ONE Championship သည် မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ပြိုင်ပွဲများတွင် ဝိတ်တန်းအလိုက် ရှုံးထွက် တံခွန်စိုက်ပြိုင်ပွဲကြီး ၄ ခု ထည့်သွင်း ကျင်းပခဲ့ပြီး ပြိုင်ပွဲတစ်ခုစီတွင် ချန်ပီယံ တစ်ဦးစီ ပေါ်ထွက်စေခဲ့သည်။ အဆိုပါ ချန်ပီယံ ၄ ဦးထဲတွင် မြန်မာ့ရိုးရာ လက်ဝှေ့ကျော် တစ်ဦးဖြစ်သည့် သွေးသစ်အောင်လည်း အပါအဝင် ဖြစ်သည်။

ရိုးရာလက်ဝှေ့ သမားများထဲတွင် လက်သီး အပြင်းဆုံး ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ သွေးသစ်အောင်သည် ONE Championship ပြိုင်ပွဲတွင် ပွဲပေါင်း ၃ ပွဲ ပါဝင်ကစားထားပြီး ၂ ပွဲနိုင် တစ်ပွဲရှုံး ရလဒ် ပိုင်ဆိုင်ထားသည်။ ၂ဝ၁၅ ဇွန်လက ရန်ကုန်မြို့ တွင် ကျင်းပခဲ့သော ONE: Kingdom of Warriors တွင် စောသဲဦးနှင့် စောဘဦး နှစ်ယောက်စလုံးကို ပထမ အချီတွင်ပင် အလဲထိုးကာ ONE ၏ ပထမဆုံး မြန်မာ လိုက်ဝိတ်တန်း တံခွန်စိုက် ရွှေဖလားကို ဆွတ်ခူးခဲ့သည်။ ထို့ပြင် ရိုးရာလက်ဝှေ့တွင်လည်း ၂ဝ၁၅ ခုနှစ်က ၆၇ ကီလိုတန်း၏ ချန်ပီယံ ရွှေခါးပတ်ကို ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်သည်။

ထိုသို့ အောင်မြင်မှုများ ရရှိခဲ့သူ သွေးသစ်အောင်သည် ငယ်စဉ်ကတော့ ခက်ခဲကြမ်းတမ်းသည့် ငယ်ဘဝကို ပိုင်ဆိုင်ခဲ့ရသူဖြစ်သည်။ မွန်ပြည်နယ် ဘီးလင်းမြို့တွင် မွေးဖွားခဲ့သူ သွေးသစ်အောင်သည် ကျောင်းပညာရေး ဒုတိယတန်း ရောက်သည့်အချိန်အထိတော့ အခြားသော ကလေးများကဲ့သို့ပင် သာမန်ဘဝမျိုး ဖြတ်သန်းခဲ့ရသည်။ ၎င်း ဘဝ၏ အလှည့်အပြောင်းသည် တတိယတန်း တက်သည့် နှစ်တွင် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

“၃ တန်း တက်တဲ့နှစ်မှာပဲ အဖေ ဆုံးသွားလို့ တောင်ကလေး ပရိယတ္တိ စာသင်တိုက်မှာ ကိုရင်ဝတ်တယ်။ အသက် ၂ဝ လောက်မှ လူထွက်တယ်။ ငယ်ငယ်က လက်ဝှေ့ကို ဝါသနာ သိပ်မပါခဲ့ဘူး။ မိသားစု အခြေအနေအရ လက်ဝှေ့ထိုးပြီးတော့ အမေ့ကို ရှာကျွေးခဲ့ရတာ။ အမေက မုဆိုးမဘဝနဲ့ သူ့ယောက္ခမ အိမ်မှာပဲ နေရတယ်။ ကျွန်တော်က စာသင်တိုက်မှာတုန်းက ပထမပြန် အငယ်တန်း ဖြေဖို့ လုပ်နေတာ။ အဲဒီအချိန် အမေက ရောက်လာပြီး သူ့အခက်အခဲ ပြောပြလို့ လူထွက်ဖြစ်သွားတယ်”ဟု သွေးသစ်အောင်က ပြောပြခဲ့သည်။

သွေးသစ်အောင်၏ လက်ဝှေ့ ဝါသနာကို သာသနာ့ဘောင်တွင် ရောက်ရှိနေကတည်းက ရရှိခဲ့ခြင်း ဖြစ်သည်။ ကိုရင်ဘဝဖြင့် ပထမပြန် စာမေးပွဲ အတွက် စာဝါတက် စာအံသည့် အလုပ်များကို မပြတ်တမ်း လုပ်နေရင်း ကလေးသဘာဝ ရွာထဲတွင် လက်ဝှေ့ဗီဒီယိုကားများ သွားရောက်ကြည့်ရှုရာမှ လက်ဝှေ့ကို စိတ်ဝင်းစားလာခဲ့သည်။ 

