အာရှ၏ အကောင်းဆုံး ကိုယ်ခံပညာပြိုင်ပွဲကြီး ONE Championship သည် အာရှနှင့် ကမ္ဘာတစ်လွှားမှ အထူးချွန်ဆုံး ကိုယ်ခံပညာကစားသမားများကို ပါဝင်ယှဉ်ပြိုင် စေလျက်ရှိသည်။ အဆိုပါ ကိုယ်ခံပညာရှင် များထဲတွင် ခွန်ခမာလက်ဝှေ့ပညာ၏ စတင်ထွန်းကားရာဒေသဖြစ်သော ကမ္ဘောဒီးယားမှ ကိုယ်ခံပညာရှင်များလည်း ပါဝင်သည်။ ရိုးရာ ခွန်ခမာ လက်ဝှေ့ကို အခြေခံကာ ကိုယ်ခံပညာသိုင်းပေါင်းစုံ ပညာရပ်များ ပေါင်းစပ်ပြီး ONE Championship ကြိုးဝိုင်းထဲ ပါဝင်ယှဉ်ပြိုင်နေကြသည့် ကမ္ဘောဒီးယား ကစားသမားများထဲမှ အကောင်းဆုံး ကစားသမား အချို့အကြောင်း စုစည်းတင်ပြ လိုက်ရပါသည်။

 ၁။ Chan Rothana

ONE Championship ၏ အကောင်းဆုံး ကမ္ဘောဒီးယား ကစားသမားဟု သတ်မှတ်နိုင်သည့် Chan Rothana သည် နိုင်ငံတူ ကစားသမား များထဲတွင် နိုင်ပွဲ အများဆုံး ရထားသူလည်း ဖြစ်သည်။ မြန်မာ ကစားသမား ဖိုးသော် ကဲ့သို့ပင် Fight for Good (FFG) အဖွဲ့တွင် ပါဝင်သူ Rothana သည် ကစားသမား ဘဝတစ်လျှောက် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပွဲပေါင်း ၁ဝ ပွဲ ကစားခဲ့ပြီး ၇ ပွဲနိုင် ၃ ပွဲရှုံး ရလဒ် ရရှိခဲ့သည်။ ၎င်း၏ မိဘများသည် ကမ္ဘောဒီးယား စစ်ပွဲ ဖြစ်ပွားစဉ်က ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ရသဖြင့် Rothana ကို ထိုင်းဒုက္ခသည် စခန်း တစ်ခုတွင် မွေးဖွားခဲ့သည်။ Rothana ၏ ဖခင်သည် ခွန်ခမာ ရိုးရာသိုင်း တစ်မျိုး ဖြစ်သော Yutakhun Khom ပညာကို ကျွမ်းကျင်သည့် သိုင်းဆရာတစ်ဦး ဖြစ်သဖြင့် Rothana ငယ်စဉ်ကလေးဘဝ ကတည်းက ကိုယ်ခံပညာနှင့် ထိတွေ့ခွင့် ရခဲ့သည်။

Rothana သည် အသက် ၁၇ နှစ် အရွယ်တွင် ခွန်ခမာ လက်ဝှေ့ လောကထဲ ဝင်ရောက်ခဲ့ပြီး ပွဲပေါင်း ၉ဝ ကျော် ရှုံးပွဲမရှိ ရလဒ်ကို ပိုင်ဆိုင် ခဲ့ဖူးသည်။ ၎င်းသည် တိုက်ကွမ်ဒို တွင်လည်း ခါးပတ်နက် ရရှိထားပြီး ၂ဝ၁၄ ခုနှစ်မှ စတင်ကာ ONE Championship နှင့် လက်တွဲရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ အသက် ၃၃ နှစ်ရှိသူ Rothana သည် ONE Championship ၏ ဖယ်သာဝိတ်တန်း ကမ္ဘောဒီးယား တံခွန်စိုက် ပြိုင်ပွဲတွင် ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့သူလည်း ဖြစ်သည်။

