စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်သည့် ONE Warrior Series 6 တွင် မြန်မာနိုင်ငံ ကိုယ်စားပြု ကစားသမား စိုင်းဥာဏ်လင်းသည် ထိုင်းနိုင်ငံသား Peter Danasoe ကို တတိယအချီတွင် ပွဲသိမ်းချုပ်ကွက်ဖြင့် အနိုင်ရရှိပြီးနောက် ၎င်း၏ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အိပ်မက်များ ပြန်လည် အသက်ဝင်လာခဲ့သည်။

စိုင်းဥာဏ်လင်းသည် ကိုယ်ခံပညာသိုင်းပေါင်းစုံ ကစားသမားအဖြစ် ၂၀၁၈ ခုနှစ်တွင် ONE Warriors Series တွင် စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ယခုပြိုင်ပွဲသည် ၎င်း၏ တတိယမြောက် ပြိုင်ပွဲဖြစ်ပြီး ONE Championship တွင် ခြေချခွင့်ဆက်လက်ရရှိရေးအတွက် အရေးအပါဆုံးပွဲဖြစ်ခဲ့သည်။

“ဒီပွဲဟာ ကျွန်တော့်ရဲ့ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲ ပထမဆုံးအနိုင်ပွဲပါ။ ဒီပွဲမှာ အနိုင်ရရှိခဲ့တဲ့အတွက် ကျွန်တော်ပျော်ပါတယ်။” ဟု ၎င်းကဆိုသည်။

စိုင်းဥာဏ်လင်းနှင့် ထိုင်းကစားသမား Peter Danasoe တို့သည် ပွဲစကတည်းက နှစ်ဦးစလုံး တိုက်စစ်ဖွင့် ထိုးသတ်ခဲ့ပြီး အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့သည်။ တတိယအချီ အရောက်တွင် ၂ မိနစ် ၁၄ စက္ကန့်တွင် စိုင်းဥာဏ်လင်းက Danasoe ၏ လည်ပင်းကို ခြေဖြင့်ချုပ်၍ ပွဲသိမ်းချုပ်ကွက်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

“ပြိုင်ဘက်နဲ့ ပတ်သက်ပြီး ပွဲမတိုင်ခင် ကျွန်တော်သိထားတာ ဘာမှမရှိဘူး။ ပွဲအနားနီးတော့မှ သူက မွေထိုင်းနဲ့ ဂျူဂျစ်ဆု ကျွမ်းကျင်တယ်ဆိုပြီး သိရတာပါ။ ကြိုးဝိုင်းထဲမှာ အကောင်းဆုံးဖြစ်အောင် ပြိုင်ဘက် အခြေအနေကြည့်ပြီး ကစားခဲ့တာပါ။ ဒီပွဲ အနိုင်ရခဲ့တဲ့ အတွက် အားပေးနေတဲ့ ပရိသတ်တွေနဲ့ နည်းပြအဖွဲ့ကို ကျေးဇူးတင်ပါတယ်။” ဟု စိုင်းဥာဏ်လင်းက ပြောကြားခဲ့သည်။

စိုင်းဥာဏ်လင်းသည် ONE Warriors Series တွင် ၃ ပွဲ ကစားခဲ့ပြီး ပွဲဦးထွက်တွင် ပြိုင်ဘက် Adib Sulaiman ကို ဒုတိယအချီတွင် အရေးနိမ့်ခဲ့ပြီး ဒုတိယပွဲစဉ်တွင် ပြိုင်ဘက် ပုညစိုင်းကို ပထမအချီတွင် အရေးနိမ့်ခဲ့သည်။ ထို့ကြောင့် ယခု ပြိုင်ပွဲအနိုင် ရလဒ်သည် စိုင်းဥာဏ်လင်း၏ ONE Championship အိပ်မက်အတွက် များစွာ အထောက်အကူပြုခဲ့သည်။

“ကျွန်တော်အနေနဲ့ ONE Championship နဲ့အတူ ပြိုင်ပွဲတွေ အများကြီး ယှဉ်ပြိုင်ချင်ပါတယ်။ ကျွန်တော်အိပ်မက်က တစ်ချိန်မှာ ONE Warriors Series ကနေ ONE Championship မှာ ယှဉ်ပြိုင်ခွင့်ရနိုင်ဖို့ပါပဲ။” ဟု ၎င်းကဆိုသည်။

စိုင်းဥာဏ်လင်းသည် ဖိုးသော်၏ Team PT နှင့်အတူ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားကို တစ်နှစ်ကျော်ခန့် လေ့ကျင့်ခဲ့ပြီး ယခုပွဲ အောင်မြင်မှူသည် Team PT၏ ထောက်ပံ့မှူ များစွာပါဝင်လျက်ရှိသည်။

“ကျွန်တော် Mix Martial Arts မှာ ရပ်တည်နိုင်အောင် Team PT က အများကြီးအထောက်အကူပြုပါတယ်။ ကိုဖိုးသော်ကလည်း ပြိုင်ပွဲတစ်လျောက် အနီးကပ် ကြီးကြပ်ပေးပါတယ်။ နည်းပြတွေကလည်း ကျွန်တော်အတွက် အကောင်းဆုံး လမ်းပြပေးတယ်။” ဟု စိုင်းဥာဏ်လင်းကဆိုသည်။  

စိုင်းဥာဏ်လင်းအနေဖြင့် မြန်မာနိုင်ငံ ကိုယ်စားပြု ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစာသမား တစ်ဦးအနေဖြင့် အောင်မြင်မှူများရရှိနိုင်ရန် ရည်ရွယ်လျက်ရှိသည်။

“ကျွန်တော်အနေနဲ့ မြန်မာနိုင်ငံ ဂုဏ်ဆောင်နိုင်တဲ့ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမား တစ်ယောက် ဖြစ်ဖို့ ကြိုးစားသွားမှာပါ။ ရှေ့ဆက် အောင်ပွဲတွေ ထပ်ရအောင် ဒီထက်ပိုပြီး ကြိုးစားပါ့မယ်။” ဟု ၎င်းကဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *