ONE Championship တွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသော ကစားသမားတိုင်းတွင် မတူညီသော ဘဝနောက်ကြောင်းများ ရှိကြသည်။ အချို့ကစားသမားများသည် ရုပ်ရှင်ဇာတ်လမ်းများထက် ပိုမိုစိတ်ဝင်စားဖွယ်ကောင်းသည့်ဘဝများကို ပိုင်ဆိုင်ထားကြသည်။ ကိုယ်ခံပညာရပ်ကြောင့် ဘဝပြောင်းလဲခဲ့ကြသည့် မြန်မာနိုင်ငံသား ကိုယ်ခံပညာကစားသမား ၃ ဦး၏အကြောင်းကို စုစည်းတင်ပြလိုက်ရပါသည်။

အောင်လအန်ဆန်

မြန်မာပြည်တွင်မွေးဖွားပြီး လက်ရှိအမေရိကန်နိုင်ငံတွင် အခြေစိုက်နေထိုင်လျက်ရှိသည့် အောင်လအန်ဆန်သည် ၎င်း၏ဘဝတွင် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားကိုသာ လိုက်စားခြင်းမရှိခဲ့ပါက ယခုအချိန်တွင် ပျားမွေးမြူရေးလုပ်ငန်းရှင် သို့မဟုတ် စိုက်ပျိုးရေးပညာရှင်တစ်ဦး ဖြစ်နေပေလိမ့်မည်။

ကျောက်မျက်ကုန်သည်တစ်ဦး၏သားဖြစ်သူ အောင်လအန်ဆန်သည်  မီချီဂန်တက္ကသိုလ်တွင် ပညာသင်ယူနေရင်း တစ်ဘက်တွင် မိမိဝါသနာပါသည့် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားကို လေ့လာလိုက်စားခဲ့သည်။ ၎င်းသည် ဘွဲ့ရသောအချိန်တွင် ပျားမွေးမြူရေးလုပ်သားအဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် အားကစားလောကထဲသို့ ခြေစုံပစ်ဝင်ကာ CFC ၊ KOTC စသည် ပြိုင်ပွဲငယ်များတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

၎င်း၏ အချုပ်အသိမ်းစွမ်းရည်ကြောင့် “မြန်မာ့စပါးအုံး” ဟူသည့် နာမည်တစ်လုံးရရှိခဲ့သော်လည်း၊ အဆိုပါ ပြိုင်ပွဲငယ်များတွင် ချန်ပီယံမဖြစ်ခဲ့ဘဲ နိုင်တစ်လှည့်၊ ရှုံးတစ်လှည့်ဖြင့် ဆယ်စုနှစ်တစ်ခုနီးပါး ကျင်လည်ခဲ့ရပြီး ဝင်ငွေအရရော အောင်မြင်မှုအရပါ အားရစရာမရှိသည့် အခြေအနေမျိုး ကြုံတွေ့ခဲ့ရသည်။