“ကိုရင်ဘဝနဲ့ ရွာထဲမှာ ဗီဒီယို သွားခိုးကြည့်တဲ့ အချိန်မှာ ဖိုးကေနဲ့ ဝင်းထွန်း ထိုးတဲ့ လက်ဝှေ့ပွဲ ကြည့်ခဲ့ရတယ်။ ဖိုးကေ ရှုံးသွားတဲ့ ပွဲလေ။ ကိုရင် လူထွက်တဲ့အချိန်မှာ အမေ့ကို ရှာကျွေးဖို့ စဉ်းစားတော့ လက်ဝှေ့ပွဲပဲ စိတ်ကရောက်တယ်။ လူထွက်တော့လည်း တောင်ကလေး ဆရာတော်ရဲ့ တောင်ကလေး ကလပ်မှာပဲ လက်ဝှေ့ပညာ သင်ပြီး ထိုးဖြစ်တယ်။ ဆရာရာဇာတို့ သင်ပေးတာပေါ့။ လက်ဦးဆရာ တွေပါ”ဟု သွေးသစ်အောင်က ပြောပြခဲ့သည်။

သွေးသစ်အောင်သည် ၂ဝ၁၆ မတ်လက ရန်ကုန်မြို့တွင် ကျင်းပသည့် ONE: Union Of Warriors ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးသည့် နောက်ပိုင်း ONE Championship နှင့် ၃ နှစ်ကျော် ဝေးကွာနေခဲ့သူ ဖြစ်သည်။ လတ်တလောတွင် ၎င်းသည် ပြည်တွင်း ရိုးရာ လက်ဝှေ့ပွဲ များတွင် လက်စွမ်းပြ နေပြီး သူနောက်ဆုံး ယှဉ်ပြိုင် ကစားခဲ့သည့် WLC – World Lethwei Championship ပြိုင်ပွဲတွင် ပြိုင်ဘက် အိုင်ယာလန် နိုင်ငံသား David Mccarthy ကို အနိုင်ရရှိထားသည်။

ဆက်လက်ပြီး သွေးသစ်အောင်က ONE Championship ၏ တံခွန်စိုက် ပြိုင်ပွဲတွင် ချန်ပီယံ ဖြစ်ခဲ့သည့် ပွဲနှင့် ပတ်သက်ပြီး ယခုလို ပြောပြခဲ့သည်။ 

“ပထမဆုံး စောသဲဦးနဲ့ ထိုးရတယ်။ အဲဒီမှာ ထိုးရတယ်ဆိုတာက အပြင်မှာ ရန်ဖြစ်ရသလိုပဲ။ လက်ဝှေ့ ကြိုးဝိုင်းထဲမှာ ထိုးရတာတော့ လက်ဝှေ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ထိုးရတာပေါ့။ လဲသွားရင် ထိုးလို့မရဘူး။ ဒီမှာက လဲသွားလည်း ထိုးလို့ရတယ်။ စောသဲဦးနဲ့ ထိုးတော့လည်း သူလဲကျ သွားတဲ့ အချိန်မှာ ငယ်ငယ်က ရန်ဖြစ်သလို တက်ခွပြီး ထိုးတာ တစ်ပွဲနိုင်သွားတယ်။ ဒုတိယ တစ်ပွဲ စောဘဦးနဲ့ ပွဲမှာလည်း  လက်သီးနဲ့ ထိထိမိမိ ထိုးမိသွားလို့ ဒိုင်က ခေါင်းလောင်းတီးပြီး နိုင်သွားတယ်။ အဲဒီလိုနဲ့ ချန်ပီယံ ဖြစ်လာတယ်”ဟု သွေးသစ်အောင်က ဆိုသည်။

ကြယ်လင်းအောင်ကို ရှုံးခဲ့သည့် ပွဲနှင့် ပတ်သက်၍လည်း “နောက်တစ်ပွဲမှာ ကိုကြယ်လင်းအောင်နဲ့ ထိုးရတယ်။ အဲဒီပွဲ မထိုးခင်က မန္တလေးမှာ သပြေညိုနဲ့ ထိုးတယ်။ အဲဒီပွဲမှာ ဘယ်ဘက် ခြေထောက် နည်းနည်း နာသွားတယ်။ ကိုကြယ်လင်းအောင်နဲ့ ထိုးတော့ ကျွန်တော် ခြေထောက်နာပြီး လဲသွားတဲ့ အချိန်မှာ ကိုကြယ်လင်းအောင် အပေါ်က တက်ခွပြီး ထိုးတာ တစ်ကြိမ် ခံလိုက်ရတယ်။ ဒီလိုနဲ့ ငါးမိနစ် သုံးချီပြည့်တော့ ကျွန်တော် အမှတ်နဲ့ ရှုံးသွားတယ်”ဟု ဖွင့်ဟခဲ့သည်။

