နိုင်ငံပေါင်းစုံမှ ကိုယ်ခံပညာရှင်များစွာ ပါဝင်ယှဉ်ပြိုင်နေသည့် ONE Championship သည် အာရှ၏ အကြီးကျယ်ဆုံး ကိုယ်ခံပညာသိုင်း ပေါင်းစုံအားကစားပြိုင်ပွဲကြီးတစ်ခုလည်း ဖြစ်သည်။ ယင်းပြိုင်ပွဲကြီးတွင် ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမားများသာမက လက်ဝှေ့၊ မွေထိုင်း၊ Kickboxing နှင့် အခြား ကိုယ်ခံပညာရပ် အမျိုးမျိုးတို့ကို ထည့်သွင်းကျင်းပပေးလျက်ရှိသည်။ ONE Championship ပါဝင် ယှဉ်ပြိုင်နေသည့် နိုင်ငံပေါင်းစုံမှ ကစားသမားများထဲတွင် အိန္ဒိယ အားကစားသမားများလည်း အပါအဝင်ဖြစ်ရာ အကောင်းဆုံး အိန္ဒိယအားကစားသမားအချို့အကြောင်း စုစည်းတင်ပြလိုက်ရပါသည်။

() Arjan Bhullar

ONE: Century ပြိုင်ပွဲတွင် တစ်ပွဲတည်းသော ဟဲဗီးဝိတ်တွဲဆိုင်းအဖြစ် အီတလီအားကစားသမား Mauro “The Hammer” Cerilli နှင့် ရင်ဆိုင်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည့် Arjan “Singh” Bhullar သည် ONE Championship ၏ အကောင်းဆုံး အိန္ဒိယ အားကစားသမား တစ်ဦး ဖြစ်သည်။ အသက် ၃၃ နှစ်အရွယ် Bhullar သည် ပြီးခဲ့သည့် ဇူလိုင်က ONE Championship သို့ စာချုပ်ချုပ်ဆို ရောက်ရှိလာခဲ့ပြီးနောက် ၎င်းပြိုင်ပွဲတွင် ပထမဆုံးပွဲဦးထွက်အဖြစ် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။ 

UFC ပြိုင်ပွဲမှ ပြောင်းရွှေ့လာသည့် Bhullar သည် အိန္ဒိယလူမျိုး ဖြစ်သော်လည်း ကနေဒါနိုင်ငံတွင် မွေးဖွားကြီးပြင်းခဲ့ကာ ကနေဒါလက်ရွေးစင်အဖြစ် နိုင်ငံတကာနပမ်းပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသည်။ ၂ဝဝ၉ ခုနှစ်က ကနေဒါ၏ အကောင်းဆုံး နပမ်းသမားအဖြစ်လည်း ရွေးချယ်ခံခဲ့ရဖူးသူ Bhullar သည် ၂ဝ၁ဝ ဓနသဟာယ အားကစား ပြိုင်ပွဲတွင် ကနေဒါအတွက် ရွှေတံဆိပ် ရယူပေးခဲ့ဖူးသည်။

Bhullar သည် ၂ဝ၁၄ တွင် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားလောကထဲ စတင်ဝင်ရောက်လာခဲ့ကာ ကနေဒါ၏ BFL ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ပထမဆုံးယှဉ်ပြိုင်သည့် ၆ ပွဲဆက်တိုက် အနိုင်ရခဲ့ကာ BFL ၏ ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကိုလည်း သိမ်းပိုက် နိုင်ခဲ့သည်။ ၂ဝ၁၇ တွင် Bhullar သည် UFC သို့ ပြောင်းရွှေ့ခဲ့ပြီး ၂ နှစ်အတွင်း ပြိုင်ပွဲ ၄ ပွဲ ယှဉ်ပြိုင်ခွင့်ရခဲ့ရာ တစ်ပွဲသာ ရှုံးနိမ့်ကာ ကျန်ပွဲအားလုံး အနိုင်ရခဲ့သည်။ နပမ်းသမားဟောင်းဖြစ်သဖြင့် နိုင်ပွဲအများစုကို မြေပြင်ချုပ်ကွက်ဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်သော်လည်း အလဲထိုးနိုင်ပွဲများလည်း ရှိခဲ့သည်။ Bhullar သည် Cerilli ကို အနိုင်ရရှိခဲ့ပြီးနောက် ONE ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ Brandon Vera ၏ ခါးပတ်ကို လုယူရန် အလားအလာ အကောင်းဆုံးကစားသမား ဖြစ်လာခဲ့သည်။ 