အောင်လအန်ဆန်သည် ဝင်ငွေကောင်းမွန်သည့် အသက်မွေးဝမ်းကျောင်းပညာကို သင်ယူတတ်မြောက်ထားသည့်တိုင် ယင်းပညာဖြင့် တစိုက်မတ်မတ် စီးပွားမရှာဘဲ မိမိဝါသနာပါသည့် ကိုယ်ခံပညာအားကစားကိုသာ မဆုတ်မနစ် ဆက်လက် လေ့လာလိုက်စားခဲ့သည်။ ၂ဝ၁၄ ခုနှစ်တွင် ၎င်းကို ONE Championship က စာချုပ်ချုပ်ဆိုလိုက်ပြီးနောက် စုစုပေါင်း ပြိုင်ပွဲ ၁၁ ပွဲ ယှဉ်ပြိုင်ခဲ့ရာ တစ်ပွဲသာ ရှုံးနိမ့်ခဲ့ပြီး လိုက်ဟဲဗီးဝိတ်နှင့် မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံတစ်ဝန်းရှိပြည်သူများက ၎င်းကို သူရဲကောင်းတစ်ဦးအဖြစ်သတ်မှတ်ကာ အထူးအားပေးခဲ့ကြသည်။ အစိုးရနှင့် တပ်မတော်ခေါင်းဆောင်များကပင် ၎င်းအတွက် နိုင်ငံတော်အဆင့်ဂုဏ်ပြုမှုများ ပြုလုပ်ခဲ့ကြသည်။ ၎င်း၏ မွေးရပ်မြေတွင်လည်း ဒေသခံများက ၎င်း၏ ပုံတူကြေးရုပ်ထုလုပ်ကာ ဂုဏ်ပြုခဲ့ကြသည်။ အောင်လအန်ဆန်အနေဖြင့် အောင်မြင်မှုမရခင်အချိန်တွင် စိတ်ပျက်လက်လျှော့ကာ စီးပွားရေးသမားဘဝကို ရွေးချယ်ခဲ့မည်ဆိုလျှင် ယခုကဲ့သို့အောင်မြင်မှုများကို ရနိုင်တော့မည် မဟုတ်ပေ။ ၎င်း၏ မလျှော့သောဇွဲလုံ့လနှင့် အနစ်နာခံနိုင်မှုတို့ကြောင့်သာ တစ်နိုင်ငံလုံးက လေးစားအားကျရသည့် အားကစားသမားတစ်ဦးဖြစ်လာခြင်းဖြစ်သည်။

ကြယ်လင်းအောင်

ရိုးရာလက်ဝှေ့တွင် ရွှေခါးပတ်ချန်ပီယံဖြစ်ခဲ့ဖူးပြီး ONE Championship တွင်လည်း ပြိုင်ပွဲ ၂ ပွဲ ပါဝင်ထိုးသတ်ခဲ့ဖူးသူ ကြယ်လင်းအောင်၏ဘဝတွင်လည်း အားကျအတုယူဖွယ်ရာ ဖြစ်ရပ်များစွာရှိသည်။ မြန်မာ့လက်ဝှေ့အားကစားလောကတွင် ပွဲပေါင်း ၁၅ဝ ကျော် ထိုးသတ်ခဲ့ပြီး နိုင်ပွဲအများအပြားရရှိခဲ့သူ၊ နိုင်ငံခြားသားများနှင့် စိန်ခေါ်ထိုးသတ်သည့်ပွဲများတွင်လည်း လက်စွမ်းပြအနိုင်ယူတတ်သူ ကြယ်လင်းအောင်သည် ယခုအခြေအနေသို့ ရောက်ရှိရန် အခက်အခဲများစွာကို ကျော်ဖြတ်ခဲ့ရသည်။

၎င်းသည် ငယ်စဉ်က ဆင်းရဲနွမ်းပါးသည့်မိသားစုတွင် ပေါက်ဖွားလာခဲ့ရသဖြင့် ငယ်ဘဝကို ကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရသည်။ အသက် ၇ နှစ်အရွယ်တွင်ပင် ကျောင်းထွက်ခဲ့ရပြီး မိဘများ၏ လယ်ယာလုပ်ငန်းတွင် ဝင်ရောက်ကူညီကာ ငယ်ငယ်ရွယ်ရွယ်နှင့် မိသားစုအတွက်ဝင်ငွေကို တစ်ဘက်တစ်လမ်းက ရှာဖွေပေးခဲ့ရသည်။

