အာရှ၏ အကြီးကျယ်ဆုံး ကိုယ်ခံပညာ ပြိုင်ပွဲကြီး ဖြစ်သော ONE Championship တွင် နိုင်ငံတကာ ကိုယ်ခံပညာရှင် အများအပြား ပါဝင်ယှဉ်ပြိုင် နေကြသည့် အနက် မြန်မာနိုင်ငံမှ လက်ဝှေ့သမားများလည်း ပါဝင်နေသည်ကို တွေ့ရသည်။ အဆိုပါ လက်ဝှေ့ သမားများ ထဲတွင် လူသိများသည့် “ဘူရှီဒို” ဖိုးသော် ရဲသွေးနီ မိုက်ရိုင်း သပြေညို သွေးသစ်အောင် စသည့် နာမည်ကြီး ကစား သမားများပါဝင်နေ သကဲ့သို့ ပြည်တွင်း လက်ဝှေ့ ပရိသတ်များ အကြားတွင်သာ ကျော်ကြားသည့် ရွက်ပုန်းသီး ကစားသမား အချို့လည်း ပါဝင်နေသည်။ ONE Championship တွင် လက်သွေးခဲ့ ဖူးသည့် ရွက်ပုန်းသီး ကစားသမား အချို့၏ အကြောင်း စုစည်းတင်ပြလိုက်ရပါသည်။

() စောအယ်လေး

ကရင်လူမျိုး လက်ဝှေ့သမား တစ်ဦး ဖြစ်သည့် စောအယ်လေးသည် မြန်မာ့လက်ဝှေ့တွင် ရွှေခါးပတ် ရခဲ့ဖူးသည့် ကစားသမား တစ်ဦး ဖြစ်သလို ONE Championship တွင် ပွဲနှစ်ပွဲပါဝင် ကစားခဲ့ဖူးသူ ဖြစ်သည်။ အသက် ၃၀ ရှိပြီ ဖြစ်သည့် စောအယ်လေး၏ ငယ်ဘ၀က ပထမဆုံး လေ့လာသင်ယူ ခဲ့ဖူးသည့် ကိုယ်ခံပညာမှာ ရိုးရာ လက်ဝှေ့ မဟုတ်ဘဲ Boxing ဟုခေါ်သည့် အနောက်တိုင်း လက်ဝှေ့ ပညာ ဖြစ်သည်။ ငယ်ငယ် ကတည်းက မိဘများနှင့် ခွဲ၍နေခဲ့ရသည့် စောအယ်လေးသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် ကိုယ်ခံပညာ သင်ယူ ခဲ့ခြင်းဖြစ်ကာ နောက်ပိုင်းတွင် ရိုးရာလက်ဝှေ့ကို ပိုစိတ်ဝင်စားလာခဲ့ပြီး ပြိုင်ပွဲများ တစိုက်မတ်မတ် ယှဉ်ပြိုင်ကစားခဲ့သည်။

T&T ကလပ်တွင် ပါဝင်ကစားနေသည့် စောအယ်လေးသည် ONE Championship ပြိုင်ပွဲကိုပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် လက်ဝှေ့ ပညာ ကိုသာမက ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားတွင် အသုံးပြုသော မြေပြင်ချုပ်ကွက်များကိုပါ ပြန်လည် လေ့လာသင်ယူခဲ့သည်။ ထို့ကြောင့် ၂၀၁၅ ခုနှစ်တွင် ၎င်း၏ ပွဲဦးထွက်ပွဲယှဉ်ပြိုင်ခွင့်ရခဲ့ရာ စောလှဒိုးကို အမှတ်ဖြင့် အနိုင်ရခဲ့သည်။ သို့သော် စောအယ်လေးသည် ၎င်း၏ ဒုတိယမြောက် ပွဲတွင် ဖိုးသော်နှင့် ရင်ဆိုင်ခဲ့ရာ ပထမအချီတွင် အလဲထိုးခံရပြီး ရှုံးနိမ့်ခဲ့သည်။

() စောရန်ပိုင်

မြန်မာ့လက်ဝှေ့ လောကတွင် လူသိများသည့် နောက်ထပ် ကရင် ကစားသမား တစ်ဦးဖြသည့် စောရန်ပိုင် သည်လည်း ONE Championship ၏ ကစားသမား တစ်ဦး ဖြစ်ခဲ့ဖူးသည်။ မွန်ပြည်နယ်၊ သထုံမြို့အနီးရှိ ကျေးရွာလေးတစ်ရွာတွင် မွေးဖွားခဲ့သူ စောရန်ပိုင်သည် လက်ဝှေ့ပညာကို မြိုင်ကလေး ဘိလပ်မြေစက်ရုံ ကလပ်မှ ဆရာ မိုးပုလဲ ထံတွင် အနီးကပ်သင်ယူခဲ့သည်။ ပထမတန်း လက်ဝှေ့သမား ဘ၀သို့ မရောက်ခဲ့ သော်လည်း လက်ရှိပထမတန်း ကစားသမားများ ဖြစ်ကြသော ထွန်းထွန်းမင်း၊ တူးတူး၊ စိုးလင်းဦး စသည့် ကစားသမား အားလုံးနှင့် ရင်ဆိုင်ခဲ့ဖူးသူ ဖြစ်သည်။

ဝိတ်တန်းအလိုက် အောင်လံများ၊ ဆုတံဆိပ်များ အများအပြား ဆွတ်ခူးခဲ့ဖူးသည့် စောရန်ပိုင်သည် ONE Championship တွင် ၂၀၁၆ ခုနှစ် ကတည်းကပါဝင်ယှဉ်ပြိုင် ခဲ့ဖူးခြင်းဖြစ်သည်။ စောရန်ပိုင်သည် ဖယ်သာဝိတ်တန်း မြန်မာတံခွန်စိုက် ရှုံးထွက်ပွဲကို ယှဉ်ပြိုင်ခဲ့ရခြင်း ဖြစ်ကာ တစ်ညတည်းနှစ်ပွဲ ကစားခဲ့ရသည်။ ပထမပွဲတွင် စောရန်ပိုင်သည် ရဲရင့်အောင်ကို အမှတ်ဖြင့် အနိုင်ရကာဗိုလ်လုပွဲ တက်ခဲ့သည်။ ဗိုလ်လုပွဲတွင်မှ ဖိုးသော်ကို ပထမအချီနှင့် ရှုံးနိမ့်ကာ ချန်ပီယံ ဖြစ်ခွင့်လက်လွှတ်ခဲ့ရသူ ဖြစ်သည်။

() ရဲရင့်အောင်

၂၀၁၄ ခုနှစ်၏ ပြည်နယ်နှင့်တိုင်း လက်ဝှေ့ ချန်ပီယံ အဖြစ် ပြည်တွင်း လက်ဝှေ့ ပရိသတ်များအကြား လူသိများသည့် ရဲရင့်အောင် သည်လည်း ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားကို ONE Championship တွင် မြည်းစမ်းခဲ့ဖူးသူ ဖြစ်သည်။ ရဲရင့်အောင်သည် မြန်မာပြည် အလယ်ပိုင်း၊ သရက်ချောင်း မြို့နယ် ဇာတိဖြစ်ပြီး ငယ်စဉ် ကတည်းက ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင် နေခဲ့သူ ဖြစ်သည်။ ထိုင်းတွင် နေထိုင်ရင်း မွေထိုင်း လက်ဝှေ့ကို စိတ်ဝင်စားသဖြင့် လေ့လာသင်ယူခဲ့ရာမှ လက်ဝှေ့ သမားတစ်ဦး ဖြစ်လာခဲ့သည်။