သွေးသစ်အောင်သည် တွေ့မရှောင်၊ ဖိုးကေ၊ စိုးလင်းဦး စသည့် နာမည်ကြီး လက်ဝှေ့သမားများနှင့် ရိုးရာ လက်ဝှေ့ ကြိုးဝိုင်းထဲတွင် ရင်ဆိုင်ခဲ့ဖူးသူ ဖြစ်သော်လည်း သူ့အတွက် ယှဉ်ပြိုင်ရ အခက်ဆုံး ကစားသမားမှာ သွေးသစ်ဝင်းလှိုင် ဖြစ်သည်ဟု ဆိုသည်။ သွေးသစ်အောင်နှင့် သွေးသစ်ဝင်းလှိုင်တို့သည် ၄ ကြိမ်တိုင်တိုင် ဆုံတွေ့ခဲ့ဖူးပြီး တစ်ယောက် တစ်ပွဲစီ အနိုင်ရထားကာ ကျန်ပွဲများ သရေကျ ထားသည်။ သွေးသစ်အောင်က ရိုးရာလက်ဝှေ့သည် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားကဲ့သို့ အနိုင်ရရန် ခက်သည်ဟု ယူဆသူ ဖြစ်သည်။

“ရိုးရာလက်ဝှေ့က အနိုင်ရဖို့ ပိုခက်တယ်လို့ မြင်တယ်။ သံဇကာပွဲ (ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားပွဲ) တွေက နိုင်ဖို့ ပိုလွယ်တယ်။ ရိုးရာ လက်ဝှေ့မှာက မထနိုင်အေင် အလဲထိုးမှ နိုင်တာလေ။ အလဲထိုး နိုင်ရင်တောင် တစ်ဆယ်အထိ ရေပြီးမှ နိုင်တာ။ တစ်ချို့ ကျတော့လည်း အရှုံးမခံဘဲ အနားတောင်းပြီး ပြန်ထိုးတာမျိုး ရှိတယ်။ သံဇကာပွဲတွေမှာ ကျတော့ ကြမ်းပေါ် လဲသွားအောင် ထိုးနိုင်ရင် နိုင်ဖို့များသွားပြီ။ ဒါကြောင့် နိုင်ဖို့ ပိုလွယ်တယ်လို့ ထင်တယ်။ မထိုးရတာလည်း ကြာပြီ။ ထိုးချင်ပါတယ် တစ်ပွဲလောက်”ဟု သွေးသစ်အောင်က ဆိုသည်။

သွေးသစ်အောင်က ONE Championship တွင် ထိပ်တိုက် အတွေ့ချင်ဆုံး ကစားသမားမှာ ဖယ်သာဝိတ်တန်း၏ အလဲထိုး နိုင်ပွဲ အများဆုံး ကစားသမား ဖိုးသော် ဖြစ်သည်ဟုလည်း ဆိုသည်။

“ကျွန်တော် အထိုးချင်ဆုံး ပြိုင်ဘက်ကို ပြောပါဆိုရင် ကိုဖိုးသော်ပါပဲ။ ကိုဖိုးသော်နဲ့ ကျွန်တော်က သင်တန်း သွားတက်တာလည်း အတူတူ။ ကျွန်တော်ရယ်၊ ကိုဖိုးသော်ရယ်၊ သပြေညို၊ မျိုးမာန်သစ်ရယ် ၄ ယောက် သွားတက်ခဲ့ ရတာ။ သပြေညိုနဲ့ မျိုးမာန်သစ် ထိုးပြီးသွားပြီ။ ကျွန်တော်တို့ နှစ်ယောက်ပဲ မထိုးရသေးတာ။ ကျွန်တော်တို့ နှစ်ယောက်က ဝိတ်တန်းလည်း တူတယ်။ သူလည်း ရှုံးထွက် ဒိုင်းတစ်ခု ရထားတယ်။ ကျွန်တော်လည်း ဒိုင်းတစ်ခု ရထားတယ်။ ကျွန်တော်တို့ နှစ်ယောက်ကို ပေးထိုးရင်တော့ ကောင်းတာပေါ့”ဟု သွေးသစ်အောင်က ပြောခဲ့သည်။

Please follow and like us:
error0

Leave a Reply

Your email address will not be published. Required fields are marked *