 ၂။ Meas Meu

Rothana ကဲ့သို့ပင် ၂ဝ၁၄ ခုနှစ် ကတည်းက ONE Championship နှင့် လက်တွဲခဲ့သည့် ခွန်ခမာ လက်ဝှေ့ကျော် နောက်တစ်ဦးမှာ Meas Meul ဖြစ်သည်။ အသက် ၂၉ နှစ် ရှိသူ Meul သည် Khmer Warrior Challenge ပြိုင်ပွဲတွင် ချန်ပီယံ ဖြစ်ခဲ့ဖူးပြီး ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမား ဘဝတစ်လျှောက် ၅ ပွဲနိုင် ၃ ပွဲရှုံး ရလဒ် ပိုင်ဆိုင်ထားသည်။ ကမ္ဘောဒီးယား နိုင်ငံ၊ Kampong Thom ဒေသမှ လယ်သမား မိသားစု တစ်စုတွင် မွေးဖွား ခဲ့သူ Meul သည် ငယ်စဉ်က မိဘများနှင့်အတူ လယ်ယာ လုပ်ငန်းတွင် ဒိုးတူပေါင်ဖက် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ ၎င်းသည် ငယ်စဉ်က ကလေးချင်း အနိုင်ကျင့် မခံရ စေရန်အတွက် ခွန်ခမာ လက်ဝှေ့ကို ကလေးဘဝ ကတည်းက သင်ယူခဲ့သည်။ 

အရွယ် ရောက်လာသည့် အခါ ကိုယ်ခံပညာ အားကစားဖြင့် မိသားစုကို ရှာဖွေ ကျွေးမွေးခြင်းက လယ်ယာ အလုပ်ထက် ဝင်ငွေ ပိုကောင်းကြောင်း သိမြင်လာ သဖြင့် ခွန်ခမာပွဲများ စတင် ပါဝင်ယှဉ်ပြိုင် ခဲ့သည်။ Meul သည် ခွန်ခမာ၊ ဂျူဒို၊ နပမ်းနှင့် အနောက်တိုင်း လက်ဝှေ့ ပညာများကို တတ်မြောက်ခဲ့ပြီး ဂျူဒိုပြိုင်ပွဲတွင် တစ်နိုင်ငံလုံး အဆင့် ချန်ပီယံဆုကို ငါးကြိမ် ဆွတ်ခူးခဲ့သလို ခွန်ခမာ တွင်လည်း ၁၃ ပွဲ ဆက်တိုက် အနိုင်ရခဲ့သည်။ ၂ဝ၁၄ တွင် ONE Championship သို့ စတင်ရောက်ရှိ ခဲ့သော်လည်း ၂ဝ၁၅ နောက်ပိုင်း ပွဲဆက် ဝေးသွားသဖြင့် ထိုင်းနိုင်ငံမှ Full Metal Dojo ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ယင်းပွဲများတွင် အစွမ်းပြနိုင် ခဲ့သဖြင့် ONE Championship က ၂ဝ၁၈ တွင် နောက်တစ်ကြိမ် ပြန်လည် ခေါ်ယူစာချုပ် ခဲ့ခြင်း ဖြစ်သည်။

 ၃။ Sor Sey

ONE Championship တွင် ပါဝင်ယှဉ်ပြိုင် နေသည့် နောက်ထပ် ဝါရင့် ခွန်ခမာ ကစားသမား တစ်ဦးမှာ ဖိုးသော်နှင့် တစ်ကြိမ် ရင်ဆိုင် ခဲ့ဖူးသည့် Sor Sey ဖြစ်သည်။ အသက် ၃၇ နှစ် ရှိသူ Sor Sey သည် ခွန်ခမာ ပွဲပေါင်း ၁၄၅ ပွဲအထိ အနိုင်ရရှိ ခဲ့ဖူးသူ ဖြစ်ပြီး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားတွင် ၄ ပွဲနိုင် ၃ ပွဲရှုံး ရလဒ်ကို ရရှိထားသည်။ ကမ္ဘောဒီးယား နိုင်ငံ၊ Kandal ခရိုင်မှ လယ်သမား မိသားစုတွင် မွေးဖွားခဲ့သည့် Sor Sey သည် ငယ်စဉ်က မြင်းများ၊ ကျွဲများ ကျောင်းရင်း ကြီးပြင်း လာခဲ့ရသူ ဖြစ်သည်။ ငယ်စဉ်က အခြား ကလေးများထက် လူကောင် သေးသဖြင့် ကမ္ဘောဒီးယား ရိုးရာနပမ်း ပညာကို သင်ယူခဲ့သည်။

Sor Sey သည် မိသားစုအတွက် ငွေရှာရန် ရည်ရွယ်ပြီး ခွန်ခမာ လက်ဝှေ့ပညာကို သင်ယူလေ့ကျင့် ခဲ့ကာ ပြိုင်ပွဲပေါင်း ၂ဝဝ ကျော် ပါဝင် ယှဉ်ပြိုင်ခဲ့သည်။ ထို့နောက်တွင် နာမည်ကျော် ကိုယ်ခံပညာ သိုင်းပေါင်းစုံ နည်းပြ Chan Reach နှင့် ဘရာဇီး ဂျူဂျစ်ဆု ခါးပတ်နက်ရ ပညာရှင် Fernando Salvador တို့၏ လေ့ကျင့်ပေး မှုကြောင့် သံဇကာ ကြိုးဝိုင်းထဲ စတင်ရောက်ရှိ လာခဲ့သည်။ Sor Sey ကို ယခု အချိန်အထိ အောင်မြင်မှုများ ဆာလောင်နေသူ တစ်ဦး ဖြစ်နေစေရန် အဓိက တွန်းအားပေးသည့် အရာမှာ ၎င်း၏ မိသားစု ဖြစ်သည်။ မိသားစုကို ပိုမိုကောင်းမွန်သော ဘဝ ပိုင်ဆိုင်နိုင် စေရန်နှင့် ကလေးများကို ၎င်းငယ်စဉ်က မရခဲ့သည့် အဆင့်မြင့် ပညာရေးမျိုး သင်ကြား နိုင်စေရန် အတွက် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲများတွင် သွေးချွေးများ ရင်းနှီးကာ ကြိုးစားယှဉ်ပြိုင် နေခြင်း ဖြစ်သည်။

 ၄။ Rin Saroth

မြန်မာနိုင်ငံတွင် နောက်ဆုံး ကျင်းပသွား ခဲ့သည့် ONE Championship ပြိုင်ပွဲတွင် မြန်မာ ကစားသမား တီရယ်ထန်နှင့် ရင်ဆိုင် ခဲ့ရသည့် ကမ္ဘောဒီးယားသား Rin Saroth သည်လည်း ၎င်းတို့နိုင်ငံတွင် အကောင်းဆုံး ကစားသမားများ ထဲမှ တစ်ဦးဖြစ်သည်။ အသက် ၂၆ နှစ် အရွယ်ရှိသူ Saroth သည် Khmer Warrior Challenge 3 ဖယ်သာဝိတ်တန်း တံခွန်စိုက် ပြိုင်ပွဲ၏ ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့ ဖူးပြီး ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမား ဘဝ တစ်လျှောက် ၃ ပွဲနိုင် ၇ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားသည်။ ရိုးသားသည့် လယ်သမား မိသားစုမှ မွေးဖွားခဲ့သူ Saroth သည်လည်း ငယ်စဉ်က အခြား ခွန်ခမာ လက်ဝှေ့သမား အများစုကဲ့သို့ အိမ်အတွက် ငွေရှာရန် ခွန်ခမာ လက်ဝှေ့ပညာကို သင်ယူပြီး ပြိုင်ပွဲဝင် ခဲ့သူဖြစ်သည်။

Saroth သည် ခွန်ခမာပွဲပေါင်း ၁၃ဝ ကျော် ယှဉ်ပြိုင်အပြီးတွင် ပွဲ ၁၁ဝ အနိုင်ရခဲ့ပြီး ၂၂ ပွဲသာ ရှုံးနိမ့်ထားသည်။ ထို့ကြောင့် စိန်ခေါ်မှု အသစ်များကို ရင်ဆိုင်ရန်အတွက် ၂ဝ၁၃ တွင် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား လောကသို့ ကူးပြောင်းလာ ခဲ့သည်။ ၎င်း၏ ပထမဆုံး ONE Championship ပြိုင်ပွဲကိုမူ ၂ဝ၁၅ ဒီဇင်ဘာတွင် စတင်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုံး ပွဲတွင်ပင် ပြိုင်ဘက်ကို နပမ်းပညာဖြင့် အနိုင်ယူခဲ့သည်။

၅။ Nou Srey Pov

ကမ္ဘောဒီးယား၏ ရှားရှားပါးပါး အမျိုးသမီး ONE Championship အားကစားသမား Nou Srey Pov သည် အကောင်းဆုံး ကစားသမား များထဲမှ တစ်ဦးဖြစ်သည်။ အသက် ၂၄ နှစ်ရှိသူ Pov သည် ကမ္ဘောဒီးယား ခွန်ခမာ လက်ဝှေ့၏ အမျိုးသမီး ကမ္ဘာ့ ချန်ပီယံလည်း ဖြစ်ပြီး ပွဲဦးထွက် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပွဲတွင် နာမည်ကျော် ထိုင်းအားကစားမယ် Rika Ishige ကို အနိုင်ရခဲ့သည်။ ငယ်စဉ်က လူကောင်သေးပြီး အားနည်းသည့် Nou သည် မကြာခဏ အနိုင်ကျင့် ခံရသဖြင့် ကိုယ့်ကိုယ်ကို ကာကွယ်ရန် ဦးလေးဖြစ်သူ ထံမှ ခွန်ခမာ လက်ဝှေ့ပညာကို သင်ယူခဲ့သည်။

ကိုယ်ခံပညာရပ် များကို စိတ်ဝင်တစား လေ့လာ လိုက်စားမှုကြောင့် မြန်မြန်ဆန်ဆန် တိုးတက်လာပြီး အသက် ၁၃ နှစ်တွင်ပင် ပထမဆုံး ခွန်ခမာပွဲကို စတင် ယှဉ်ပြိုင်နိုင် ခဲ့သည်။ Nou သည် ခွန်ခမာ ပွဲများတွင် ကာလရှည်ကြာ ရှုံးပွဲမရှိ စံချိန် တစ်ရပ်ကို ထိန်းသိမ်း နိုင်ခဲ့ပြီး ကစားသမား ဘဝတစ်လျှောက် ပွဲပေါင်း ၉ဝ ကျော် အနိုင်ရခဲ့သည်။ ထို့ပြင် အနောက်တိုင်း လက်ဝှေ့ကိုလည်း လေ့လာ သင်ယူခဲ့ သဖြင့် ဆီးဂိမ်း ပြိုင်ပွဲတွင် ကမ္ဘောဒီးယား နိုင်ငံ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခံခဲ့ ရသည်။ မြန်မာ့ ရိုးရာလက်ဝှေ့  ပြိုင်ပွဲများ ကိုပါ လာရောက် ယှဉ်ပြိုင်လေ့ ရှိပြီး ထက်မြက်သည့် လက်စွမ်းကြောင့် World Lethwei Championship-WLC က သူ့ကို ၂ဝ၁၈ ခုနှစ်၏ အကောင်းဆုံး အမျိုးသမီး ကိုယ့်ခံပညာကစားသမားအဖြစ် သတ်မှတ်ပေး ခဲ့သည်။

 ONE Hero Series August ပြိုင်ပွဲကို လာမည့် သြဂုတ်လ ၂၆ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ပြီး ONE Championship၏ ONE Super App https://www.onefc.com/download-app/ တွင် အခမဲ့ ဒေါင်းလုပ်ပြုလုပ်၍ ကြည့်ရှုနိုင်ပါသည်။ 

Please follow and like us:
error0

Leave a Reply

Your email address will not be published. Required fields are marked *