ONE Championship ၏ ဒုတိယ ဥက္ကဌ Rich Franklin စီစဉ်သော ONE Warrior Series ပြိုင်ပွဲသည် အစွမ်းပြ နိုင်သည့် ကစားသမား များကို အမေရိကန် ဒေါ်လာတစ်သိန်း တန်ကြေး ရှိသည့် စာချုပ်များ ချုပ်ဆိုပြီး ONE Championship သို့ ခေါ်ယူ လေ့ရှိသည်။ ထို့ကြောင့် OWS ပြိုင်ပွဲများတွင် လက်စွမ်းထက်သည့် လူငယ် ကစားသမား အမြောက်အမြား ပါဝင်ယှဉ်ပြိုင်လျက် ရှိရာတွင် မြန်မာ ကစားသမား ပုညစိုင်းလည်း တစ်ဦး အပါအဝင် ဖြစ်သည်။ OWS ၏ အလားအလာ အကောင်းဆုံး လူငယ် ကစားသမား တစ်ဦး အဖြစ် သတ်မှတ် ခံထားရသူ ပုညစိုင်းနှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ် အချက်များကို စုစည်းတင်ပြ လိုက်ရပါသည်။

() ပွဲတိုင်း ရာနှုန်းပြည့် အနိုင်ရထားသူ

ပုညစိုင်းသည် ONE Warrior Series တွင် ရှားရှားပါးပါး လေးပွဲဆက်တိုက် အနိုင်ရထားသည့် ကစားသမား ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အများဆုံး သုံးပွဲဆက် အနိုင်ရသည့် ကစားသမားများသာ ရှိသော်လည်း ပုညစိုင်းက သူပါဝင် ကစားရသည့် လေးပွဲစလုံးတွင် ပြိုင်ဘက် များကို အနိုင်ယူပြီး ရာနှုန်းပြည့် အနိုင်စံချိန် တင်ထားသည်။ ၎င်းအနိုင်ရသည့် ပွဲများကို ကြည့်လျှင်လည်း မြေပြင်ချုပ်ကွက်ဖြင့် နှစ်ပွဲ၊ အလဲထိုး တစ်ပွဲ၊ အမှတ်ဖြင့် တစ်ပွဲ အနိုင်ရခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ပုညစိုင်းသည် စွယ်စုံရ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား သမား တစ်ယောက်ဟု မြင်သာစေသည်။

ပုညစိုင်းသည် ၎င်း၏ ပွဲဦးထွက်ပွဲတွင် တစ်နိုင်ငံတည်းသား ကစားသမား စိုင်းဥာဏ်လင်း နှင့် ရင်ဆိုင်ခဲ့ရပြီး ပထမအချီတွင်ပင် Rear Naked Choke ဟု ခေါ်သည် လည်ပင်းကို နောက်မှ သိုင်းဖက်ကာ ချုပ်သည့် ချုပ်ကွက်ဖြင့် အနိုင်ရခဲ့သည်။ ဒုတိယပွဲတွင် နီပေါ ကစားသမား  Krishna Lal Tamang နှင့် ရင်ဆိုင်ခဲ့ရပြီး ၁၄ စက္ကန့်ဖြင့် အလဲထိုးကာ ပွဲသိမ်းနိုင်ခဲ့ သည်ကိုလည်း တွေ့ရသည်။ ပုညစိုင်း အတွက် အခက်ခဲဆုံး ပွဲမှာ တာဂျစ်ကစ္စနတန် ကစားသမား Shafkat Khodzhakulov နှင့် တတိယမြောက်ပွဲ ဖြစ်သည်။ ယင်းပွဲတွင် သုံးချီလုံးလုံး အကြိတ်အနယ် ကစားပြီးမှ အမှတ်ဖြင့် အနိုင်ရခဲ့သည်။ နောက်ဆုံးပွဲမှာ အိန္ဒိယ ကစားသမား Raghvendra Singh နှင့်ပွဲ ဖြစ်ကာ ပထမအချီတွင်ပင် မြေပြင်ချုပ်ကွက်ဖြင့် အနိုင်ရခဲ့သည်။

() မြန်မာပြည်ဖွား နယူးဇီလန်သား

ပုညစိုင်းကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ နှစ်နာရီခန့် ကားမောင်း၍ သွားရသော ရွာလေး တစ်ရွာတွင် မွေးဖွားခဲ့သည်။ သို့သော် ၎င်း အသက် ရှစ်လသား အရွယ်တွင် မိဘများနှင့်အတူ ထိုင်းနိုင်ငံရှိ စစ်ဘေးရှောင် ဒုက္ခသည် စခန်းသို့ သွားရောက်ခိုလှုံ ခဲ့ကြပြီး ယင်းနေရာတွင် လအနည်းငယ် နေထိုင်ခဲ့ပြီးနောက် နယူးဇီလန် နိုင်ငံသို့ မိသားစုလိုက် ပြောင်းရွှေ့နေထိုင် ခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် ပုညစိုင်းသည် မြန်မာပြည်တွင် မွေးဖွားသည့် နယူးဇီလန်သား တစ်ဦးဖြစ်ပြီး လွန်ခဲ့သည့်နှစ်က ၎င်းမွေးဖွားရာ ဇာတိမြေသို့ ONE Warrior Series အဖွဲ့သားများနှင့်အတူ တစ်ခေါက်ပြန်လာခဲ့သေးသည်။

ပုညစိုင်းက ၎င်းအနိုင်ရခဲ့သည့် ပွဲများတွင် မွေးစားနိုင်ငံ ဖြစ်သော နယူးဇီလန် နိုင်ငံအလံကို ကိုင်ဆောင်ခြင်း မပြုဘဲ မြန်မာနိုင်ငံ အလံ ကိုသာ လွှမ်းခြုံ၍ အောင်ပွဲခံလေ့ ရှိသည်ကို တွေ့ရသည်။ ၎င်း မြန်မာနိုင်ငံ ခရီးစဉ်အကြောင်း ပြန်လည် ပြောပြသည့် အခါတွင်လည်း ၎င်း၏ မိခင်နှင့်ဖခင်တို့ မွေးရပ်မြေကို ပြန်မြင်ယောင်ပြီး ဝမ်းမြောက်ကြစေရန် သွားရောက်ခဲ့ခြင်း ဖြစ်သည်ဟု ဖြေကြားခဲ့သည်။ ထို့ပြင် ၎င်း၏ နိုင်ပွဲများသည်လည်း မိဘများကို ဂုဏ်ယူနိုင်စေရန်နှင့် မွေးရပ်မြေ မြန်မာနိုင်ငံကို ဂုဏ်တက်စေရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

() ကိုယ်ခံပညာသင်ခဲ့ရသည့် အကြောင်းရင်း

နယူးဇီလန်နိုင်ငံ၊ အုတ်ကလန်မြို့သို့ စတင် ရောက်ရှိခဲ့သည့် အချိန်ဖြစ်သော ပုညစိုင်း၏ ငယ်ဘဝသည် ခက်ခဲကြမ်းတမ်း ခဲ့သည်။ ၎င်း၏ ဖခင်သည် ဆေးသုတ်သမား တစ်ဦးအဖြစ် အလုပ်လုပ်ပြီး မိခင်က ကလေးများကို ပြုစုစောင့်ရှောက်ရန် နေအိမ်တွင်ပင် နေခဲ့ရသဖြင့် ဝင်ငွေနည်းပါးသည့် မိသားစု တစ်စု ဖြစ်ခဲ့သည်။ ပုညစိုင်းသည်လည်း ငယ်စဉ်က ခန္ဓာကိုယ် ထွားကျိုင်းမှု နှေးကွေးသဖြင့် ကျောင်းတွင် ဆင်းရဲပြီး လူကောင်သေးသည့် အာရှသား ပုညစိုင်းကို အနိုင်ကျင့်လိုသူ ပေါများခဲ့သည်။ ထို့ပြင် ဆံသဆိုင် သွားရန် မတတ်နိုင် သဖြင့် ပုညစိုင်း၏ ဆံပင်ကို မိခင်ဖြစ်သူ ကိုယ်တိုင် ညှပ်ပေးခဲ့ရာ အုန်းမှုတ်ခွက်ပုံစံ လူရယ်စရာ ဖြစ်နေခြင်းကလည်း အနိုင်ကျင့် ခံရသည့် အကြောင်းရင်း တစ်ခု ဖြစ်သည်။

