အိပ်မက်ဆိုသည်ကို အချို့က လက်တွေ့မကျဘဲ စိတ်ကူးယဉ်ဆန်ခြင်းဟု ယူဆထားကြသည်။ သို့သော်လည်း အိပ်မက်ဆိုသည်မှာ အောင်မြင်မှုရရှိရန် ကြိုးစားနေသောလူတိုင်းအတွက် မရှိမဖြစ်လက်ကိုင်ထားသင့်သောအရာတစ်ခုဖြစ်သည်။

အိပ်မက်မရှိသူအတွက် အောင်မြင်သောဘဝကို တည်ဆောက်ဖန်တီးနိုင်မည်လည်းမဟုတ်ပါ။ သူလိုငါလိုနေထိုင်ခြင်းဖြင့် ဘဝကို အ လွယ်တကူ ဖြတ်သန်းသွားရမည်က သေချာသည်။ အိပ်မက်ရှိသူတို့ကမူ ထိုသို့မဟုတ်ပါ။ မိမိဖြစ်လိုသောဘဝကိုရောက်ရှိရန် အချိန်၊ လူအား၊ ငွေအားစိုက်ထုတ်ကာ ကြိုးစားခြင်းဖြင့် ရယူနိုင်ပါသည်။

အောင်မြင်မှုဆီ အရောက်ချီတက်မည်ဆိုသည့် တစ်ကြောင်းတည်းသောစိတ်ထားဖြင့် စွမ်းဆောင်ရည်ကောင်းများကို အမြဲမပြတ်ဖြည့် ဆည်းထားနိုင်သူတို့သာ လုပ်ဆောင်နိုင်ပါသည်။ အာရှတိုက်၏ အကြီးမားဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်းဖြစ်သည့် ONE Championship တွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် အားကစားသမားများအနက် စိုင်းဉာဏ်လင်းလည်း တစ် ဦးအပါအဝင်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ကရာတေးကစားသမားဖြစ်သူ စိုင်းဉာဏ်လင်းသည် ONE Warrior Series ပြိုင်ပွဲ၏ ဖလိုင်းဝိတ်တန်းတွင် ပါဝင်ယှဉ် ပြိုင်လျက်ရှိပြီး နောက်ဆုံး ၂ ပွဲတွင် မလေးရှားကစားသမား Matt “Pirate” Korro နှင့် ထိုင်းကစားသမား Peter “Saint” Danasoe တို့ ကို အနိုင်ရရှိထားသည်။

ကရာတေးကစားသမားဘဝက မြန်မာနိုင်ငံအတွက် နိုင်ငံတကာဆုတံဆိပ်အချို့ဆွတ်ခူးနိုင်ခဲ့သော “The Karate Kid” စိုင်းဉာဏ်လင်း သည် မတ်တပ်ရပ်တိုက်ခိုက်ခြင်းသာမက မြေပြင်ချုပ်ကွက်နှင့်ပါ ယှဉ်ပြိုင်နိုင်သော ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားနည်းကို နှစ် သက်ကာ OWS ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ အောင်မြင်မှုများရယူရန် ရည်မှန်းထားသော ၎င်းအတွက်လည်း ONE Championship က ဆွဲဆောင်အား ကောင်းခဲ့သည်။

“ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား က ကရာတေးထက် စိန်ခေါ်မှုတွေက ပိုကောင်းတယ်။ ကရာတေးမှာက မတ်တပ်ရပ်တိုက်ခိုက်လို့ပဲရတယ်။ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား မှာက မတ်တပ်ရပ်တိုက်ခိုက်လို့လည်းရသလို မြေပြင်အလဲထိုးချုပ်ကွက်နဲ့လည်း ယှဉ်ပြိုင်လို့ရတယ်။ နောက်ပြီး နည်းစနစ်တွေကလည်း ပိုကောင်းတယ်။ ဒါကြောင့် ကိုယ်ခံပညာသိုင်းပေါင်းစုံလောကထဲကို ဝင်လာခဲ့တာပါ” ဟု ကယားပြည်နယ်မြို့တော် လွိုင်ကော်တွင်မွေးဖွားသော ရှမ်းတိုင်းရင်းသားက ရှင်းပြသည်။

လူတိုင်းတွင် ကိုယ်ပိုင်အိပ်မက်ကိုယ်စီရှိသလို စိုင်းဉာဏ်လင်းတွင်လည်း ရည်မှန်းချက်တစ်ခုရှိသည်။ ထိုအရာက ယှဉ်ပြိုင်သမျှ ပြိုင်ပွဲ တိုင်း အကောင်းဆုံးစွမ်းဆောင်နိုင်ရေးပင်ဖြစ်သည်။ OWS ပြိုင်ပွဲတွင် ၂ ပွဲနိုင်၊ ၂ ပွဲရှုံးမှတ်တမ်းပိုင်ဆိုင်ထားသော ၎င်းက တစ်ပွဲထက် တစ်ပွဲ ပိုကောင်းသောစွမ်းဆောင်မှုများဖြင့် အကောင်းဆုံးယှဉ်ပြိုင်နိုင်ရန် ကြိုးစားပြင်ဆင်လျက်ရှိသည်။

၎င်းက ယှဉ်ပြိုင်လျက်ရှိသည့် ဝိတ်တန်းတွင် ချန်ပီယံဖြစ်ရန် ရည်မှန်းထားခြင်းမရှိဟုဆိုသော်လည်း ကိုယ်ဘယ်လောက်အထိ စွမ်းဆောင် နိုင်သလဲဆိုသည်ကို ကိုယ်တိုင်စိန်ခေါ်ချင်သည်ဟု ဖွင့်ဟသည်။ ချန်ပီယံခါးပတ်ကို မမျှော်မှန်းသော်လည်း ပြိုင်ပွဲတိုင်း အကောင်းဆုံးစွမ်း ဆောင်နိုင်ရေးကိုသာ အာရုံစိုက်မည်သွားဟု ဆိုသောကြောင့် အမြင့်ဆုံးအနေအထားသို့ တက်လှမ်းချင်သည့်အိပ်မက်ကို အထင်းသား မြင်နိုင်သည်။

ကြွားဝါပလွှားလိုစိတ်မရှိသော ပင်ကိုယ်စိတ်ရင်းကြောင့်သာ ချန်ပီယံဖြစ်ရမည်ဟု အတပ်မပြောသော်လည်း ခါးပတ်ရယူချင်သည့် စိတ် ဆန္ဒအပြည့်ရှိသည်ကို ၎င်းယှဉ်ပြိုင်ခဲ့သော ပြိုင်ပွဲများက သက်သေခံနေသည်။ ပြည်တွင်းနှင့် နိုင်ငံတကာ ကရာတေးပြိုင်ပွဲများတွင် ဆုတံ ဆိပ်ပေါင်းများစွာ ဆွတ်ခူးနိုင်ခဲ့သလို ပြိုင်လျှင် အနိုင်ရမှ ကျေနပ်တတ်သော အားကစားသမားကောင်းတို့၏ စိတ်ဓာတ်မျိုးလည်း စိုင်း ဉာဏ်လင်းထံတွင် တွေ့နိုင်သည်။

ဘဝတစ်လျှောက်လုံးကို အားကစားတွင် မြှုပ်နှံထားသော ၎င်းက ကစားသမားဘဝမှ အနားယူသွားလျှင်လည်း တတ်ကျွမ်းထားသည့် ကိုယ်ခံပညာသိုင်းပေါင်းစုံ နည်းစနစ်များကို ပြန်လည်ဖြန့်ဝေပေးသွားမည်ဟုလည်း ဆိုသည်။ တစ်နည်းအားဖြင့် ၎င်း၏အတွေ့အကြုံနှင့် နည်းစနစ်ပိုင်း၊ နည်းဗျူဟာပိုင်းများကို အနာဂတ်မျိုးဆက်သစ်များထံ ဝေမျှပေးသော နည်းပြဆရာတစ်ယောက်အဖြစ် ဆက်လက်ရပ် တည်သွားမည်ဟု ဆိုလိုခြင်းလည်းဖြစ်သည်။

လက်ရှိတွင်း စိုင်းဉာဏ်လင်းသည် အစ်ကိုဆရာဖြစ်သူ “ဘူရှီးဒိုး” ဖိုးသော်၏ Team PT ကလပ်တွင် ကိုယ်ခံပညာသိုင်းပေါင်းစုံနည်းပြ အဖြစ် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည်။

“ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား ဆိုတာ ကျွန်တော့်ဘဝရဲ့နံပါတ်တစ် အရေးကြီးတဲ့အရာပါ။ အဲဒီအတွက်ကြောင့် ကစားသမားဘဝက အနားယူသွားရင်လည်း ကိုယ့်ရဲ့အတွေ့အကြုံတွေ၊ နည်းစနစ်တွေကို တတ်နိုင်သမျှ မျှဝေပေးသွားမှာပါ။ အခုလည်း ကစားသမား၊ နည်းပြအဖြစ်လည်း လေ့ကျင့်ပေးနေပါတယ်။ အနားယူသွားရင်တော့ ကိုယ်ခံပညာသိုင်းပေါင်းစုံ နည်းပြတစ်ယောက်အဖြစ် ဆောင်ရွက်သွားမှာပါ” ဟု အနာဂတ် အိပ်မက်နှင့်ပတ်သက်၍ စိုင်းဉာဏ်လင်းက ပြောသည်။

ONE: IMMORTAL TRIUMPH ပြိုင်ပွဲကို လာမည့် စက်တင်ဘာလ ၆ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာစံတော်ချိန် ည ၈နာရီအချိန်တွင် Skynet Sports 3 နှင့် MNTV တို့တွင် တိုက်ရိုက်ထုတ်လွင့်မည်ဖြစ်ပြီး ONE Championship ၏ ONE Super App https://www.onefc.com/download-app/ တွင် ညနေ ၅ နာရီကတည်းက စတင်ပြသမည်ဖြစ်ရာ အခမဲ့ ဒေါင်းလုပ်ပြုလုပ်၍ ကြည့်ရှူနိုင်ပါသည်။

Please follow and like us:
error0

Leave a Reply

Your email address will not be published. Required fields are marked *