မြန်မာ နိုင်ငံသို့ ပြန်လာသည့် အခါတွင်လည်း အခြား စီးပွားရေး လုပ်ငန်း များထက် လက်ဝှေ့ ကြိုးဝိုင်းကိုသာ ပိုမို စိတ်ဝင်စား နေသဖြင့် ရိုးရာလက်ဝှေ့ သမားတစ်ဦး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ရဲရင့်အောင်သည် ONE Championship သို့ ၂၀၁၆ ခုနှစ်တွင် စတင် ရောက်ရှိ ခဲ့ပြီး ပွဲဦးထွက် ပွဲတွင် ရန်နိုင်အောင်ကို ပထမအချီနှင့် အလဲထိုး အနိုင်ရခဲ့သည်။ ဒုတိယမြောက် ပွဲတွင် ONE Championship တံခွန်စိုက် ရှုံးထွက်ပွဲ ယှဉ်ပြိုင်ခွင့်ရခဲ့ကာ စောရန်ပိုင်ကို အမှတ်ဖြင့် ရှုံးနိမ့်ခဲ့ရသည်။

() ကြယ်စင်ဖြိုး

ONE Championship တွင် နှစ်ပွဲပါဝင် ယှဉ်ပြိုင် ခဲ့ဖူးသည့် ရိုးရာလက်ဝှေ့ သမား ကြယ်စင်ဖြိုး သည်လည်း ၂၀၁၅ ခုနှစ်က ၆၀ ကီလိုတန်း မြန်မာပြည် ချန်ပီယံ ရွှေခါးပတ်ကို ရရှိခဲ့ဖူးသူ ဖြစ်သည်။ အဖြူရောင် သွေးသစ် ကလပ်မှ ကစားသမား တစ်ဦး ဖြစ်သည့် ကြယ်စင်ဖြိုးသည် ငယ်စဉ်က ဖခင်ဖြစ်သူ တိမ်းပါးသွားသဖြင့် ခက်ခဲသည့် ဘ၀ကို ဖြတ်သန်းခဲ့ရပြီး အရွယ်နှင့် မလိုက်အောင် အလုပ်ပေါင်းစုံ လုပ်ကိုင်ခဲ့ရ သူဖြစ်သည်။ မြန်မာ့ လက်ဝှေ့နှင့် စတင် ထိတွေ့ သင်ယူခဲ့သည့် အချိန်တွင်မှ ကြယ်စင်ဖြိုး၏ ဘ၀ တဖြည်းဖြည်းတည်ငြိမ် လာခဲ့ပြီး နောက်ပိုင်းတွင် ပရော်ဖက်ရှင်နယ် လက်ဝှေ့သမား ဘ၀ကို ပြောင်းလဲခံယူခဲ့သည်။

ရိုးရာလက်ဝှေ့ ပွဲဦးထွက် ပွဲ ၂၀ ကျော်တွင် ၃ ပွဲသာ ရှုံးနိမ့်ခဲ့ပြီး ကျန်ပွဲအားလုံး အနိုင်ရခဲ့သူ ကြယ်စင်ဖြိုးသည် ၂၀၁၆ ခုနှစ်တွင် ONE Championship သို့ ရောက်ရှိခဲ့ပြီး ပွဲဦးထွက် ပွဲအဖြစ် သပြေညိုနှင့် ရင်ဆိုင်ခဲ့ရာ ပထမ အချီတွင်ပင် ရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် ကိုယ်ခံပညာ သိုင်းပေါင်းစုံနှင့် ပတ်သက်သည့် နည်းစနစ်များ လေ့ကျင့်ပြင်ဆင်ပြီး ၇ လ အကြာတွင် နောက်တစ်ပွဲ ထပ်ကစားခွင့် ရခဲ့သည်။ ယင်းပွဲတွင် စောဘဦးနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီးမှ အမှတ်ဖြင့် ထပ်မံ ရှုံးနိမ့်ခဲ့ရသည်။

Please follow and like us:
error0

Leave a Reply

Your email address will not be published. Required fields are marked *