ပုညစိုင်းအတွက် အားကိုးစရာ ဖြစ်လာသူမှာ အနောက်တိုင်း လက်ဝှေ့ နည်းပြတစ်ဦး ဖြစ်နေသည့် အစ်ကို အကြီးဆုံးပင် ဖြစ်သည်။ ပုညစိုင်း၏ အစ်ကို ဖြစ်သူသည် လက်ဝှေ့ကလပ်တွင် လစဉ်ကြေး သွင်းရန် မတတ်နိုင်သဖြင့် နည်းပြ တစ်ဦးအဖြစ် ကူညီသင်ကြား ပေးရင်း လေ့ကျင့်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ပုညစိုင်းသည် အသက် ၁၄ နှစ် အရွယ်မှ စတင်ကာ အစ်ကိုဖြစ်သူ ထံမှ လက်ဝှေ့ ပညာကို ကြိုးစားသင်ယူ ခဲ့ရာ ကျောင်းပြီးသည့် အချိန်အထိ ၎င်းကို အနိုင်ကျင့်ရဲသူ မပေါ်တော့ပေ။ သို့သော် အဆိုပါ လက်ဝှေ့ ကလပ်ကို ဖွင့်လှစ်ထားသည့် အိုင်ယာလန် လူမျိုး အဘိုးကြီးက ကလပ်ကို ပိတ်လိုက်သည့် နောက်တွင် ၎င်းတို့ ညီအစ်ကို၏ လက်ဝှေ့ ခရီး တစ်ခန်းရပ် ခဲ့သည်။

() ဘာလီ MMA ကို ဘယ်လိုရောက်ခဲ့သလဲ

အုတ်ကလန်ရှိ ပုညစိုင်းတို့ ညီအစ်ကို လေ့ကျင့်နေကျ လက်ဝှေ့ကလပ် ပိတ်သွားခြင်းက ပုညစိုင်း၏ ဘဝကို အချိုးအကွေ့ တစ်ခု ဖြစ်လာစေ ခဲ့သည်။ ယင်းအချိန်တွင် ပုညစိုင်း၏ အစ်ကိုသည် Bali MMA တွင် နည်းပြလုပ်နေသည့် Mike Ikilei နှင့် အဆက် အသွယ် ရခဲ့ပြီး ပုညစိုင်း၏ အကြောင်းကို ပြောပြခဲ့သည်။ Mike က ပုညစိုင်းကို တစ်လခန့် အစမ်းနည်းပြ ပေးခဲ့ပြီး Kickboxing ပွဲတစ်ပွဲ ဝင်ထိုး စေခဲ့ရာ လက်စွမ်းပြ နိုင်ခဲ့သဖြင့် မျက်စိကျပြီး Bali MMA တွင် အချိန်ပြည့် လာရောက်လေ့ကျင့်ရန် ဖိတ်ခေါ်ခဲ့သည်။ ထို့ကြောင့် ပုညစိုင်းလည်း ဘာလီသို့ အသွား လေယာဉ်လက်မှတ် တစ်ကြောင်းစာသာ ဝယ်ယူပြီး ဖောင်ဖျက် ထွက်လာခဲ့သည်။

