ကမ္ဘာကျော် ဗြိတိန်အခြေစိုက် တော်ဝင်ဇိမ်ခံဖက်ရှင် အမှတ်တံဆိပ် တစ်ခုဖြစ်သော DAKS Fashion သည် ဗြိတိန်တော်ဝင်ခေတ်ကာလမှစတင်ပြီး ခေတ်အဆက်ဆက် DAKS ၏ ခမ်းနားသော ဖက်ရှင်ယဉ်ကျေးမှု ပြယုဂ်တစ်ခုကိုမျိုးရိုးစဉ်ဆက် အောင်မြင်စွာလက်ဆင့်ကမ်းလာနိုင်ခဲ့သည့်အမှတ်တံဆိပ်တစ်ခုဖြစ်သည်။၂၀၁၉ ခုနှစ်ဇွန်လတွင် DAKS Fashion မှ ကမ္ဘာ့ဖက်ရှင်ဈေးကွက်ထဲတွင်ရပ်တည်နိုင်ခဲ့သည်မှာ၁၂၅ နှစ် ပြည့်ခဲ့ပြီဖြစ်သည်။ ထို ၁၂၅ နှစ်ပြည့် အထိမ်းအမှတ်ကို မြန်မာနိုင်ငံတွင်လည်း ဆင်နွှဲလိုသော ရည်ရွယ်ချက်ဖြင့် DAKS မှ မျိုးရိုးအစဉ်အဆက် အနုပညာအမွေအနှစ်ကို မိသားစုဝင်ကြား လက်ဆင့်ကမ်းခဲ့ကြသောအနုပညာရှင်များဖြစ်သည့်အိန္ဒြာကျော်ဇင်နှင့်တူမလေး မေတိုးခိုင်၊ သန္တာလှိုင်နှင့် မောင်ဖြစ်သူအဆိုတော် ဘာဘူတို့နှင့် DAKS ၁၂၅နှစ်ပြည့် အထိမ်းအမှတ် ကမ်ပိန်းအသစ်အတွက် ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ အိန္ဒြာကျော်ဇင်မှ တူမလေးဖြစ်သူ တက်သစ်စ သရုပ်ဆောင် မေတိုးခိုင်နှင့်အတူ DAKS Fashion ကမ်ပိန်းအစီအစဉ်တွင်ပါဝင်ဖြစ်ရခြင်းနှင့်စပ်လျဉ်း၍ “DAKS အမှတ်တံဆိပ်အတွက် Photo-Shoot လေး လုပ်ဖြစ်ခဲ့ပါတယ်။ ဒီ ရိုက်ကွင်းလေးကတော့ အူဝဲတူမလေး မေတိုးခိုင်နဲ့အတူတူ ရိုက်ကူး ဖြစ်ခဲ့တဲ့ အတွက် ထူးခြားတယ်လို့ ပြောလို့ရပါတယ်။ ပြီးတော့ DAKS အဝတ်အစားတွေကလည်း ဒီလို ရာသီဥတုအတွက် အရမ်းသက်သောင့်သက်သာဖြစ်တယ်။ DAKS လို ကမ္ဘာကျော် ဖက်ရှင်အမှတ်တံဆိပ်တစ်ခုရဲ့၁၂၅ နှစ်ပြည့် အထိမ်းအမှတ်အစီအစဉ်မှာ ပါဝင်ခွင့်ရတာ အူဝဲအတွက် ဂုဏ်ယူစရာပါ” ဟု ပြောကြားခဲ့သည်။

နိုင်ငံတကာ ဖက်ရှင်လောကကို ကနဦး စတင်ပုံဖော်ခဲ့ပြီး ရှေ့ဆောင်ပြယုဂ်တစ်ခုဖြစ်သောဗြိတိသျှ အဝတ် အထည်အမှတ်တံဆိပ် DAKS အနေနှင့် အောင်မြင်ကျော်ကြားသော အမှတ်တံဆိပ်အဖြစ် ရပ်တည်နိုင်ခဲ့သည်မှာ ၁၂၅ နှစ် ရှိခဲ့ပြီဖြစ်သည်။ ဤအောင်မြင်မှုကို ဆင်နွှဲသည့်အနေဖြင့် DAKS မှ ၎င်းတို့၏ နောက်ဆုံးပေါ်၂၀၁၉ ခုနှစ် နွေရာသီ၊နွေဦး အသစ်စက်စက် အဝတ်အထည်များကို သေချာဒီဇိုင်း ထုတ်လုပ်ခဲ့ပါသည်။ ဒီဇိုင်းပိုင်းတွင် ၎င်းတို့၏ နာမည်ကျော် ထင်ရှားသော အကွက်ဒီဇို်င်းကို နွေဦးရာသီ ကိုယ်စားပြု အရောင်များဖြစ်သော လိမ္မော်ရောင်၊ ပန်းဆီရောင်၊ အဝါဖျော့နှင့် စိမ်းပြာရောင်များ အစရှိသည်တို့နှင့် လှပတင့်တယ်စွာ ပေါင်းစပ် ဖန်တီး ထားခြင်း ဖြစ်သည်။

“အစီအစဉ်ကတော့ ကျွန်မရဲ့မောင်လေး ဘာဘူနဲ့အတူ DAKS အဝတ်အစား အမှတ်တံဆိပ်အတွက် ဓာတ်ပုံ ရိုက်ကွင်းလေး ရိုက်ဖြစ်ပါတယ်။ DAKS ၁၂၅ နှစ်ပြည့် ကမ်ပိန်းရဲ့ အဓိက အနှစ်သာရကတော့ အမွေအနှစ်ပါ။ အရင်ထဲက ခေတ်အဆက်ဆက် ဖက်ရှင်အမွေအနှစ်ကို မီးမောင်းထိုးပြချင်တာပေါ့။မြန်မာလူမျိုးတွေအတွက်မိသားစုဆိုတာ အမွေအနှစ် ဖြစ်ပါတယ်။ သူတို့ရဲ့ ထူးခြားတဲ့ အမှတ်တံဆိပ်အကြောင်းကို မြန်မာနိုင်ငံက လူတွေကို သိစေချင်တယ်” ဟု သန္တာလှိုင်က ပြောကြားခဲ့သည်။

DAKS ကမ်ပိန်း ဓာတ်ပုံရိုက်ကွင်းကို ရန်ကုန်မြို့ ဆရာစံလမ်းမှာ တည်ရှိသော Le Planteur Restaurant & Lounge စားသောက်ဆိုင်၏ပန်းခြံအတွင်း ရိုက်ကူးခဲ့သည်။ Le Planteur ၏ အလင်းရောင် ကောင်းမွန်စွာ ရရှိပြီး လှပသန့် ရှင်းသော ဥယျာဉ်မြေကွက်သည်လည်း DAKS ရိုက်ကွင်းအတွက် ဗြိတိသျှ အင်္ဂလိပ် လက်ဖက်ရည် တည်ခင်း သုံးဆောင်ရာဥယျာဉ်အဖြစ် ကူညီအားဖြည့်ပေးခဲ့ပါသည်။ ထည်ဝါလှပတင့်တယ်ပြီး ညီညွှတ်မျှတသော အရောင်များနှင့်အတူ အမွေအနှစ်နှင့် ဖက်ရှင်ယဉ်ကျေးမှုကို အဓိက အခြေခံထားသော DAKS ၏ နောက်ဆုံးပေါ် အဝတ်အစားများကိုဖန်တီးထုတ်လုပ်ပြီး DAKS ၏ ၁၂၅ နှစ်ပြည့် အထိမ်းအမှတ်ကို ဆင်နွှဲခဲ့ခြင်းဖြစ်သည်။