ရဲသွေးနီဆိုသော အမည်နှင့်အတူ မြန်မာ့ရိုးရာလက်ဝှေ့ကြိုးဝိုင်းထက်တွင် လျင်မြန်မှုအသားပေးတိုက်ခိုက်မှုဖြင့် ပရိသတ်ကို ဖျော်ဖြေမှု ပေးစွမ်းနေသော လက်ဝှေ့သမားတစ်ဦးရှိသည်။ ၄င်း၏ ခြေ၊ လက်၊ တံတောင်၊ ဒူးနှင့် ခေါင်းကိုအသုံးပြုတိုက်ခိုက်သည့်ပုံစံသည် မြင် တွေ့ရလေ့ရှိသည့် မြန်မာ့ရိုးရာလက်ဝှေ့သမားအများစု၏ တိုက်ခိုက်ယှဉ်ပြိုင်သည့် နည်းစနစ်၊ ဟန်ပန်များနှင့် မတူကွဲပြားလျက်ရှိပြီး လက်သီး၏လျင်မြန်မှုနှင့်အတူ မဟာဗျူဟာကျသောတိုက်ခိုက်မှုကြောင့် ထင်ရှားသူဖြစ်သည်။

ကရင်တိုင်းရင်းသားရဲသွေးနီသည် လက်ဝှေ့သမားဘဝကို ခက်ခဲကြမ်းတမ်းစွာဖြတ်သန်းခဲ့ရသူဖြစ်သည်။ ကယားပြည်နယ်၊ ဘော်လခဲဇာတိဖြစ်သော ရဲသွေးနီသည် ၂၀၁၈ ခုနှစ်အတွက် တိုးတက်မှုအရှိဆုံး ရိုးရာလက်ဝှေ့သမားဆုကိုလည်း ပြီးခဲ့သည့်ရက်ပိုင်းက ထိုက်ထိုက် တန်တန်ရရှိခဲ့ပြီး ဂုဏ်သိက္ခာပိုင်းအရ ကြီးမားသောဆုတစ်ခုလည်းဖြစ်သည်။

ရိုးရာလက်ဝှေ့သည် လွန်ခဲ့သည့် နှစ်ထောင်ချီကတည်းက တည်ရှိခဲ့သော မြန်မာတို့၏ ကိုယ်ပိုင်ရိုးရာကိုယ်ခံပညာရပ်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်သည် နှစ်စဉ် တစ်နှစ်တာအကောင်းဆုံးကစားသမားဆု၊ တိုးတက်မှုအရှိဆုံးကစားသမားဆု၊ မြန်မာ့ ရိုးရာလက်ဝှေ့၏ဂုဏ်ပုဒ်တစ်ရပ်ဟုဆိုနိုင်သော အလဲထိုးဆုများကို ချီးမြှင့်လေ့ရှိသည်။ အဆိုပါဆုများအနက်မှ ရဲသွေးနီသည်  တိုး တက်မှုအရှိဆုံး ရိုးရာလက်ဝှေ့သမားဆုကိုရရှိခဲ့ခြင်းဖြစ်ပြီး ၄င်း၏ ကစားသမားဘဝတစ်လျှောက် ကြီးမားသော ဆုတစ်ခုကို ရယူနိုင် ခဲ့သည်။

ရဲသွေးနီသည် ၂၀၁၈ ခုနှစ်ကတည်းကပင် အဆိုပါဆုကိုရရှိရန် ရေပန်းစားခဲ့သူဖြစ်ပြီး အချက်အလက်များအရလည်း အငြင်းပွားဖွယ်ရာ မရှိ သိမ်းပိုက်နိုင်ခဲ့သူဖြစ်သည်။ ရဲသွေးနီသည် ၂၀၁၈ ခုနှစ်အတွင်း ပြိုင်ပွဲစုစုပေါင်း ၂၀ ကျော် ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး အလဲထိုးပွဲစဉ်များ အပါအ၀င် အဓိကချန်ပီယံခါးပတ် ၂ ခုကိုလည်း ရယူနိုင်ခဲ့သည်။

၂၀၁၈ ခုနှစ်အတွင်းကျင်းပခဲ့သော ပြိုင်ပွဲများ၊ ချန်ပီယံလုပွဲများအနက် ရဲသွေးနီသည် ၅၇-၆၁ ကီလိုတန်း၌ ပါဝင်ယှဉ်ပြိုင်ခဲ့ရပြီး  50th Media မှကျင်းပသည့် ၅၇ – ၆၁ ကီလိုတန်းချန်ပီယံဆုအပါအ၀င် မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံ(MLWC)ပြိုင်ပွဲ၏ ၅၇ ကီလိုတန်း ချန်ပီယံဆုကိုပါ ရယူနိုင်ခဲ့သည်။ ထို့အပြင် ထူးခြားချက်အနေဖြင့် ယင်းချန်ပီယံဆုကိုရယူနိုင်ခဲ့သောရဲသွေးနီသည် ၄င်း၏ ကစားသမား ဘဝသက်တမ်းတစ်လျှောက် အထက်ပါ ချန်ပီယံဆုများကို ၃ ကြိမ်မြောက်ရယူနိုင်ခဲ့သည့် တစ်ဦးတည်းသော မြန်မာ့ရိုးရာလက်ဝှေ့သ မားလည်းဖြစ်ခဲ့သည်။