သို့သော် ဘာလီသို့ ရောက်သည့် အခါတွင် မူလ ထင်မှတ်ထား သကဲ့သို့ အနောက်တိုင်း လက်ဝှေ့နှင့် Kickboxing သက်သက်ကို ကစားခြင်း မဟုတ်ဘဲ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားကိုပါ ယှဉ်ပြိုင် ကစားရမည် ဖြစ်ကြောင်း သိလာခဲ့သည်။ ထို့ကြောင့် ပုညစိုင်းသည် နပမ်းနှင့် ဘရာဇီး ဂျုဂျစ်ဆု ပညာတို့ကိုပါ ပြန်လည်သင်ယူ ခဲ့ပြီး မြေပြင်အချုပ် ကစားကွက်များ ကျွမ်းကျင်အောင် ကြိုးစား ခဲ့ရသည်။ Bali MMA သည် ONE Championship ကစားသမား တစ်ဦးဖြစ်သော Andrew Leone တို့ ညီအစ်ကို ဦးဆောင် တည်ထောင်ခဲ့ခြင်း ဖြစ်ကာ Xiong Jing Nan တို့ ကဲ့သို့ ချန်ပီယံများပင် ကစားနေသည့် ကလပ်ဖြစ်သည်။

() ကင်းထောက်များ မျက်စိမကျခဲ့သူ

ONE Warrior Series ပြိုင်ပွဲသည် ၎င်းတို့အတွက် အရည်အချင်း ရှိသည့် လူငယ် ကစားသမားများကို ခေါ်ယူရန် အတွက် ဒေသတွင်း ကိုယ်ခံပညာ ကလပ်များသို့ ကင်းထောက်များ စေလွှတ်ကာ ရှာဖွေနေသည့် အဖွဲ့အစည်း ဖြစ်သည်။ ထို့ကြောင့် Bali MMA သို့လည်း OWS ကင်းထောက်များ ရောက်ရှိလာပြီး ကစားသမားများကို လေ့လာခဲ့သည်။ ထိုသို့ လေ့လာရာတွင် ပုညစိုင်းသည် ကင်းထောက်များ ကနဦး မျက်စိကျခဲ့သည့် ကစားသမား စာရင်းတွင် ပါဝင်ခဲ့ခြင်း မရှိပေ။ အသက်၂ဝ သာ ရှိသေးသည့် လူကောင် ခပ်သေးသေး ကစားသမား ပုညစိုင်းကို ကင်းထောက်များက ပဏာမ လက်ရွေးစင် ငါးဦး စာရင်းတွင် ထည့်သွင်းခဲ့ခြင်း မရှိဟု သိရသည်။

သို့သော် ပုညစိုင်းနှင့် အခြား ကစားသမားများ အစမ်းလေ့ကျင့် တိုက်ခိုက်မှု ပြုလုပ်သည်ကို မြင်တွေ့သည့် အခါတွင် ၎င်းတို့ လိုချင်သည့် ကစားသမားမျိုး ဖြစ်ကြောင်း ကင်းထောက်များက လက်ခံသွား ခဲ့ကြသည်။ ပုညစိုင်း၏ မတ်တပ်ရပ် တိုက်ခိုက်မှုနှင့် မြေပြင် အချုပ် စွမ်းရည်များကို အစအဆုံး ကြည့်ရှုပြီးသည့်နောက် သဘောကျပြီး စာချုပ် ချုပ်ဆိုရန် ကမ်းလှမ်း လာခဲ့သည်။ ပုညစိုင်း ကိုယ်တိုင်ကလည်း ပထမဆုံး စတင် ပါဝင်ကစားရသည့် ပွဲမှ စတင်ကာ နောက်ဆုံးပွဲအထိ လက်စွမ်းပြပြီး ရှုံးပွဲမရှိအောင် ကစားပြခဲ့ကာ မည်သည့် ကစားသမား ကိုမျှ အမြင်ဖြင့် မဆုံးဖြတ်သင့်ကြောင်း သက်သေပြခဲ့သည်။

ONE: Century Part I နှင့် Century Part II ကို လာမည့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲကြီးသည် ကိုယ်ခံပညာသိုင်းပေါင်းစုံ ပြိုင်ပွဲသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးနှင့် အခမ်းနားဆုံးပြိုင်ပွဲကြီးဟု ဆိုနိုင်သလို ကိုယ်ခံပညာရပ်ပေါင်းစုံတွင် ကျင်လည်ကျက်စားလျက်ရှိသည့် ကမ္ဘာ့ချန်ပီယံ ၂၈ ဦးအထိ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

Please follow and like us:
error0

Leave a Reply

Your email address will not be published. Required fields are marked *