ကိုယ်ခံပညာအားကစား ပြိုင်ပွဲများသည် ကြိုးဝိုင်းအတွင်း အားကစားသမားနှစ်ဦး အပြင်းအထန် သွေးမြေကျအောင် ယှဉ်ပြိုင်ပြီးမှ အနိုင်ရလဒ်ထွက်ပေါ်လာခြင်း ဖြစ်သည်။

မည်သည့် အငြိုးအတေးမှမရှိဘဲ အားကစားသမားနှစ်ဦး အပြန်အလှန် အကြိတ်အနယ် ထိုးနှက်တိုက်ခိုက်ရခြင်းကြောင့် ယင်းပြိုင်ပွဲများ ၏ နောက်ကွယ်တွင် အမုန်းတရား ကပ်ပါလာနိုင်သည်ဟု ကိုယ်ခံပညာအားကစား ပရိသတ်တစ်ဦးအနေဖြင့် ထင်မြင်ပါသလား။

ONE Championship တွင် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမားအဖြစ် ယှဉ်ပြိုင်ခဲ့ဖူးသည့် မြန်မာ့ရိုးရာ လက်ဝှေ့ကျော် သွေးသစ်အောင်ကတော့ ပြိုင်ဘက်များအပေါ် ရည်မှန်းချက်တူ ကစားဖော်အဖြစ်သာ သတ်မှတ်ကြောင်း ဖွင့်ဟခဲ့သည်။

“ပရော်ဖက်ရှင်နယ် အားကစားသမားတွေ ဖြစ်တဲ့အတွက် ပြိုင်ပွဲမှာအနိုင်ရဖို့ ကြိုးဝိုင်းအတွင်း သူသေကိုယ်သေ ထိုးသတ်ရပေမဲ့  ပြိုင်ဘက်တွေအပေါ် မုန်းတီးစိတ်လုံးဝမရှိပါဘူး။” ဟု သွေးသစ်အောင် က ဆိုသည်။

“ရည်မှန်းချက်တစ်ခုစီ အတူသွားနေတဲ့ ကစားဖော်တွေ လို့ပဲ သတ်မှတ်တယ်” ဟုလည်း ၎င်းက ဆိုသည်။

အသက် ၂၇ နှစ်အရွယ်ရှိ သွေးသစ်အောင်သည် ၂၀၁၅ ခုနှစ်တွင် ကျင်းပခဲ့သည့် ONE: Kingdom of Worriors ပြိုင်ပွဲတွင် Mix Martial Arts ပြိုင်ပွဲကို စတင်ဝင်ရောက်ခဲ့ပြီး ပြိုင်ဘက် စောသဲဦးကို ပထမအချီ ၅၂ စက္ကန့်ဖြင့် အလဲထိုးနိုင်ခဲ့သူဖြစ်သည်။

ပြိုင်ပွဲပြီးဆုံးချိန် ကြိုးဝိုင်းအပြင်၌ တွေ့သည်အခါ ညီအစ်ကို၊ သူငယ်ချင်းများကဲ့သို့ ချစ်ခင်ကြကြောင်း သွေးသစ်အောင်က ဆိုသည်။ ၎င်းတွေ့ဆုံခဲ့ဖူးသည့် ကိုယ်ခံပညာသမား အများစုသည်လည်း ယင်းကဲ့သို့ ချစ်စရာကောင်းသော စိတ်ဓာတ်များ ပိုင်ဆိုင် ကြသည်ဟု သွေးသစ်အောင်ကဆိုသည်။

သို့သော် ပြင်ပ၌ မည်မျှခင်မင်ရင်းနီးသည်ဖြစ်စေ ကြိုးဝိုင်းအတွင်း ပြိုင်ဘက်အဖြစ် တွေ့ဆုံလျှင် နိုင်ပွဲရဖို့အတွက် နည်းမျိုးစုံသုံး၍ ထိုးသတ်မည်ဖြစ်ကြောင်း ကရင်ပြည်နယ်၏ ရွှေခါးပတ်ချန်ပီယံတစ်ဦးဖြစ်သူ သွေးသစ်အောင် ထပ်လောင်းပြောကြားခဲ့သည်။

“ရိုးရာလက်ဝှေ့အပါအဝင် ကိုယ်ခံပညာအားကစားပြိုင်ပွဲတွေမှာ ညီအစ်ကို၊ သူငယ်ချင်းဆိုတာ မရှိပါဘူး။ ကြိုးဝိုင်းအတွင်းမှာ တွေ့ရင်တော့ သူသေကိုယ်သေ ယှဉ်ပြိုင်ရမှာပဲ။ ဒါက ပရော်ဖက်ရှင်နယ် ဖြစ်နေလို့ပါ” ဟု ၎င်းကဆိုသည်။

ONE Championship ၏ We are ONE ဆိုသည့် ဆောင်ပုဒ်ကို သွေးသစ်အောင်က အလွန်သဘောကျနှစ်သက်လျက်ရှိပြီး ၎င်း၏ ခံယူချက်ဖြင့် အလွန်နီးစပ်သည်ဟု ဆိုသည်။

ONE Championship က We are ONE ဆိုသည့် ခေါင်းစဉ် ဖြင့် အားကစားသမားများအားလုံးကို ထိုင်းနိုင်ငံရှိ ဖူးခက်ကမ်းခြေတွင် တွေ့ဆုံပေးခဲ့ပြီး ယခင်ထက်ပို၍ အချင်းချင်းချစ်ခင်လေးစားမှုရရှိရန် ဖန်တီးနိုင်ခဲ့သည်။

သွေးသစ်အောင်က ယင်းအစီအစဉ်၏ ဗီဒီယိုများကို လူမှု့ကွန်ယက်စာမျက်နှာနှင့် ဝက်ဘ်ဆိုက်များတွင် တွေ့မြင်ခဲ့ရပြီး အလွန် သဘောကျမိကြောင်း ဖွင့်ဟသည်။

သွေးသစ်အောင်သည် ရိုးရာလက်ဝှေ့နှင့် မွေထိုင်းပြိုင်ပွဲများစွာ ဝင်ရောက်ယှဉ်ပြိုင်ထားသူဖြစ်ပြီး ONE Championship ၏ Mix Martial Arts ပြိုင်ပွဲများတွင်လည်း ပါဝင်ထိုးသတ်ခဲ့ကာ ၂၀၁၅ ခုနှစ်အတွင်းကျင်းပခဲ့သည့် ONE: Kingdom of Warriors ပြိုင်ပွဲကြီးတွင် Tournament ချန်ပီယံဆုဖလားကို ရရှိသည် အထိအောင်မြင်မှုရရှိထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *