အာရှ၏ အကောင်းဆုံး ကိုယ်ခံပညာ ပြိုင်ပွဲများကို ကျင်းပပေးနေသည့် ONE Championship သည် ၎င်းတို့၏ ပထမဆုံး ဗီယက်နမ် ပြိုင်ပွဲအဖြစ် ONE: Immortal Triumph ကို လာမည့် စက်တင်ဘာ ၆ ရက်တွင် ဟိုချီမင်းမြို့၌ ကျင်းပပြုလုပ် တော့မည် ဖြစ်သည်။ ဗီယက်နမ်သည် ကိုယ်ခံပညာ ကစားသမားကောင်း များစွာ ပေါ်ထွက်သော နိုင်ငံ ဖြစ်သဖြင့် ONE Championship တွင် ပါဝင် ကစားနေကြသည့် ဗီယက်နမ် ကစားသမားကောင်း များစွာရှိသလို လာမည့်ပြိုင်ပွဲမှ စတင် ပါဝင်လာမည့် ဗီယက်နမ် ကစားသမား များလည်းရှိသည်။ ၎င်းတို့ အနက်မှ အကောင်းဆုံး ကစားသမား အချို့အကြောင်း စုစည်းတင်ပြ လိုက်ရပါသည်။

 () Martin Nguyen

ONE Championship ၏ ဗီယက်နမ် ကစားသမားထဲတွင် အကောင်းဆုံး အဖြစ် သတ်မှတ်နိုင်သည့် Martin “The Situ-Asian” Nguyen သည် ဝိတ်တန်းနှစ်ခု ချန်ပီယံ ဖြစ်ဖူးသည့် ပထမဆုံး ONE Championship ကစားသမားလည်း ဖြစ်သည်။ လတ်တလောတွင် ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ဆက်လက် ထိန်းထားနိုင်ဆဲ ဖြစ်သည့် Nguyen သည် အမှန်တကယ်တော့ ဗီယက်နမ် နိုင်ငံတွင် မွေးဖွားခဲ့သူ မဟုတ်ဘဲ သြစတြေးလျ နိုင်ငံ၊ ဆစ်ဒနီမြို့တွင် ဗီယက်နမ် လူမျိုး မိဘနှစ်ပါးမှ မွေးခဲ့သူဖြစ်သည်။ Nguyen သည် အသက် ၂၁ နှစ်အရွယ်တွင်မှ ကိုယ်ခံပညာကို စတင် လေ့လာလိုက်စား ခဲ့ကာ မူလက ကိုယ်အလေးချိန် လျှော့ချရန် ရည်ရွယ်ခဲ့ သော်လည်း နောက်ပိုင်းတွင် သူ၏ ဘဝကိုပါ ပြောင်းလဲစေ ခဲ့သည့် အားကစား ဖြစ်လာခဲ့သည်။

အပျော်တမ်း ဘဝဖြင့် ပြိုင်ပွဲကြီး နှစ်ခု အနိုင်ရအပြီးတွင် Nguyen သည် ပရော်ဖက်ရှင်နယ် ဘဝသို့ ၂ဝ၁၂ တွင် ကူးပြောင်းခဲ့သည်။ သြစတြေးလျ၏ BRACE ပြိုင်ပဲတွင် ဖယ်သာဝိတ်တန်း တံခွန်စိုက် ချန်ပီယံ ဖြစ်ပြီးသည့်နောက် ONE Championship နှင့် စာချုပ် ချုပ်ခဲ့သည်။ Nguyen သည် ONE Championship ပြိုင်ပွဲတွင် ဖယ်သာဝိတ်တန်းနှင့် လိုက်ဝိတ်တန်း ချန်ပီယံ ချန်ပီယံ ဖြစ်ခဲ့ပြီး ဘင်တန်ဝိတ်တန်း ချန်ပီယံ ဖြစ်ရန်ပင် အနီးစပ်ဆုံး အခြေအနေ ရောက်ခဲ့ဖူးသည်။ လတ်တလော တွင်တော့ Nguyen သည် လိုက်ဝိတ်တန်း ချန်ပီယံ ခါးပတ်ကို ဒဏ်ရာကြောင့် လက်လွှတ်ခဲ့ရပြီး ဖယ်သာဝိတ်တန်း ချန်ပီယံ ခါးပတ်ကို ရေရှည် ဆက်လက် ထိန်းသိမ်းနိုင်ရန် အတွက် “မြန်မာ စပါးအုံး” အောင်လအန်ဆန်နှင့် အမေရိကန်တွင် တွဲဖက်လေ့ကျင့်လျက် ရှိသည်။

 () Thanh Le

နောက်ထပ် ဗီယက်နမ် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ထိပ်တန်း ကစားသမား တစ်ဦးမှာ ဖယ်သာဝိတ်တန်း ကစားသမား Thanh Le ဖြစ်သည်။ Le သည်လည်း Nguyen ကဲ့သို့ပင် ဗီယက်နမ် နိုင်ငံတွင် မွေးဖွားခဲ့သူ မဟုတ်ဘဲ အမေရိကန် နိုင်ငံ၊ နယူးအော်လန်းတွင် မွေးဖွားကြီးပြင်း ခဲ့သူဖြစ်ပြီး ဖခင်ဖြစ်သူမှာ တိုက်ကွမ်ဒို သင်တန်းကျောင်း ဖွင့်လှစ်ထား သဖြင့် ငယ်စဉ် ကတည်းက ကိုယ်ခံပညာနှင့် ရင်းနှီးခဲ့သူ ဖြစ်သည်။ ဖခင်၏ သင်တန်းကျောင်းတွင် ကူညီလုပ်ကိုင် ပေးရင်း ပြိုင်ပွဲဝင် သင်တန်းသား များနှင့်အတူ ခရီးများ လှည့်လည် သွားလာနေရခြင်းက ငယ်ဘဝ၏ မမေ့နိုင်သော မှတ်ဥာဏ်များ ဖြစ်သည်ဟု Le က ပြောပြခဲ့သည်။

Le သည် ၂ဝ၁၁ တွင်မှ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားကို ပထမဆုံး စကြည့်ဖူးခြင်း ဖြစ်သော်လည်း အလွန်မင်း စွဲလန်း နှစ်ခြိုက်သွားပြီး သူကိုယ်တိုင် ယင်းပြိုင်ပွဲများ ဝင်ပြိုင်နိုင်ရန် ကြိုးစားခဲ့သည်။ Legacy Fighting Alliance ပြိုင်ပွဲ ဖယ်သာဝိတ် တန်းတွင် ချန်ပီယံ ဆုဖလားတစ်ခု ရသည်အထိ ယှဉ်ပြိင်ခဲ့ပြီး နောက်တွင် ONE Championship က သူ့ကို မျက်စိကျကာ ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ Le သည် ONE Championship နှစ်ပွဲဆက်တိုက် အနိုင်ရထားပြီး သူနှင့် နိုင်ငံတူပြိုင်ဘက် Nguyen ထံမှ ချန်ပီယံခါးပတ် ကိုပင် စိန်ခေါ်ရန် ဆန္ဒရှိနေသူ ဖြစ်သည်။

 () Bi Nguyen

ONE Championship ၏ တစ်ဦးတည်းသော ဗီယက်နမ် အမျိုးသမီး ကစားသမား Bi “Killer Bee” Nguyen သည် ဗီယက်နမ် ကျေးရွာ တစ်ရွာတွင် မွေးဖွားခဲ့သည့် ဗီယက်နမ်သူ စစ်စစ်ဖြစ်သည်။ သို့သော် ကလေးဘဝ ကတည်းက မိဘများ အမေရိကန် နိုင်ငံသို့ ပြောင်းရွှေ့ခဲ့ပြီး အခြေချ နေထိုင် ခဲ့သဖြင့် အမေရိကန် နိုင်ငံသူတစ်ဦး ဖြစ်ခဲ့ရသည်။ Bi သည် ငယ်စဉ်က မိသားစုနှင့် အတူ ပင်ပန်းဆင်းရဲသည့် ဘဝကို ဖြတ်သန်းခဲ့ရ သဖြင့် အထက်တန်း ကျောင်းသူ ဘဝတွင်ပင် ကျောင်းထွက်ကာ တကိုယ်ရေ တကာယ လွတ်လပ် ပေါ့ပါးသော ဘဝဖြင့် နေထိုင်ခဲ့သည်။

Nguyen ၏ ဘဝကို လေးနက်မှုများ စတင်ဆောင်ကျဉ်း ပေးလာ ခဲ့သည့် အရာမှာ ကိုယ်ခံပညာ အားကစားဖြစ်ပြီး အသက် ၂၁ အရွယ်တွင်  စတင်လေ့လာ သင်ယူခဲ့ခြင်း ဖြစ်သည်။ မွေထိုင်း အားကစားရုံတွင် မိမိဘာသာ လေ့ကျင့်ရင်း ကိုယ့်ကိုယ်ကို ယုံကြည်မှု မြင့်မားလာခဲ့ပြီး ကိုယ်ခံပညာ ပြိုင်ပွဲများ စဝင်ခဲ့သည်။ အပျော်တမ်း ပြိုင်ပွဲများတွင် ဆုများ ရသည်အထိ အောင်မြင်ခဲ့သည့် အခါတွင် ပရော်ဖက်ရှင်နယ် လောကထဲ ဝင်လာခဲ့ကာ ပထမဆုံး သုံးပွဲဆက်တိုက် အနိုင်ယူခဲ့သည်။ Bi သည် လက်ရှိတွင် ONE Championship အက်တမ် ဝိတ်တန်း၌ လက်စွမ်းပြ ပါဝင်ကစားနေသူ ဖြစ်သည်။

() Nguyen Tran Duy Nhat

မွေထိုင်းလက်ဝှေ့တွင် ကမ္ဘာ့ချန်ပီယံ ခါးပတ် ၇ ကြိမ် ရခဲ့ဖူးသည့် ဗီယက်နမ်၏ နံပါတ်တစ် မွေထိုင်း ကစားသမား Nguyen “No.1” Tran Duy Nhat သည် မြန်မာ ပရိသတ်နှင့် မစိမ်းသည့် ကစားသမား တစ်ဦးဖြစ်သည်။ Nguyen သည် မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် World Lethwei Championship-WLC ပြိုင်ပွဲများတွင် နှစ်ကြိမ် ပါဝင်ယှဉ်ပြိုင် ခဲ့ပြီး ယင်းနှစ်ပွဲစလုံးကို အနိုင်ယူခဲ့သူ ဖြစ်သည်။ Nguyen သည် ကိုယ်ခံပညာရှင် မျိုးရိုးမှ ပေါက်ဖွားလာသူ ဖြစ်ပြီး ဖခင်ဖြစ်သူမှာ ၁၉၇ဝ တစ်ဝိုက်က လျမ်းလျမ်းတောက် ကျော်ကြားခဲ့သည့် သိုင်းဆရာကြီး တစ်ဦးဖြစ်သည်။ မိခင်မှာလည်း ဗီယက်နမ်သို့ အနောက်တိုင်း လက်ဝှေ့ပညာ သယ်ဆောင်လာသည့် ပထမ မျိုးဆက် ဖြစ်သည်။

ထိုင်းနိုင်ငံမှ Ong Bak ဇာတ်ကားကို ကြည့်ပြီး မွေထိုင်းပညာကို စိတ်ဝင်စားခဲ့သူ Nguyen သည် တက္ကသိုလ် ကျောင်းသား ဘဝ ကတည်းက ယင်းပညာကို လေ့လာလိုက်စား ခဲ့သည်။ ၆ဝ ကီလိုတန်း အပျော်တမ်း ပြိုင်ပွဲတွင် ဗိုလ်စွဲပြီးနောက် Nguyen သည် နိုင်ငံ့ လက်ရွေးစင် မွေထိုင်း ကစားသမား ဖြစ်လာပြီး ဆီးဂိမ်းနှင့် အခြား ဒေသတွင်း ပြိုင်ပွဲများတွင် ဆုတံဆိပ်များ ဆွတ်ခူး နိုင်ခဲ့သည်။ Nguyen သည် လာမည့် ONE: Immortal Triumph ပြိုင်ပွဲတွင် မလေးရှား နိုင်ငံမှ မွေထိုင်းကစားသမား Azwan Che Wil နှင့် ရင်ဆိုင် ထိုးသတ်ရမည် ဖြစ်သည်။

 () Nguyen Thanh Tung

လူငယ် မွေထိုင်းကစားသမား Nguyen Thanh Tung အနေဖြင့် ONE Championship တွင် မမျှော်လင့်ဘဲ ပါဝင်ခွင့် ရခဲ့ခြင်းက ဗီယက်နမ် ပရိသတ်များ အတွက် အံ့သြဝမ်းမြောက် စရာ ဖြစ်ခဲ့သည်။ နာမည်ကြီး ကစားသမား Tran Duy Nhat ကို ဗီယက်နမ် ပြည်တွင်းရော ပြည်ပပါ လူသိများသော်လည်း Nguyen Thanh Tung ကိုမူ ပြည်တွင်း ပရိသတ်ကသာ လူသိများပြီး ပြည်ပ ပရိသတ်နှင့် အနည်းငယ် စိမ်းသူဖြစ်သည်။

သို့သော်လည်း Nguyen Thanh Tung သည် ပြည်တွင်း ပြိုင်ပွဲများတွင် ချန်ပီယံ ရွှေခါးပတ်များကို သိမ်းပိုက်ထားသူ ဖြစ်ပြီး နိုင်ငံ လက်ရွေးစင် ကစားသမား အနေဖြင့်လည်း နိုင်ငံတကာ ပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ဖူးသည်။ သူသည် ONE: Immortal Triumph တွင် ပါကစ္စတန် ကစားသမား Shahzaib Rindh နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ONE: IMMORTAL TRIUMPH ပြိုင်ပွဲကို လာမည့် စက်တင်ဘာလ ၆ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး ONE Championship၏ ONE Super App https://www.onefc.com/download-app/ တွင် အခမဲ့ ဒေါင်းလုပ်ပြုလုပ်၍ ကြည့်ရှုနိုင်ပါသည်။

Please follow and like us:
error0

Leave a Reply

Your email address will not be published. Required fields are marked *