ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာ အားကစားအဖွဲ့ကြီးဖြစ်သည့် ONE Championship သည် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား ပြိုင်ပွဲများအား ဝိတ်တန်းအလိုက် ယှဉ်ပြိုင်ထိုးသတ်ပွဲများအပြင် မတူညီသည့်ဝိတ်တန်းများမှ အားကစားသမားများ  ကိုယ်ခန္ဓာ အလေးချိန်ညှိပြီး ထိုးသတ်သည့် တန်းညှိယှဉ်ပြိုင်မှုခြင်း cross weight ယှဉ်ပြိုင်မှုများကိုလည်း ကျင်းပလျက်ရှိသည်။

အားကစားသမား တစ်ဦးအနေဖြင့် ကြီးကျယ်ခမ်းနားသည့် ကစားသမားဘဝအား တည်ဆောက်ခွင့် အပြည့်အဝရရှိစေရန် ONE Championship သည် အဖွဲ့အစည်းအတွင်း ကန့်သတ်ချုပ်ချယ်မှုများအား ဖြေလျှော့ထားသည်။ အားကစားသမားများအနေဖြင့် ဝိတ်တန်းတက်၍   စိန်ခေါ်ခွင့်ရှိသကဲ့သို့ ကိုယ်အလေးချိန်လျှော့ချ၍ ဝိတ်တန်းဆင်း၍လည်း cross weight ပွဲအဖြစ် ထိုးသတ်နိုင်သည်။

ပြီးခဲ့သော မတ်လ ၃၁ ရက်နေ့က ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပခဲ့သည့် ONE: A NEW ERA တွင်  ပြိုင်ဘက် ဂျပန်အားကစားသမား Ken Hasegawa ကို ပြတ်ပြတ်သားသားအနိုင်ယူခဲ့သည့် အောင်လအန်ဆန် ကို ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ Brandon

Vera မှ တရားဝင်စိန်ခေါ်ခဲ့သည်။ အဆိုပါပြိုင်ပွဲမှာပင် နာမည်ကျော် Angela Lee သည် စတောဝိတ်တန်းကမ္ဘာ့ချန်ပီယံ Xiong Jing Nan ကို ဝိတ်တန်း တက်၍ စိန်ခေါ်ထိုးသတ်ခဲ့သည်။ 

စတောဝိတ်တန်း ချန်ပီယံဘွဲ့အား လွှဲပြောင်းမရယူနိုင်ခဲ့သော်လည်း Angela Lee သည် ချန်ပီယံ Xiong Jing Nan အား အရှုံးပွဲနှင့်ကြုံ တွေ့ရလုနီးပါးဖြစ်သည့်အထိ ဖိအားပေးထိုးသတ်နိုင်ခဲ့ရာ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားပရိသတ်များအတွက် လွန်စွာ စိတ်လှုပ်ရှားရသော ပြိုင်ပွဲတစ်ပွဲဖြစ်ခဲ့ရသည်။

မြန်မာပရိသတ်တို့၏ အချစ်တော် အောင်လအန်ဆန် နှင့် ONE ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံဘွဲ့ကို ကာလရှည်ကြာစွာ သိမ်းပိုက်ထားသည့် Brandon Vera တို့ ထိုးသတ်ယှဉ်ပြိုင်မည့်ပွဲသာမက အခြား စိတ်ဝင်စားစရာကောင်းသည့် cross weight တွဲဆိုင်းများလည်း ထပ်မံပေါ်ထွက်လာနိုင်ဖွယ်ရှိနေသေးသည်။  လက်ရှိအချိန်တွင် ONE Championship ၏ ဝိတ်တန်းနှစ်ခု ချန်ပီယံအဖြစ် ရပ်တည်နေသူမှာ အောင်လအန်ဆန် ဖြစ်ပြီး ၄င်းမတိုင်မီ ONE ၏ ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံအဖြစ် ရပ်တည်ခဲ့သူမှာ ဖယ်သာဝိတ်တန်းမှ Martin Nguyen ဖြစ်သည်။ Martin Nguyen သည် ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်နေချိန်တွင် ONE Championship လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဘွဲ့အား စိန်ခေါ်ထိုးသတ်ခဲ့ခြင်းဖြစ်ရာ ယင်း ပြိုင်ပွဲသည်လည်း cross weight ထိုးသတ်ပွဲတစ်ပွဲဖြစ်ခဲ့သည်။ 

Martin သည် ၂၀၁၈ ခုနှစ်တွင် ဝိတ်တန်း ၃ခု ကမ္ဘာ့ချန်ပီယံ ဖြစ်ရန် အခွင့်အရေး ရရှိခဲ့သေးသည်။ ၎င်းသည် ONE ဘန်တန်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Bibiano Fernandes ကို စိန်ခေါ်ထိုးသတ်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့၍ ဝိတ်တန်း၃ခု ချန်ပီယံဖြစ်ရန် အခွင့်အရေး လက်လွတ်ခဲ့ခြင်းဖြစ်သည်။ 

ဝိတ်တန်းတစ်ရပ်တွင် ပြိုင်ဘက်ကင်းချန်ပီယံဖြစ်နေသူတို့ အခြားဝိတ်တန်းသို့ပြောင်းပြီး ယှဉ်ပြိုင်ထိုးသတ်ပွဲများသည် များစွာစိတ်ဝင် စားဖွယ်ဖြစ်သည်။ထို့ကြောင့် အားကစား ပရိသတ်များအကြိုက်ဖြစ်မည့် cross weight ပြိုင်ပွဲ ၄ ပွဲကို ဖော်ပြလိုက်ရပါသည်။

အောင်လအန်ဆန် နှင့် Brandon Vera

လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံဖြစ်သည့် အောင်လအန်ဆန်အား ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံ Brandon Vera မှ စိန်ခေါ်သည့် ပွဲဖြစ်သည်။ စိန်ခေါ်ရာတွင်လည်း ပြိုင်ပွဲကွင်းအတွင်း ဝင်ရောက်စကားပြောဆိုပြီး စိန်ခေါ်ခဲ့ခြင်းဖြစ်သည်။ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်အတွက် စိန်ခေါ်သူ ဂျပန်ကစားသမား Ken Hasegawa အား ဒုတိယအချီတွင် အလဲထိုးအနိုင်ယူခဲ့သည့် အောင်လအန်ဆန် သည် စိန်ခေါ်သူ Brandon Vera နှင့် လေ့ကျင့် ယှဉ်ပြိုင်ပုံ၊ ကစားဟန် ဆင်တူနေပြီး တစ်ကျောင်းတည်းထွက်ဟု ဆိုရမည့်အနေအထား ဖြစ်နေရာ ကမ္ဘာ့ချန်ပီယံနှစ်ဦး၏ပြိုင်ပွဲမှာ များစွာအကြိတ်အနယ်ဖြစ်ဖွယ်ရှိနေသည်။ 

သို့သော် Vera သည် တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် Brandon Vera က ၄င်းအနေဖြင့် ပြိုင်ဘက်ဖြစ်သူ အောင်လအန်ဆန်  အား အသာစီးဖြင့် ထိုးသတ်ရန်မလွယ်ကြောင်းနှင့် အတွေ့အကြုံ သမ္ဘာကိုအားပြုကာ တန်ပြန်တိုက်စစ်ဖြင့် အနိုင်ယူနိုင်အောင် ကြိုးစားသွားမည်ဟု ပြောဆိုခဲ့သည်။

အခြားတစ်ဖက်တွင် ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံအနေအထားကို ဆက်လက်ထိန်းသိမ်းနိုင်ရန် အစွမ်းကုန်ကြိုးစားသွားမည့် အောင်လအန်ဆန်သည်ပြိုင်ပွဲ မဟာဗျူဟာပိုင်းအပါအဝင် တိုးတက်မှု ဆက်လက်ရရှိနေဆဲဖြစ်ကြောင်း ပြီးခဲ့သည့် ဂျပန်နိုင်ငံ၊တိုကျိုမြို့တွင် ကျင်းပခဲ့သည့်ပွဲအား ကြည့်၍ သုံးသပ်နိုင်သည်။ တရားဝင် စိန်ခေါ်ခဲ့သည့် ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာပင် လာမည့်အောက်တိုဘာလ နှောင်းပိုင်းတွင် ၄င်းတို့နှစ်ဦးယှဉ်ပြိုင် ထိုးသတ်ကြမည်ဖြစ်ရာ သမ္ဘာနှင့်တန်ပြန်တိုက်စစ်ဆင်သူကပဲ အနိုင်ရမည်လား သို့မဟုတ် ဘက်စုံ တိုးတက်မှုရနေသော မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားကပဲ အနိုင်ရမည်လားဆိုသည်မှာ အလွန်စိတ်ဝင်စားဖွယ်ဖြစ်နေသည်။

Martin Nguyen နှင့် Christian Lee

ONE Championship ၏ အသက်အငယ်ဆုံး ကမ္ဘာ့ချန်ပီယံ Christian Lee သည် မေလအတွင်း ကျင်းပခဲ့သော  ONE: ENTER THE DRAGON ပြိုင်ပွဲတွင် တစ်သင်းတည်းမှ Shinya Aoki ကို အနိုင်ယူပြီး လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

နာမည်ကျော် Martin Nguyen နှင့် Christian Lee တို့သည် နှစ်ကြိမ်ဆုံတွေ့ခဲ့ပြီးဖြစ်သည်။ အဆိုပါနှစ်ကြိမ်စလုံးတွင် Christian Lee ကို Martin Nguyen က အနိုင်ရရှိထားခဲ့သည်။ အကယ်၍ ၄င်းတို့နှစ်ဦးသည် တတိယအကြိမ်တွေ့ဆုံမှု ဖြစ်ပေါ်ခဲ့ပါက လိုက်ဝိတ်တန်းဖြစ်ဖွယ်ရှိနေသည်။ Martin Nguyen သည် cross weight ပြိုင်ပွဲများ ထိုးသတ်မှုနှင့် မစိမ်းသူဖြစ်ပြီး တိတိကျကျဆို

ရလျှင် လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ပိုင်ဆိုင်ခဲ့ဖူးသည်။ သို့သော် ပင်ကိုယ်တည်ဆောက်ပုံနှင့် ကိုက်ညီမှုပိုရှိသည့် ဝိတ်တန်းအား ရွေးချယ်သည့် အနေဖြင့် Martin Nguyen သည် လိုက်ဝိတ်ချန်ပီယံခါးပတ်အား စွန့်လွှတ်ခဲ့ခြင်းဖြစ်သည်။

Angela Lee နှင့် Xiong Jing Nan

ဂျပန်နိုင်ငံတွင် မည်ကဲ့သို့ဖြစ်ခဲ့ပါစေ ၂၀၁၉ ခုနှစ်တွင် လန်းဆန်းတက်ကြွစွာဖြင့် ဆက်လက်ပြိုင်ပွဲဝင်မည်ဟု ပြောဆိုခဲ့သော Angela Lee သည် ၎င်း၏ အက်တမ်ဝိတ်တန်း ချန်ပီယံဘွဲ့ကို လက်လွှတ်ဆုံးရှုံးခဲ့ရပါက ONE Championship ၏ ပထမဆုံးသော ဝိတ်တန်းနှစ်ခု ချန်ပီယံအိပ်မက်သည် အမြတ်မထွက်ဘဲ အရင်းပါ ရှုံးရမည့်ကိန်းဖြစ်သည်။ 

လက်ရှိ အချိန်တွင် Angela Lee ၏ ချန်ပီယံ နေရာကိုလုမည့် အားကစားမယ်တစ်ဦးနှင့် အနာဂတ်ကာလတွင် ၎င်း၏ခါးပတ်အား များစွာ ခြိမ်းခြောက်လာနိုင်သူ တစ်ဦးရှိနေသည်။

