“ကျွန်တော်က ငယ်ငယ်လေး ကတည်းတည်းက တိုက်ခိုက်ရတဲ့ အားကစားမျိုးကို ဝါသနာပါတယ်။ ဒါကြောင့် ဘာမှသိပ်ပြီး ကန့်သတ်မထားတဲ့ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားကို စိတ်ဝင်စားတာပါ။ ကိုယ်ခံပညာနဲ့ ပတ်သက်ရင် မတ်တပ်ရပ် တိုက်ခိုက်တာ ဖြစ်ဖြစ်၊ မြေပြင် နပမ်း ဖြစ်ဖြစ် ကိုယ်တတ်ကျွမ်းသလို ယှဉ်ပြိုင်နိုင်တဲ့ အားကစား ဖြစ်တာကြောင့်လည်း ပိုစိတ်ဝင်စားတာပါ”ဟု ပြောလာသူက ONE Warrior Series တွင် ပါဝင်ယှဉ်ပြိုင် နေသည့် မြန်မာ ကစားသမား စိုင်းဥာဏ်လင်း ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ကရာတေးကစားသမားဟောင်း စိုင်းဥာဏ်လင်းသည် ၎င်းဝိတ်တန်းတွင် သုံးနှစ်ဆက်တိုက် မြန်မာပြည်ချန်ပီယံ ဖြစ်ခဲ့ဖူးသူ ဖြစ်သည်။ ပြည်တွင်းနှင့် နိုင်ငံတကာ ဆုတံဆိပ်ပေါင်း များစွာ ဆွတ်ခူးနိုင်ခဲ့ပြီး ၂ဝ၁၇ ခုနှစ် မလေးရှား ဆီးဂိမ်းတွင် မြန်မာ နိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ယင်းပြိုင်ပွဲ အပြီးတွင် ဆယ်စုနှစ် တစ်ခုခန့် တစိုက်မတ်မတ် လေ့လာလိုက်စား ခဲ့သည့် ကရာတေး အားကစားကို စွန့်ခွာကာ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား လောကထဲ ဝင်လာခဲ့သူ ဖြစ်သည်။

“ဒီအားကစားတွေအတွက် ကျွန်တော် ရင်းနှီးခဲ့ရတာကတော့ အချိန်ပေါ့။ ကျွန်တော် ဆယ်တန်းပြီး ကတည်းက ကရာတေးကို လေ့ကျင့်ခဲ့တာ။ ဒီကိုယ်ခံပညာ လောကထဲ ရောက်နေတာ ဆယ်နှစ်နီးပါး ရှိတော့မယ်ပေါ့။ အခု ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားကို ပြောင်းကစားတဲ့အခါ အများကြီး ပြောင်းလဲသွားတယ်။ နည်းစနစ်တွေရော၊ မြေပြင်ချုပ်ကွက်တွေ၊ ဂျူဂျစ်ဆုတို့ ဘာရောပေါ့။ အခုမှ စပြီး ပြောင်းကစားတာ ဆိုတော့ အရင်က ကစားနည်းနဲ့ သိပ်မတူဘူးလေ။ မြေပြင်ချုပ်ကွက် ပိုင်းတွေ ပိုတိုးတက် လာပါတယ်”ဟု စိုင်းဥာဏ်လင်းက ပြောပြခဲ့သည်။

အသက် ၂၆ နှစ်ရှိသူ စိုင်းဥာဏ်လင်းသည် နာမည်ကျော် ONE Championship ကစားသမား တစ်ဦးဖြစ်သည့် “ဘူရှီဒို” ဖိုးသော်၏ Team PT အားကစားရုံတွင် လေ့ကျင်နေသူ ဖြစ်သည်။ သူသည် ONE Warrior Series တွင် ပြိုင်ပွဲသုံးပွဲ ပါဝင်ကစားခဲ့ဖူးပြီး နှစ်ပွဲရှုံး တစ်ပွဲနိုင်ရလဒ် ရရှိထားသည်။ စတင်ယှဉ်ပြိုင်ကာစတွင် ရှုံးပွဲဆက်သည့် အနေအထားနှင့် ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံး ကျင်းပခဲ့သည့် OWS 6 ပြိုင်ပွဲတွင်မှ ပထမဆုံး နိုင်ပွဲ ပြန်လည် ရှာတွေ့ခဲ့သူ ဖြစ်သည်။

“ပွဲက တစ်ပွဲပြီးတိုင်း အတွေ့အကြုံ အများကြီး ရတယ်။ အဲဒီ အတွေ့အကြုံကနေ ကိုယ်လိုအပ်တာ တွေကို ပြန်ပြီး လေ့ကျင့်တာပေါ့။ ဘယ်နား အားနည်းလည်း ကြည့်ပြီး ပြန်ကျင့်ရတယ်။ အဲဒီလို လေ့ကျင့်ရင်း လေ့ကျင့်ရင်းနဲ့ပဲ တည်ဆောက်ယူ နေရတာပေါ့။ ONE Warrior Series ကနေတဆင့် ONE Championship နဲ့ စာချုပ်ချုပ်နိုင်ဖို့ ကျွန်တော်ကြိုးစားမှာပါ”ဟု စိုင်းဥာဏ်လင်းက ဆိုသည်။

Rich Franklin ၏ ONE Warriors Series ပြိုင်ပွဲ သည် အရည်အချင်း ရှိသော မျိုးဆက်သစ် ကစားသမားများကို ONE Championship အတွက် စင်တင်ပေး နိုင်ရန် ရည်ရွယ် ကျင်းပသည့် ပြိုင်ပွဲဖြစ်သည်။ အဆိုပါ ပြိုင်ပွဲတွင် အကောင်းဆုံး ကစားနိုင်သူ များကို ဆုငွေ အမေရိကန် ဒေါ်လာ တစ်သိန်းနှင့်အတူ ONE Championship နှင့် လက်တွဲခွင့် စာချုပ်များ ချုပ်ဆိုလေ့ ရှိသည်။

ကယားပြည်နယ်ဖွား ရှမ်းလူမျိုး စိုင်းဥာဏ်လင်းက ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမားဘဝကို ရွေးချယ်ခဲ့သည့် အတွက် အကျိုးကျေးဇူး များစွာ ရရှိခဲ့ကြောင်း၊ ကိုယ်ကိုယ်တိုင် သာမက ပတ်ဝန်းကျင်အတွက်ပါ ပြန်လည်ဝေမျှမှု ပြုလုပ်နိုင်ခဲ့ကြောင်း၊ သို့သော် ယင်းအားကစားမှာ မြန်မာနိုင်ငံတွင် ကစားသူ နည်းနေသေးသောကြောင့် မိမိကိုယ် မိမိ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမားဟု မိတ်ဆက်သည့် အခါတွင် အံ့သြသွား ကြလေ့ရှိကြောင်း စိုင်းဥာဏ်လင်းက ဖွင့်ဟခဲ့သည်။

“ကျွန်တော်ကတော့ ပတ်ဝန်းကျင်ကို ကျွန်တော် သင်ထားတဲ့ ကိုယ်ခံပညာ သိုင်းပေါင်းစုံ တွေကို ပြန်လည် ဝေမျှပေးတယ်။ ကိုဖိုးသော် သင်တန်းမှာပဲ နည်းပြလုပ်နေတယ်။ ခန္ဓာကိုယ်ပိုင်း အနေနဲ့လည်း ပိုပြီးကျန်းမာလာတယ်။ ပိုပြီး အပင်ပန်းခံလာ နိုင်တယ်။ အားပေးတဲ့ သူတွေ ရှိပါတယ်။ ပတ်ဝန်းကျင်မှာပေါ့။ ကိုယ်ခံပညာ သိုင်းပေါင်းစုံ သမား ဖြစ်နေတဲ့အတွက် ကြမ်းကြမ်းတမ်းတမ်းတွေ ချနေရလို့ ကျဉ်သွားတာမျိုးတော့ မရှိပါဘူး။ အားပေးမယ်နော် ဆိုတဲ့ သူတွေ များပါတယ်”ဟု စိုင်းဥာဏ်လင်းက ဆိုသည်။

စိုင်းဥာဏ်လင်းသည် လာမည့် သြဂုတ် ၆ ရက်တွင် စင်ကာပူ နိုင်ငံ၌ ကျင်းပမည့် ONE Warrior Series 7 ပြိုင်ပွဲတွင်လည်း ပါဝင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ သူနှင့် ယှဉ်ပြိုင်ရမည့် ကစားသမား အဖြစ် လျာထားခြင်း ခံရသူမှာ မလေးရှား ကစားသမား တစ်ဦး ဖြစ်ပြီး ယင်းပြိုင်ပွဲအတွက် ကြိုတင် ပြင်ဆင်မှုများလည်း ပြုလုပ်နေကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲတွင် အခြား မြန်မာ ကစားသမား တစ်ဦးဖြစ်သည့် ပုညစိုင်း လည်း ပါဝင်ကစားမည် ဖြစ်သည်။

“ပွဲအတွက် ကြိုတင် ပြင်ဆင်တာကတော့ ရှေ့ကပွဲ ပြီးကတည်းက တောက်လျှာက် ပုံမှန်လေ့ကျင့်ရေးတွေ ပြန်လုပ်နေတယ်။ ပြိုင်ဘက်ရဲ့ သတင်းတွေ သိရ သလောက်က သူက မွေထိုင်းသမား ဆိုတော့ အဲဒါနဲ့ပတ်သက်ပြီး ပြင်ဆင်ထားတယ်။ မတ်တပ်ရပ် တိုက်ခိုက်တာရော၊ မြေပြင် အချုပ်ကော လေ့ကျင့် ထားတယ်။ တစ်မျိုးတည်းကို သီးသန့် ပြင်ဆင်ထား တာမျိုးတော့ မရှိဘူး။ ဘာကြောင့်လဲ ဆိုတော့ အခြေအနေက ဘာမဆို ဖြစ်လာ နိုင်တယ်လေ။ သူကလည်း ကိုယ်ခံပညာ သိုင်းပေါင်းစုံကို ကစားနေတဲ့သူ ဖြစ်တဲ့အတွက် ရသလောက် သင်ထားမှာပဲ”ဟု စိုင်းဥာဏ်လင်းက ပြောပြခဲ့သည်။

Please follow and like us:
error0

Leave a Reply

Your email address will not be published. Required fields are marked *