() Gurdarshan Mangat

Bhullar ကဲ့သို့ပင် ကနေဒါနိုင်ငံတွင် မွေးဖွားကြီးပြင်းခဲ့သည့် နောက်ထပ် အိန္ဒိယအားကစားသမားကောင်းတစ်ဦးမှာ Gurdarshan “Saint Lion” Mangat ဖြစ်သည်။ ကစားသမားဘဝတစ်လျှောက် ၁၅ ပွဲ အနိုင်ရခဲ့ပြီး ၂ ပွဲသာ ရှုံးနိမ့်ဖူးသည့် Mangat သည် နောက်ဆုံး ကစားခဲ့သည့် ၅ ပွဲ ဆက်တိုက် အနိုင်ရထားသူလည်းဖြစ်သည်။ ကနေဒါနိုင်ငံမှ BFL ပြိုင်ပွဲတွင် ကစားသမားဘဝကို စတင်ခဲ့သူ Mangat သည် ၂ဝ၁၆ ခုနှစ်ဝန်းကျင်တွင် အိန္ဒိယသို့ပြန်လာပြီး Brave နှင့် SFL စသည့် ပြိုင်ပွဲများတွင် ပါဝင်လက်စွမ်းပြခဲ့သည်။ ယခုနှစ်ဆန်းတွင် ONE Championship နှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး စတင်ပါဝင်ကစားခွင့်ရသည့် နှစ်ပွဲဆက်တိုက် အနိုင်ရထားသည်။

Mangat သည် ပိုမိုမြင့်မားသည့် လူနေမှုဘဝအတွက် ကနေဒါနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည့် အိန္ဒိယမိသားစုမှ ပေါက်ဖွားခဲ့သူဖြစ်ပြီး ငယ်စဉ်က ၎င်း၏မိသားစုသည် နိုင်ငံသစ်တွင် အခြေကျနိုင်ရန် ရုန်းကန်ခဲ့ရသဖြင့် ၎င်း၏ ငယ်ဘဝက ခက်ခဲခဲ့သည်။ အင်္ဂလိပ်စကား လုံး ဝမတတ်သည့် မိသားစုဖြစ်သဖြင့် Mangat ကိုယ်တိုင် ၆ နှစ်သားအရွယ်ဖြင့်ပင် မိဘများကို ကျောင်းစာများ ပြန်သင်ပေးခဲ့ရသည်။ အ ရွယ်ရောက်သည့်အခါ စာရင်းကိုင်တစ်ဦးအဖြစ် အသက်မွေးရန် ရည်ရွယ်ခဲ့သည့် Mangat သည် ကျောင်းဆရာဘဝဖြင့် ချန်ပီယံဖြစ်ခဲ့ သော Rich Franklin ၏ ဘဝသင်ခန်းစာများကို မှတ်သားနာယူမိခဲ့ပြီး ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမားဘဝသို့ ကူးပြောင်း လာခဲ့ခြင်းဖြစ်သည်။ အသက် ၃၂ နှစ်ရှိသူ Mangat သည် BFL ၏ ဖယ်သာဝိတ်တန်းတွင် ချန်ပီယံဖြစ်ခဲ့ဖူးသည်။

() Rajinder Singh Meena

ONE Championship တွင် ၂ဝ၁၅ ခုနှစ်ကတည်းက ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသည့် Rajinder Singh “Knockout” Meena သည်လည်း လက်စွမ်းထက်သည့် ကစားသမားတစ်ဦးဖြစ်သည်။ ဝူရှူးအားကစားတွင် ငါးကြိမ်တိုင်တိုင် အိန္ဒိယချန်ပီယံဖြစ်ခဲ့ဖူးသလို Kickboxing တွင်လည်း အိန္ဒိယချန်ပီယံ နှစ်ကြိမ်ဖြစ်ဖူးသည့် Meeba သည် ဒေသတွင်း လက်ဝှေ့ချန်ပီယံလည်း ဖြစ်သည်။ အိန္ဒိယ ဝူရှူးလက်ရွေးစင် အဖြစ် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ပြိုင်ခဲ့ဖူးသလို တောင်အာရှအားကစားပြိုင်ပွဲတွင်လည်း နိုင်ငံအတွက် ဆုတံဆိပ်များ ဆွတ်ခူးပေးခဲ့ဖူး သည်။

