ကိုယ်ခံပညာ အားကစားသမားတစ်ဦး အနေဖြင့် အတတ်ပညာကြွယ်ဝမှု၊  ခံနိုင်ရည်မြင့်မားမှု၊ အားကစားသမားတစ်ဦး ရှိသင့်သည့်   ပျော့ပျောင်းမှုနှင့် အလိုအလျှောက်တုံ့ပြန်နိုင်စွမ်း မြင့်မားမှုတို့အပြင် မရှိမဖြစ်စွမ်းရည်တစ်ရပ်မှာ အလဲထိုးစွမ်းရည်ဖြစ်သည်။ အခြားစွမ်းရည်များကို တစ်ခုချင်းစီ သီးခြားခွဲထုတ်လေ့ကျင့်ရန် ဖြစ်နိုင်သော်လည်း အလဲထိုးစွမ်းရည်မှာ ထိုကဲ့သို့ မဟုတ်ပေ။ အလဲထိုး စွမ်းရည်ကို ပိုင်ဆိုင်အသုံးချနိုင်ရန်အတွက် အားကစားသမားတစ်ဦးသည်  ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်အတွင်း နည်းဗျုဟာပိုင်းကို စက္ကန့်ပိုင်းအတွင်း မှန်မှန်ကန်ကန်သုံးသပ်တတ်ရန်လိုသည်။

Fighter instinct ဟု ဆိုရမည့် ပင်ကိုယ်ဗီဇစိတ်အရ တိုက်ခိုက်မှုအပေါ် နစ်မြှုပ်ပျော်ဝင်နေသည့် စိတ်နေစိတ်ထားမျိုးလည်း ပိုင်ဆိုင်ထား

ရမည်။ ဗျုဟာပိုင်းအရလည်း အချိန်ကိုက် အသုံးချတိုက်ခိုက်တတ်ရမည်။ တိုက်ခိုက်သည့် နေရာတွင်လည်း တစ်ဖက်ပြိုင်ဘက် အမြင်တွင် မည်သို့ဆက်လက်လုပ်ဆောင်မည်ကို မခန့်မှန်းနိုင်လောက်အောင် ပိုင်နိုင်စွာ သုံးသပ်တတ်ရမည်။ သို့မှသာ လှပသော အလဲထိုးကွက်များကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။ အလဲထိုးစွမ်းရည်သည် ကိုယ်ခံပညာ အားကစားသမားတစ်ဦးအနေဖြင့် ဘက်စုံစွမ်းရည်များကို ပေါင်းစပ်အသုံးချမှု၏ ရလဒ်ပင် ဖြစ်သည်။

ထို့ကြောင့် အလဲထိုးစွမ်းရည်သည် ကိုယ်ခံပညာ အားကစားသမားတစ်ဦးအတွက် အဖိုးတန်စွမ်းရည် တစ်ရပ်ဖြစ်သည်ဆိုသည်မှာ သံသယ ဖြစ်ဖွယ်မရှိပေ။ ထိုကဲ့သို့ ဘက်စုံစွမ်းရည်ကို ပေါင်းစပ်အသုံးချနိုင်စွမ်းရှိသည့် ကိုယ်ခံပညာ အားကစားသမားများအနက် တစ်ဦးအပါအဝင် ဖြစ်သော Koyomi”Moushigo” Matsushima ၏အလဲထိုးစွမ်းရည်က ၄င်း၏ပြိုင်ဘက် ကမ္ဘာ့ချန်ပီယံဖြစ်သည့် Martin”The Situ-Asian” Nguyen အပေါ် ခြိမ်းခြောက်နိုင်မည်လားဆိုသည်ကို သုံးသပ်ဖော်ပြလိုက်ရပါသည်။

တစ်နှစ်ကြာစောင့်ဆိုင်းခဲ့ခြင်းဖြင့် နောက်ဆုံးတွင် Koyomi “Moushigo” Matsushima သည် ၄င်းစောင့်ဆိုင်းနေသော ပြိုင်ပွဲထိုးသတ်ယှဉ် ပြိုင်ခွင့်ရရှိခဲ့ပြီဖြစ်သည်။ ဂျပန်နာမည်ကျော် အားကစားသမားသည် ONE: DAWN OF HEROES ပြိုင်ပွဲ၏ အဓိကပွဲစဉ်ဇယား၌ Martin”The Situ-Asian” Nguyen နှင့် ယှဉ်ပြိုင်ရမည်။ ယင်းပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ကျင်းပမည်ဖြစ်ပြီး Martin ၏ ONE Championship  ဖယ်သာဝိတ်ကမ္ဘာ့ချန်ပီယံဘွဲ့ကို Koyomi Matsushima က စိန်ခေါ်ခြင်းဖြစ်သည်။

တောင်ကိုရီးယား ကိုယ်စားပြုယှဉ်ပြိုင်သော အလဲထိုးပညာရှင် “Pretty Boy” Kwon Won Il ကို သုံးချီ  အကြိတ်အနယ်ယှဉ်ပြိုင် ၍ အံ့မခန်းစွမ်းဆောင်မှုများပြသခဲ့ပြီးနောက် အသက်၂၆နှစ်အရွယ်၊ ယိုကိုဟားမားမြို့သားသည် လာမည့်သြဂုတ် ၂ ရက် သောကြာနေ့၌  Mall Of Asia Arena အားကစားရုံတွင် ယှဉ်ပြိုင်ဦးမည်ဖြစ်သည်။

ပုံမှန်အားဖြင့် အလဲထိုးစွမ်းရည်မြင့်မားသော Kwon Won Il ကို ဖွင့်ကစားဖို့ဆိုသည်မှာ နှစ်ခါပြန်စဉ်းစားရမည့် ကိစ္စဖြစ်သည်။ စက္ကန့်ပိုင်း အတွင်း အလဲထိုးခံသွားရနိုင်သည့် အန္တရာယ်ရှိသည် မဟုတ်ပါလား။ သို့သော် ဂျပန်နိုင်ငံကိုယ်စားပြုယှဉ်ပြိုင်သော Koyomi Matsushima ဖွင့်ကစားပြီး သုံးချီစလုံးလွှမ်းမိုးထားခဲ့သည်။ ယင်းအချက်ကိုကြည့်လျှင် ၄င်း၏ မိမိကိုယ်မိမိ ယုံကြည်စိတ်ချမှုမြင့်မားမှုကို သိရှိနိုင်ပါသည်။

သြဂုတ်၂ ရက်တွဲဆိုင်းများမှာ ONE Championship ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲအဖြစ် Martin”The Situ-Asian” Nguyen နှင့် Koyomi Matsushima၊ ဖယ်သာဝိတ်မွေထိုင်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် Jonathan Haggerty နှင့် Rodtang Jitmuangnon ၊ လိုက်ဝိတ်တန်း ကမ္ဘာ့ဂရင်းပရီအကြိုဗိုလ်လုပွဲအဖြစ် Folayang နှင့်  Eddie Alvarez ၊ ကမ္ဘာ့ဂရင်းပရီ ONE ဖလိုင်းဝိတ်ပွဲစဉ်အကြိုဗိုလ်ပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်ကြမည့် “Mighty Mouse” Johnson နှင့် Tatsumitsu Wada ၊ Danny “The King” Kingad နှင့် Reece “Lightning” Mclaren တို့ ဖြစ်သည်။

ကံဆိုးမှု အယောင်ဆောင်လာသည့် ကံကောင်းခြင်းလက်ဆောင်

Koyomi Matsushima သည် ONE Championship ပြိုင်ပွဲအတွင်းသို့ လျှပ်စီးကဲ့သို့ ဝင်လာခဲ့သည်။ ပွဲဦးထွက်တွင် ကမ္ဘာ့  ချန်ပီယံဟောင်းတစ်ဦးဖြစ်သော Marat “Cobra” Gafurovကို ပထမအချီအလဲထိုးဖြင့် တာထွက်လှခဲ့သည်။ ဆက်တိုက်အနိုင်ပွဲများကို

သိမ်းပိုက်ပြီး ကမ္ဘာ့ချန်ပီယံကို စိန်ခေါ်ရန် Koyomi Matsushima အတွက် ဖြောင့်ဖြူးသော လမ်းတစ်ခုသဖွယ်ရှိနေသည်။

သို့သော် ကံဆိုးစွာဖြင့် ၄င်းတို့နှစ်ဦးစလုံး ဒဏ်ရာပြဿနာနှင့်ကြုံတွေ့ခဲ့ကြရသည်။ “Moushigo” နှင့်”The Situ-Asian” တို့နှစ်ဦး၏ ယှဉ် ပြိုင်ပွဲမှာ နှောင်နှေးကြန့်ကြာနေခဲ့ရသည်။ သို့သော်လည်း  ယင်းအချက်သည်ပင် စိန်ခေါ်သူအတွက် ကံဆိုးမှု အယောင်ဆောင်လာသည့် ကံကောင်းခြင်း လက်ဆောင်ဖြစ်နေခဲ့သည်။

ပြိုင်ဘက် Marat Gafurov ၏ဦးခေါင်းကို ထိုးနှက်ခဲ့ရာမှ ရရှိခဲ့သော လက်ဒဏ်ရာကို ကုစားရန် အချိန်ယူနိုင်ရုံသာမက Koyomi Matsushima သည် ၄င်း၏ အခြားသောစွမ်းရည်များကို မြှင့်တင်ရန်အချိန်ရရှိသွားခဲ့ပြီး အနာဂတ် စိန်ခေါ်မှုအတွက် စိတ်ကြံ့ခိုင်မှုကိုလည်း ပိုမိုခိုင်မာစေရန် တည်ဆောက်ခွင့်ရရှိခဲ့သည်။

“Gafurovနဲ့ ယှဉ်ပြိုင်ချိန်အတွင်းဖြစ်လာတဲ့ စိတ်ဓါတ်ထက်သန်မှုတွေ ပိုပြီးကြီးထွားလာနေတယ်လို့ ခံစားနေရတယ်။” ဟု ၄င်းက ဆိုသည်။

 “တစ်နည်းပြောရရင် နေ့တိုင်းလေ့ကျင့်မှုကြောင့် ပိုပြီးကောင်းမွန်လာတယ်လို့ ခံစားနေရတယ်၊ ပြီးခဲ့တဲ့နှစ်တွေကနဲ့ ယှဉ်ရင် ပိုပြီးသန်စွမ်း လာတယ်လို့လည်း ခံစားမိတယ်။”

” အများကြီးထပ်ပြီး ကြိုးစားလုပ်ဆောင်ရဦးမယ်လို့ ခံယူထားတယ်။ ကိုယ်လုပ်နိုင်တဲ့ အမြင့်ဆုံးအထိ မရောက်သေးဘူး။ အခုထက်ပြို့ပီး သန်စွမ်းမှုကို ပိုင်ဆိုင်ရမယ်။ သေချာတာကတော့ လာမယ့်ပြိုင်ပွဲမတိုင်မီ ပိုပြီးသန်စွမ်းလာဖို့ မျှော်မှန်းထားတာပါပဲ။” ဟု Matsushima က ဆိုသည်။ 

တိုးတက်မှုရှိသည်မှာမှန်သော်လည်း ONE: DAWN OF HEROES ပြိုင်ပွဲကြီးတွင် ၄င်းယှဉ်ပြိုင်ရမည့် ပြိုင်ဘက်မှာ ကစားသမားဘဝ သက်တမ်း တစ်လျှောက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်သည်မှာ သေချာနေသည်။

ချန်ပီယံအဖြစ် ထိုက်တန်မှုအပြည့်ဖြင့် ရပ်တည်နေသည့် Nguyen

ကမ္ဘာ့စင်မြင့်ပေါ်တွင် Martin Nguyen တင်ထားသည့် စံချိန်များမှာ အံ့မခန်းဖြစ်သည်။ ONE Championship သမိုင်းတွင် ထူးခြားလွန်းသော ပွဲသိမ်းထိုးသတ်ယှဉ်ပြိုင်မှုများစွာအနက် တချို့မှာ Nguyen ၏ ပွဲများပင် ဖြစ်သည်။  တစ်ဖက်ပြိုင်ဘက်များ အတွက် စိုးရိမ်စရာ ကောင်းလွန်းသည့်အချက်မှာ Martin သည် ကမ္ဘာ့ချန်ပီယံနှစ်ထပ်ကွမ်းဖြစ်ခဲ့ပြီးသည့်တိုင်အောင် ကိုယ်ခံပညာရပ် သဘောအရ ဆက်လက်တိုးတက်ဖွံ့ဖြိုးနေသည့် အချက်ဖြစ်သည်။

သို့သော် အသည်းကောင်း၍ ပွဲတောင်းကြသူများဖြစ်သည့် အားလျော်စွာ အဆုံးစွန်ဆုံးသော အမှန်တရားကိုရှာဖွေခြင်းဟု အဓိပ္ပါယ်ရသည့် Kyokushinkai လမ်းပေါ်မှ ဂျပန်ကိုယ်ခံပညာ အားကစားသမား Koyomi Matsushima သည်  လျှမ်းလျှမ်းတောက်ဖြစ်နေသူ ဗီယက်နမ် သြစတေးလျလူမျိုးကို ၎င်းနှင့် ONE Championship တို့ စာချုပ်ချုပ်ဆိုဖြစ်ခဲ့သည့် အချိန်ကစ၍ ပစ်မှတ်ထားခဲ့သည်။

 “သူက ဝိတ်တန်းနှစ်ခုကို စိုးမိုးထားတယ်။ သူက အားနည်းချက်ရယ်လို့ ပြောရလောက်အောင် များများစားစားမရှိတဲ့ လူစားမျိုးပါပဲ” ဟု အိုယာမား ကရားတေးနည်းစနစ်တွင် ခါးစည်းအနက်ရရှိထားသူက ဆက်လက်ပြောဆိုခဲ့သည်။

Nguyen နဲ့ Christian Lee စင်္ကာပူမှာ ယှဉ်ပြိုင်တာ ကျွန်တော်မြင်ဖူးတဲ့ ပထမဆုံး ONE Championship ပွဲပါပဲ။ ကျွန်တော်  စာချုပ်ချုပ်ဆိုပြီးချိန်မှာ ကျွန်တော် ရည်မှန်းချက်ထားခဲ့တယ်။ မဖြစ်မနေလုပ်ဆောင်ရမယ့် ရည်မှန်းချက်ရှိတယ်။ အခု အဲဒီပြိုင်ဘက် ကိုကျွန်တော်ယှဉ်ပြိုင်ခွင့်ရပြီ” ဟု ၎င်းကဆိုသည်။ 

Matsushima သည် ပြိုင်ဘက် “The Situ-Asian’s”၏ ကြောက်စရာ အကောင်းဆုံးလက်နက်ကိုလည်း သတိပြုမိခဲ့သည်။

 “အပေါ်စီးက နေမိုးထိုးတဲ့ သူ့ရဲ့ညာလက်သီးက လူတိုင်းကြောက်လန့်ရတဲ့ လက်နက်ပါပဲ။ အကာအကွယ်ယူထားတဲ့ အနေအထားမှာတောင် အဲဒါထိုးနှက်မှုက ရောက်လာနိုင်တယ်။ ဒါကြောင့် အရေးအကြီးဆုံးက အဲဒီလိုထိုးနှက်မှုမခံရအောင် သူ့အတွက်နေရာလွတ် မပေးဖို့ပါပဲ။ တားမရဆီးမရ ထိုးနှက်မှုမျိုးပါ။ ဘယ်လိုပဲဖြစ်ဖြစ် အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ။” ဟု Matsushima က ဆိုသည်။ 

ဘက်စုံစွမ်းရည်ဖြင့် တိုက်ပွဲဝင်မည့် Koyomi Matsushima

နှစ်ပေါင်းများစွာ လေ့ကျင့်ပျိုးထောင်ခဲ့သော ကရာတေး ပညာစွမ်းရည်ကြောင့် Koyomi Matsushima ၏ ထိုးနှက်မှုစွမ်းရည်မှာ ONE Championship ပြိုင်ပွဲအတွင်းရှိ အမာကျောဆုံးမေရိုးသည်ပင် အက်ကွဲသွားနိုင်လောက်အောင် ပြင်းထန်ထက်မြက်ပါသည်။ သို့သော် အသက် ၂၆နှစ်အရွယ် ဂျပန်အားကစားသမားသည် ပွဲသိမ်းထိုးနှက်ရန်သက်သက်ကိုသာ ဇောင်းပေးပြီး အောင်ပွဲရနိုင်သည့် ၄င်း၏ အခွင့်အလမ်းကို ကန့်သတ်ထားမည်မဟုတ်ပေ။

တခြားတစ်ဖက်တွင် Martin သည် ၄င်း၏ ကစားသမားသက်တမ်းတစ်လျှောက် ဘက်စုံထူးချွန်မှု အရှိဆုံးပြိုင်ဘက်နှင့် ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး အကြမ်းတမ်းဆုံး စမ်းသပ်ချက်နှင့် ရင်ဆိုင်ရမည့်အခြေအနေဖြစ်သည်။

 ” ဒါက နေ့တိုင်းလေ့ကျင့်နေတဲ့ အရာပါပဲ။ ကြိမ်ဖန်များစွာ လေ့ကျင့်ထားခဲ့တယ်။ အနိုင်ရဖို့ မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ အလဲထိုးအနိုင်ဖြစ်ဖို့တော့ မကြိုးစားပါဘူး။ ကျွန်တော်က အလဲထိုးပညာရှင်လို့လည်း မခံယူထားပါဘူး။ ဘယ်လိုနည်းနဲ့မဆို အနိုင်ရချင်ပါတယ်။ အလဲထိုးဖြစ်ဖြစ် အမှတ်နဲ့ဖြစ်ဖြစ်ပေါ့။  ကျွန်တော့်အနေနဲ့ ပြောနိုင်တာက နပမ်းနဲ့ ကရာတေးနှစ်မျိုးစလုံးက ကိုယ့်ရဲ့အားသာချက်ဆိုတာပါပဲ။ တစ်ခုတည်းကို အားသန်တာ မျိုးမဟုတ်ပါဘူး။ တစ်ခုမဟုတ် တစ်ခုနဲ့ပေါ့။” ဟု Koyomi Matsushima က ဆိုသည်။

၎င်း၏ပြောစကားအရ “Moushigo” သည် အောင်ပွဲရရန် ပထမအချီတွင် ပြိုင်ဘက်အား ထိုးနှက်တိုက်ခိုက်မှုဖြင့် လွှမ်းမိုးထားနိုင်ရေး ဖြစ်သည်။

အကယ်၍ ပွဲသိမ်းအနိုင်မယူနိုင်ခဲ့လျင် သူတင်ကိုယ်တင်ကစားပြီး မြေပြင်နည်းစနစ်များဆီ ပြိုင်ဘက်ကို သယ်ဆောင်သွားရန်ပင်ဖြစ် သည်။ ဤနည်းဖြင့် ပြိုင်ပွဲကို လွှမ်းမိုးထားနိုင်မည်ဟု “Moushigo” က ယုံကြည်နေသည်။ မည်သို့ပင်ဖြစ်စေ ပြိုင်ပွဲမှာ လွယ်လင့်တကူဖြစ်မည် မဟုတ်ဟု Matsushima မျှော်လင့်ထားသည်။ ကမ္ဘာ့ချန်ပီယံနှင့် ယှဉ်ပြိုင်ထိုးသတ်မှု ရလဒ်မှာ ခါးသီးစရာဖြစ်ခဲ့လျင်လည်း ရင်ဆိုင်နိုင်ရန် ၄င်းက အသင့်ပြင်ထားသည်။

 ” သူက တကယ့်ကို သန်စွမ်းတဲ့သူပါ။ ဒါကြောင့် သူနဲ့ယှဉ်ပြိုင်ရမှာကို ကျွန်တော် ပျော်ပါတယ်။ တကယ်လို့ ရလဒ်က ခါးသီးစရာဖြစ်နေချင်နေပါစေ အဆုံးစွန်ဆုံးအထိ ကျွန်တော် ယှဉ်ပြိုင်သွားမှာပါ။ ဒါကို စိတ်ထဲမှာထည့်ထားပြီး ကျွန်တော် လေ့ကျင့်ခဲ့တယ်။” ဟု ၄င်းက ဆက်လက်ပြောဆိုခဲ့သည်။

” ခါးပတ်လွှဲပေးဖို့ အသင့်သာပြင်ထားလိုက်ပါ တော့ Martin” 

ဒီစကားဟာ  Matsushima က ပြိုင်ဘက် Martin ကို ပွဲအကြို စိတ်ဓါတ်ရေးရာ ထိုးစစ် ဆင်လိုက်သည့် စကားလုံးပင်ဖြစ်ပေတော့သည်။ 

Leave a Reply

Your email address will not be published. Required fields are marked *