တရုတ်အားကစားမယ် Xiong Jing Nan သည် ၎င်း၏အနိုင်ပွဲကို ရာနှုန်းပြည့်သေချာချင်နေပုံပေါ်သည်။ စတောဝိတ်တန်းကမ္ဘာ့ချန်ပီယံ ခါးပတ်ကို စိန်ခေါ်လာသူ Angela Lee ၏ ဖိအားကြီးမားသော ချုပ်ကွက်များကို ကြံ့ကြံ့ခံဖြတ်သန်းခဲ့ရသော်လည်း ၄င်း၏ စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သည်။ 

Xiong က Angela Lee ၏ အက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို လုယူရန်အတွက် ဝိတ်တန်းဆင်း၍ ထိုး သတ်ယှဉ်ပြိုင်ရန် စဉ်းစားနေသည်။ လက်ရှိအချိန်တွင် ဝိတ်တန်းနှစ်ခု ချန်ပီယံဖြစ်ရေးအိပ်မက်ကို လက်မလျှော့သေးသည့် Angela Lee သည် စတောဝိတ်တန်းတွင် ဆက်လက်ယှဉ်ပြိုင် ထိုးသတ်လျက်ရှိရာ Xiong Jing Nan နှင့် မည့်သည့်အချိန်တွင်ယှဉ်ပြိုင်ဖြစ်မည်ကို မပြောနိုင်သော်လည်း တရုတ်အားကစားမယ်က အဆိုပါပြိုင်ပွဲ သေချာပေါက်ဖြစ်မည်ဟု ယုံကြည်ထားကြောင်း ပြောဆိုခဲ့သည်။

Joshua Pacio နှင့် Demetrious Johnson

စတုတ္တမြောက် cross weight ပြိုင်ပွဲဖြစ်လာဖွယ်ရှိနေသည့် တွဲဆိုင်းတစ်ဆိုင်းမှာ Joshua Pacio နှင့် Demetrious Johnson တို့နှစ်ဦး ဖြစ်သည်။ 

ကမ္ဘာ့ချန်ပီယံဆုကို ၁၂ကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့သူ Demetrious “Mighty Mouse” Johnson သည် လက်ရှိအချိန်တွင် ဖလိုင်း ဝိတ်တန်း၏ ထိပ်တန်း အားကစားသမားတစ်ဦးအဖြစ် ရပ်တည်လျက်ရှိသည်။  Joshua Pacio သည်လည်း မေလအစောပိုင်းက ပြိုင်ဘက် Yosuke Saruta အား အံ့မခန်း အလဲထိုးဖြင့်အနိုင်ယူကာ ONE စတောဝိတ် ကမ္ဘာ့ချန်ပီယံဘွဲ့အား ပြန်လည်သိမ်းပိုက်ခဲ့သူဖြစ်သည်။

သို့သော် ၄င်းတို့နှစ်ဦး၏ cross weight ယှဉ်ပြိုင်ပွဲဖြစ်လာရန်အတွက်မှာမူ လိုအပ်သည့် တွန်းအားအချို့ရှိနေဆဲဖြစ်သည်။  Johnson သည် လက်ရှိအချိန်တွင် ဖလိုင်းဝိတ်တန်း ဂရင်းပရီ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး အကယ်၍ လက်ရှိ ချန်ပီယံ Adriano Moraes အား အနိုင်ယူကာ ဖလိုင်းဝိတ် ကမ္ဘာ့ချန်ပီယံဖြစ်လာမည်ဆိုလျှင် ၄င်းနှင့် Pacio တို့ကြားမှ cross weight ထိုးသတ်ပွဲဖြစ်လာနိုင်ဖွယ်ရှိသည်။  

Please follow and like us:
error0

Leave a Reply

Your email address will not be published. Required fields are marked *