’’ကျွန်တော်တို့ရဲ့ ကိုယ့်ရိုးရာဖြစ်တဲ့ လက်ဝှေ့မှာတော့ ကိုယ်ကဘုရင်တစ်ဆူပဲလေ။ ကိုယ့်ဝိတ်တန်းမှာတော့ ဘယ်သူ့ကိုမှ မကြောက် ပါဘူး။ ဒီဆုကိုရခဲ့တဲ့အတွက်လည်း ဝမ်းသာမိတယ်။ ကူညီလေ့ကျင့်ပေးတဲ့သူအားလုံးကိုလည်း ကျေးဇူးတင်တယ်။ ရှေ့လျှောက်လည်း ဒီထက်ပိုကောင်းအောင်၊ အလဲထိုးပွဲတွေများအောင် ကြိုးစားယှဉ်ပြိုင်သွားမယ်’’ ဟု တောင်ကလေးကလပ်မှ ရဲသွေးနီက ဆိုသည်။

ထို့အပြင် ရဲသွေးနီ ပြန်လည်မျှဝေခဲ့သော ပီတိစကားသည်  ၄င်း၏ရိုးသားသော စိတ်နေသဘောထားကိုပါ အထင်းသား တွေ့မြင်နိုင် သည်။

“ဒီဆုရခဲ့တာက ကျွန်တော်တစ်ယောက်တည်း ကောင်းလို့မဟုတ်ဘဲ ကျွန်တော့်ရဲ့ဆရာတွေ၊ကျွန်တော့်ရဲ့ဘေးနားကသူတွေ အားလုံး ကောင်းလို့ ရခဲ့တာပါ။ ကျွန်တော့်ရဲ့ဝိတ်တန်းမှာ ဘုရင်ဖြစ်ဖို့ ဆက်ကြိုးစားသွားမှာပါ။ အဲဒီအတွက် သက်သေပြပါဦးမယ်။ ကျွန်တော့်ကို အားပေးတဲ့သူတွေအနေနဲ့ အခုထက်ပိုကောင်းတဲ့ ရဲသွေးနီကိုမြင်ရမှာပါ’’ ဟု ရဲသွေးနီက ၄င်း၏ ပီတိစကားကို ဖွင့်ဟသည်။

မြန်မာ့ရိုးရာလက်ဝှေ့ကလပ်များသည် သက်ဆိုင်ရာဂုဏ်ပုဒ်အသီးသီးဖြင့် ရပ်တည်နေကြသောကလပ်များဖြစ်ပြီး ထိုအထဲတွင် တောင် ကလေး ရိုးရာလက်ဝှေ့ကလပ်လည်း တစ်ခုအပါအ၀င်ဖြစ်သည်။ တောင်ကလေးကလပ်သည် မာကျောမှုဂုဏ်မြင့်မားသော ရိုးရာလက် ဝှေ့သမား ကိုယ်ခံပညာရှင်များကိုမွေးထုတ်ပေးနေသောနေရာဖြစ်ပြီး ရဲသွေးနီကိုလည်း သံမဏိဂုဏ်ဖြင့် တင်စားခေါ်ဝေါ်ကြသလို ၄င်း ၏ စီနီယာလက်ဝှေ့သမားများ၏ခြေရာကို တစ်ထပ်တည်းလိုက်နိုင်သော ကိုယ်ခံပညာရှင်အဖြစ် လက်ခံထားကြသည်။

ရိုးရာလက်ဝှေ့၊ MMA ပြိုင်ပွဲများအပါအဝင် ပြိုင်ပွဲစုစုပေါင်း ၇၀ နီးပါးဝင်ရောက်ယှဉ်ပြိုင်ထားသောရဲသွေးနီသည် ONE Championship တွင် ၅ ပွဲယှဉ်ပြိုင်ထားပြီး ၄ ပွဲအလဲထိုးအနိုင်ရထားသော ယှဉ်ပြိုင်မှုသမိုင်းကောင်းသည့် မြန်မာကိုယ်ခံပညာ ရှင်တစ်ဦးဖြစ်သည်။ ထို့ အပြင် ၄င်း၏အိပ်မက်သည် ကိုယ်ခံပညာရှင်တစ်ဦးအနေဖြင့် မြန်မာ့ဂုဏ်ဆောင်နိုင်ရန်ဖြစ်ပြီး အပြင်းအထန် ကြိုးစားနေသူလည်းဖြစ် သည်။

Please follow and like us:
error0

Leave a Reply

Your email address will not be published. Required fields are marked *