Meena သည် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားလောကထဲသို့ ဝင်လာသည့်အခါတွင်လည်း တာထွက်ကောင်းခဲ့ပြီး ပထမဆုံး ၆ ပွဲ ဆက်တိုက် အနိုင်ရခဲ့သည်။ SFL ပြိုင်ပွဲ၏ လိုက်ဝိတ်တန်းချန်ပီယံဖြစ်ခဲ့ပြီး ၎င်း၏ ဆုဖလားဗီရိုထဲသို့ နောက်ထပ် အားကစားနည်း တစ်မျိုးမှ ဆုတံဆိပ်ကို ထည့်သွင်းသိမ်းဆည်းနိုင်ခဲ့သည်။ SFL တွင် ကစားခဲ့သည့် ၉ ပွဲတွင် တစ်ပွဲသာ ရှုံးနိမ့်ဖူးသည့် Meena ကို ONE Championship က ခေါ်ယူခဲ့သည်။ သို့သော် ONE Championship ၏ လိုက်ဝိတ်တန်းသည် ကစားသမားကောင်း ပေါများသည့် ဝိတ်တန်းတစ်ခုဖြစ်သောကြောင့် Meena သည် နိုင်ပွဲရရန် ရုန်းကန်ခဲ့ရပြီး ၂ဝ၁၈ ခုနှစ်တွင်မှ ၎င်း၏ ပထမဆုံး ONE Championship နိုင်ပွဲကို စတင်ရရှိခဲ့သည်။

() Puja Tomar

အိန္ဒိယအမျိုးသမီးအားကစားသမား Puja “The Cyclone” Tomar သည် ONE Championship ၏ အကောင်းဆုံး အိန္ဒိယ ကစားသမား များစာရင်းတွင် ထည့်သွင်းရမည့် ကစားသမားတစ်ဦးဖြစ်သည်။ အိန္ဒိယ ဝူရှူးတံခွန်စိုက်ပြိုင်ပွဲများတွင် အကြိမ်ကြိမ်ဗိုလ်စွဲခဲ့ဖူးသူ Tomar သည် အိန္ဒိယ ကျေးလက်ဒေသရှိ လယ်သမားမိသားစုတစ်စုမှ ပေါက်ဖွားလာခဲ့သူဖြစ်သည်။ Tomar အသက် ၇ နှစ် အရွယ်တွင် ဖခင်ဖြစ် သူ ကွယ်လွန်သွားသဖြင့် ၎င်းတို့ မိသားစုအတွက် ပိုမိုခက်ခဲသည့်ကာလကို ဖြတ်သန်းခဲ့ရသည်။ သို့သော် ထိုစဉ်ကတည်းက Tomar သည် သွက်သွက်လက်လက် ချက်ချက်ချာချာရှိခဲ့ပြီး ကျောင်းတစ်ဖက် အိမ်အလုပ်တစ်ဖက် လုပ်ရသည့်တိုင် မငြီးမငြူဘဲ အပြုံးမပျက် လုပ်နိုင်ခဲ့သည်။