၎င်း၏ဘဝကို အပြောင်းအလဲဖြစ်စေခဲ့သည့် အဓိကအကြောင်းရင်းမှာ လက်ဝှေ့အားကစားဖြစ်သည်။ ဆင်းရဲတွင်းမှ ရုန်းထွက်နိုင်ရန်အတွက် တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်သည့် လက်ဝှေ့အားကစားကို တစိုက်မတ်မတ် လေ့လာသင်ယူခဲ့သောကြောင့် ယခုကဲ့သို့ ထိပ်တန်းလက်ဝှေ့သမားတစ်ဦးဖြစ်လာခဲ့ခြင်းဖြစ်သည်။ ၎င်းသည် အမျိုးသားတံခွန်စိုက်လက်ဝှေ့ချန်ပီယံရွှေခါးပတ်ကို နှစ်ကြိမ်တိုင်တိုင် သိမ်းပိုက်ပြီးသည့်နောက်တွင် လက်ဝှေ့လောက၏ အကျော်အမော်များထဲမှတစ်ဦး ဖြစ်လာခဲ့သည်။

ကြယ်လင်းအောင်သည် တွေ့မရှောင်၊ ဝင်းထွန်း၊ တူးတူး၊ လုံးချော စသည့် လက်ဝှေ့အကျော်အမော်များနှင့်လည်း ယှဉ်ပြိုင်ထိုးသတ်ခဲ့ဖူးကာ လက်ရှိအချိန်တွင် ကစားသမားဘဝမှပင် အနားယူတော့မည်ဖြစ်သည်။

ဖိုးသော်

“ဘူရှီဒို” ဖိုးသော်သည် ONE Championship ပြိုင်ပွဲကြီးတွင် အောင်လအန်ဆန်ပြီးလျှင် ပွဲအများဆုံးကစားထားသည့် မြန်မာကစားသမားဖြစ်သည်။ စုစုပေါင်း တွဲဆိုင်း ၈ ခု ကစားထားပြီး၊ ၇ ပွဲနိုင်ကာ တစ်ပွဲသာရှုံးနိမ့်ထားသည့် ဖိုးသော်သည် အောင်လအန်ဆန်ပြီးလျှင် နိုင်ပွဲအများဆုံးရယူထားသည့် ကစားသမားလည်းဖြစ်သည်။

ထူးခြားချက်မှာ ဖိုးသော်သည် ပွဲစဉ် ၈ ပွဲတွင် ၇ ပွဲကို ပထမအချီအတွင်း အနိုင်အရှုံးအဖြေပေါ်အောင် ကစားခဲ့ခြင်းဖြစ်သည်။ သို့သော် ဖိုးသော်သည် ယခုကဲ့သို့ ထိပ်တန်းကိုယ်ခံပညာကစားသမားတစ်ဦးဘဝကို လွယ်လွယ်ကူကူဖြင့် ရရှိခဲ့ခြင်းတော့မဟုတ်ပေ။

ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားတစ်ဦးမဖြစ်ခင်က ဖိုးသော်သည် ကျန်းမာရေးချုချာသူတစ်ဦးဖြစ်ကာ မကြာခဏ နာမကျန်းဖြစ်ဖူးသည်ဟု သိရသည်။ အဆုတ်၊ နှလုံးစသည့် ကိုယ်တွင်းအင်္ဂါများနှင့် ပတ်သတ်၍ ဆေးကုသမှုများ မကြာခဏ ခံယူရဖူးသည်ဟု ဖိုးသော်က ဆိုသည်။

သို့သော် ကိုယ်ခံပညာအားကစားကို တစိုက်မတ်မတ် လေ့ကျင့်သင်ယူပြီးသည့်နောက်တွင် ဖိုးသော်၏ ကျန်းမာရေးအခြေအနေသည် သိသိသာသာ ပြန်လည်ကောင်းမွန်လာခဲ့သည်။ လက်ရှိအချိန်တွင် ကိုယ်ခံပညာကစားသမားတစ်ဦး၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမျိုးကို ရရှိနေပြီဖြစ်သည့် ဖိုးသော်သည် အမေရိကန်နိုင်ငံသို့သွားရောက်ပြီး ခန္ဓာကိုယ်ကြံ့ခိုင်ရေးနှင့် အခြားကိုယ်ခံပညာလေ့ကျင့်ခန်းများကို စခန်းသွင်းလေ့ကျင့်လျက် ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *