့်ဖတ်သုပ်ဟာ အရသာကောင်းပြီး အသီးအရွက် ကြိုက်သူတွေအတွက် အရမ်းသင့်တော်ပါတယ်။ ကျွန်တော်ကတော့ တောင်ငူ မုန့်ဟင်းခါးကိုပိုကြိုက်ပါတယ်။ သင်တို့ရော ဟင်္သာတနဲ့ တောင်ငူ ဘယ်ဟာ ပိုကြိုက်လဲ။ ကျွန်တော် ဒီမှာ ကြာကြာနေရင်တော့ မကြာခင် ဝလာတော့မယ်” လို့ အောင်လက အရွန်းဖောက်ပြီး ပြောခဲ့သည်။ 

 ၃။ ကြေးအိုး

အောင်လအန်ဆန် ကြိုက်နှစ်သက်သည့် အစားအသောက်ထဲတွင် ကြေးအိုးလည်း အပါအဝင်ဖြစ်သည်။ အချို့က ကြေးအိုးသည် တရုတ်ရိုးရာ အစားအစာတစ်ခုဟု ထင်ယောင်ထင်မှားယူဆကြသည်။ တရုတ်နိုင်ငံမှ ထွက်ပြေးလာခဲ့ပြီး မြန်မာနိုင်ငံတွင် အခြေချနေထိုင်ခဲ့ကြသည့် တရုတ်လူမျိုးတို့မှ ကြေးအိုဆိုသည့် နူညံ၍ အရသာရှိသော စားသောက်ဖွယ်ရာ တစ်ခုကို ဖန်တီးခဲ့ခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံတွင် သက်တမ်းအကြာဆုံး ကြေးအိုး စားသောက်ဆိုင်မှာ ကြေးအိုးဘုရင်ဖြစ်ပြီး ၁၉၆၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ရာ နှစ်ပေါင်း ၅၁ နှစ်တိုင် ရှိပြီဖြစ်သည်။ 

အောင်လအန်ဆန်သည် ONE Championship အစီအစဉ်ဖြင့် မြန်မာနိုင်ငံတွင်ပြုလုပ်သည့် Global Citizen လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး MyMe Project နှင့် ပူးပေါင်းကာ မွန်ပြည်နယ်ရေဘေးတွင် ပျက်စီးဆုံးရှုံးသွားသော ကျောင်းများ ပြန်လည်ပြုပြင်ရေးအတွက် အလှူငွေပေးအပ်ခဲ့ပြီး ကျောင်းပြင်ပ ပညာသင်ကြားနေသည့် ကျောင်းသားများနှင့် တွေ့ဆုံ့ကာ အားပေးခဲ့သည်။ ထို့နောက် အောင်လအန်ဆန်သည် နေ့လည်စာကို ၎င်းကြိုက်နှစ်သက်သည့် ကြေးအိုးကို ရွေးချယ်ခဲ့သည်။ 

“ ကြေးအိုက ဗီယက်နမ်ခေါက်ဆွဲ Pho Noddle လို ပုံစံမျိုးပဲ။ ဒါပေမယ့် ကြေးအိုးက အရသာပိုရှိတယ်။  ကြေးအိုးက ကြိုက်နှစ်သက်နဲ့ အစားအစာ တစ်ခုတည်းမှာပါပါတယ်။” ဟု အောင်လအန်ဆန်က ပြောကြားခဲ့သည်။ 

Please follow and like us:
error0

Leave a Reply

Your email address will not be published. Required fields are marked *