ဝူရှူးအားကစားကို Tomar သင်ယူစဉ်ကလည်း ထူးချွန်သည့် အားကစားသမားဖြစ်လျှင် မိသားစုကို ထောက်ပံ့နိုင်မည်ဆိုသည့် မျှော်လင့် ချက်ဖြင့် ကြိုးစားသင်ယူခဲ့သည်။ မျှော်မှန်းသည့်အတိုင်း ဝူရှူးအားကစားတွင် အိန္ဒိယချန်ပီယံ ၄ ကြိမ်ဖြစ်သည်အထိ အောင်မြင်ခဲ့သော် လည်း ငွေကြေးဥစ္စာ ပြည့်စုံသည့်အနေအထားတစ်ခုသို့ ရောက်မလာသဖြင့် Tomar သည် အခြား အားကစားနယ်ပယ်တစ်ခုသို့ ကူး ပြောင်းရန် စဉ်းစားခဲ့သည်။ ထိုအချိန်တွင် Crossfit Fitness Academy အတွက် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမားများကို ရှာဖွေနေသည့် ကင်းထောက်များက Tomar ကို သတိပြုမိခဲ့ပြီး ၎င်းတို့နှင့်လက်တွဲရန် ကမ်းလှမ်းခဲ့ရာမှ လက်ရှိ နယ်ပယ်ထဲ ရောက်လာ ခဲ့ခြင်း ဖြစ်သည်။ Tomar သည် SFL ပြိုင်ပွဲတွင် ရှုံးပွဲတစ်ပွဲသာရှိခဲ့ပြီး ကျန်ပွဲများအားလုံး အနိုင်ရခဲ့သော်လည်း ONE Championship တွင်မူ ၂ ပွဲဆက် ရှုံးခဲ့ပြီး တတိယမြောက်ပွဲတွင်မှ နိုင်ပွဲ ပြန်ရှာနိုင်ခဲ့သည်။

() Asha Roka

အသက် ၂၁ နှစ်သာရှိသေးသည့် လူငယ်အမျိုးသမီးအားကစားသမား Asha “Knockout Queen” Roka မှာလည်း စိတ်ဝင်စားဖွယ် လက်စွမ်းထက် ကစားသမားတစ်ဦးဖြစ်သည်။ Roka သည် ၎င်း၏ ပထမဆုံး ONE Championship ပွဲတွင် အားကစားနည်းနှစ်ခုဖြင့် ကမ္ဘာ့ချန်ပီယံဖြစ်ထားသည့် Stamp Fairtex ကို ရှုံးနိမ့်ထားသည်။ ယင်းရှုံးပွဲက ၎င်း၏ဘဝတွင် ပထမဆုံး ရှုံးပွဲဖြစ်ပြီး ယင်းပွဲမတိုင်မီက ၄ ပွဲဆက် အနိုင်ရလဒ် ရရှိထားသူဖြစ်သည်။ အိန္ဒိယလက်ဝှေ့ချန်ပီယံ Roka သည် SFL ပြိုင်ပွဲတွင် လက်စွမ်းထက်မြက်သည့် ပြည်ပပြိုင် ဘက်များကို မြေပြင်ချုပ်ကွက်၊ အလဲထိုးကွက်များဖြင့် အနိုင်ရထားခဲ့သည်။

Roka သည် နီပေါမျိုးနွယ်မှ ဆင်းသက်လာသူဖြစ်ပြီး ဖခင်ဖြစ်သူမှာ အလုပ်ကြမ်းသမားဖြစ်သော်လည်း သားသမီးများကို အားကစား ထူးချွန်အောင် မြေတောင်မြှောက်ပေးခဲ့သည်။ ထို့ကြောင့် Roka ၏ မောင်နှမများသည် ခရစ်ကတ်၊ လက်ဝှေ့ စသည့် အားကစားများကို ငယ်စဉ်ကတည်းက ကစားခဲ့ပြီး ၎င်းတို့ထဲတွင်မှ Roka သည် လက်ဝှေ့တွင် အထူးချွန်ဆုံးဖြစ်ခဲ့သည်။ Roka သည် ကိုယ်ခံပညာသိုင်း ပေါင်းစုံအားကစားကို ရုပ်သံမှ ကြည့်ရှုမိရင်း သဘောကျသွားကာ လက်ဝှေ့နယ်ပယ်မှ ကူးပြောင်းခဲ့သည်။ ၎င်း၏ ပထမဆုံးပွဲတွင် ပြိုင်ဘက်ကို ၉ စက္ကန့်ဖြင့် အလဲထိုးနိုင်ခဲ့သဖြင့် Roka ၏ နာမည်ကို ပရိသတ်အများအပြား သတိပြုမိခဲ့ကြပြီး အလဲထိုးဘုရင်မဟု ကြိုး ဝိုင်းနာမည် ရလာခဲ့ခြင်းဖြစ်သည်။

Please follow and like us:
error0

Leave a Reply

Your email address will not be published. Required fields are marked *