ကမ္ဘာ့အကြီးမားဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်း ONE Championship ၏ မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ ချန်ပီယံ ခါးပတ်နှစ်ခုပိုင်ရှင် “မြန်မာ့စပါးအုံး” အောင်လအန်ဆန်သည် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ် ကာကွယ်ပွဲအဖြစ် အောက်တိုဘာ ၁၃ ရက်တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ဖိလစ်ပိုင်အားကစားသမား Brandon “The Truth” Vera နှင့် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ အသက် ၄၂ နှစ်အရွယ် Vera သည် ONE ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်ပြီး ONE တွင် ယှဉ်ပြိုင်ထားသည့် ၄ ပွဲစလုံး အ နိုင်ရထားသည်။

ထူးခြားချက်က UFC ကစားသမားဟောင်း Vera သည် အဆိုပါနိုင်ပွဲများအား ပထမအချီမှာပင် ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ဝိတ်တန်းအရလည်း အောင်လထက် ပိုမိုမြင့်မားသည်။ သို့သော်လည်း နောက်ဆုံး ၆ ပွဲဆက်တိုက် အနိုင်ရထားသော ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံအောင်လ က Vera ၏ ဝိတ်တန်းကြီးမားမှုကို စိုးရိမ်ပူပန်မှုမရှိဘဲ ONE: CENTURY PART-2 ပြိုင်ပွဲ၏ အဓိကတွဲဆိုင်းအတွက် အဆင်သင့်ဖြစ် နေပြီဟု ကြုံးဝါးသည်။

၂၀၁၉ ခုနှစ်၊ မတ်လ ၃၁ ရက်က တိုကျိုမြို့ရှိ Ryogoku Kokugikan အားကစားရုံတွင်ကျင်းပသော ONE: A NEW ERA ပြိုင်ပွဲတွင် အိမ် ရှင် ဂျပန်အားကစားသမား Ken Hasegawa ကို အနိုင်ယူကာ ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့ပြီး ယခု တစ်ကြိမ်တွင်လည်း အောင်လသည် အောင်မြေဖြစ်ခဲ့သောနေရာတွင် Vera နှင့် ယှဉ်ပြိုင်သွားရဦးမည်ဖြစ်သည်။ Vera အနေဖြင့် ဟဲဗီး ဝိတ်တန်းမှ လိုက်ဟဲဗီးဝိတ်တန်းသို့ ဆင်းထိုးရမည်ဖြစ်သောကြောင့် ကိုယ်အလေးချိန်လျှော့ချရမည်ဖြစ်သလို မစ်ဒယ်ဝိတ်တန်းတွင်ယှဉ် ပြိုင်သော အောင်လကလည်း ကိုယ်အလေးချိန်တိုးမြှင့်ရမည်ဖြစ်သည်။

အောင်လသည် မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကို ၃ ကြိမ်ကာကွယ်ပြီးနောက် လိုက်ဟဲဗီးဝိတ်တန်းတွဲဆိုင်းအား ဒုတိယအကြိမ် ယှဉ် ပြိုင်ရမည်ဖြစ်သည်။ Vera က ကိုယ်အလေးချိန်ပိုများသော်လည်း ဝိတ်တန်းကြီးသူများနှင့် အတူတွဲဖက်လေ့ကျင့်လျက်ရှိသောကြောင့် စိုးရိမ်ကြောင့်ကြမှု မဖြစ်မိဟု ကချင်တိုင်းရင်းသား အောင်လက ဆိုသည်။

“ကျွန်တော့်ထက် လူကောင်ကြီးတဲ့သူတွေ၊ အရပ်ပိုရှည်တဲ့သူတွေနဲ့အတူ လေ့ကျင့်ရေးတွေလုပ်တယ်။ Vera ထက် လူကောင်ပိုကြီးတဲ့ သူတွေနဲ့ပဲ လေ့ကျင့်နေတာ။ ဒါပေမဲ့ တကယ်တမ်းယှဉ်ပြိုင်တဲ့အခါမှာတော့ အရွယ်အစားတွေ၊ အင်အားကြီးတာတွေက အရေးပါတဲ့အ ချက်တစ်ချက် မဟုတ်ပါဘူး” ဟု   အောင်လက ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်ထားပုံကို ရှင်းပြသည်။ Kick Boxing ၊ နပမ်း၊ ဂျူ ဂျစ်ဆု နည်းဗျူဟာများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်သော Vera သည် လက်သီးထိုးရာတွင် အားပါသလို ပြင်းထန်အားပါသော ခြေကန်ချက်များဖြင့်လည်း ပြိုင်ဘက်များအား ပြိုလဲစေနိုင်သူဖြစ်သည်။

သို့သော်လည်း အောင်လက အကောင်းဆုံးလေ့ကျင့်ပြင်ဆင်ထားသည်ဟု တုံ့ပြန်သည်။

“သူက Greco-Roman နပမ်းသမားတစ်ယောက်ဆိုတာ မမေ့ပါနဲ့။ ကြိုးဝိုင်းထဲမှာ ဖိအားပြင်းပြင်းပေးပြီး ကျွန်တော့်ကို လဲပြိုသွားအောင် လုပ်တာပဲဖြစ်ဖြစ်၊ တိုက်စစ်ဆင်ဖို့ထက် လက်ဝှေ့ ဒါမှမဟုတ် နပမ်းချုပ်ကွက်နဲ့ပဲဖြစ်ဖြစ် ဘယ်လိုပုံစံနဲ့ပဲ ယှဉ်ပြိုင်ပါစေ ကျွန်တော် အံ့ အားမသင့်မိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုနည်းစနစ်တွေ သုံးလာရင်လည်း ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ အကောင်းဆုံးပြင်ဆင် ထားတာကြောင့်ပါပဲ” ဟု ၄င်းက ဆိုသည်။ အားလုံးက Vera ၏ သန်မာမှုကို သိရှိထားသော်လည်း သတ္တိရှိရှိဖြင့်ရင်ဆိုင်ကာ ဖိလစ်ပိုင် အားကစားသမားကို အနိုင်ထိုးသတ်သွားမည်ဟုလည်း အောင်လက သတိပေးလိုက်သည်။

၎င်းတို့နှစ်ဦးပေါင်း နောက်ဆုံးယှဉ်ပြိုင်ထားသော ၈ ပွဲစလုံးမှာ အချီပြည့်သည်အထိ ယှဉ်ပြိုင်ရခြင်းမရှိဘဲ ဒိုင်ပွဲရပ်ဖြင့်သာ ပြီးဆုံးခဲ့သည်။ ထို့ကြောင့် တိုကျိုတွင်လည်း ပွဲချီအပြည့်ယှဉ်ပြိုင်ရဖွယ်မရှိဘဲ အစောပိုင်းအချီများတွင်ပင် အဖြေထွက်သွားနိုင်သည်ဟု ယူဆသူများရှိနေ သည်။ ထိုအချက်ကို အောင်လကလည်း လက်ခံပြီး ၅ ချီပြည့်သည်အထိယှဉ်ပြိုင်ရမည်မဟုတ်ဟုဆိုထားရာ အလဲထိုးဘုရင်နှစ်ဦး၏တွဲ ဆိုင်းက စိတ်လှုပ်ရှားစရာ ကောင်းလှသည်။

ကမ္ဘာ့ချန်ပီယံနှစ်ဦး ယှဉ်ပြိုင်ကြမည်ဖြစ်သောကြောင့် အကြီးကျယ်ဆုံးတွဲဆိုင်းဟု သတ်မှတ်ထားကြသော်လည်း အောင်လကမူ ထိုသို့ခံ ယူထားခြင်းမရှိဘဲ ပြိုင်ပွဲတိုင်းက ၄င်းအတွက် အကြီးကျယ်ဆုံးဖြစ်သည်ဟု ဆိုသည်။ လက်ရှိအချိန်တွင်တော့ Vera နှင့် ယှဉ်ပြိုင်ရမည့် တွဲဆိုင်းက ၄င်းအတွက် အကြီးကျယ်ဆုံးဟု အောင်လက ပြောသည်။

Vera နှင့်ယှဉ်ပြိုင်ရန် တစ်လခန့်လိုသေးသော်လည်း အောင်လက ယှဉ်ပြိုင်ရန် စိတ်အားထက်သန်လျက်ရှိပြီး မြန်မာနိုင်ငံသား သန်း ၅၀ ကျော် နှင့် ဂျပန်နိုင်ငံရောက် မြန်မာများအတွက် အကောင်းဆုံးယှဉ်ပြိုင်သွားမည်ဟု ကတိပေးသည်။

“ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမားတစ်ယောက်အနေနဲ့ အရွယ်ရောက်လာချိန်မှာ စွဲစွဲမြဲမြဲကြည့်ခဲ့ရတဲ့ PRIDE နဲ့ K-1 ပြိုင်ပွဲတွေ စတင်မွေးဖွားရာ ဂျပန်နိုင်ငံမှာ ယှဉ်ပြိုင်ခွင့်ရတာက ကျွန်တော့်ရဲ့အိပ်မက်တွေ အမှန်တကယ်ဖြစ်လာတာပါပဲ။ ဂျပန်မှာယှဉ်ပြိုင်ရတာ တကယ့်ကို ခွန် အားတွေရစေပါတယ်။ ဂျပန်မှာ မြန်မာနိုင်ငံသားတွေ အများကြီးရှိတယ်။ မြန်မာပရိသတ်တွေက ဘယ်သွားသွား အနောက် ကနေ တကောက်ကောက် လိုက်အားပေးကြတယ်။ ဂျပန်နိုင်ငံရောက် မြန်မာတွေနဲ့ တစ်ကမ္ဘာလုံးမှာရှိကြတဲ့ မြန်မာနိုင်ငံသားတွေအ တွက် ဖျော်ဖြေမှုကောင်းကောင်းနဲ့ ယှဉ်ပြိုင်သွားမယ်လို့ ကျွန်တော် ကတိပေးပါတယ်။ ပြိုင်ပွဲတိုင်းမှာ အမှတ်ရဖို့မကြိုးစားဘဲ ပရိသတ် တွေ အံ့အားသင့်သွားရလောက်အောင် ယှဉ်ပြိုင်နိုင်ဖို့ပဲ ကြိုးစားတယ်။ Vera နဲ့ယှဉ်ပြိုင်ဖို့ မစောင့်နိုင်တော့ပါဘူး” ဟု Hard Knocks 365 အသင်းသား အောင်လက ပြောသည်။

ONE: Century Part I နှင့် Century Part II ကို လာမည့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲကြီးသည် ကိုယ်ခံပညာသိုင်းပေါင်းစုံ ပြိုင်ပွဲသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးနှင့် အခမ်းနားဆုံးပြိုင်ပွဲကြီးဟု ဆိုနိုင်သလို ကိုယ်ခံပညာရပ်ပေါင်းစုံတွင် ကျင်လည်ကျက်စားလျက်ရှိသည့် ကမ္ဘာ့ချန်ပီယံ ၂၈ ဦးအထိ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

Please follow and like us:
error0

Leave a Reply

Your email address will not be published. Required fields are marked *