ONE Championship ၏ ပထမဆုံး မြန်မာ အမျိုးသမီ အားကစားသမား ဘိုဇီနာ “တိုတို” အန်တိုနီယာက လုံလောက်သည့် လေ့ကျင့်မှုသာ ရှိလျှင် မည်သည့် ပြိုင်ဘက်ကိုမျှ ကြောက်ရွံ့မည် မဟုတ်ဟု ကြုံးဝါးပြောဆိုခဲ့သည်။

” နောက်ပွဲက ဇူလိုင်လလောက် ဖြစ်မယ်လို့ မှန်းထားတယ်။ ဘာလို့လဲဆိုတော့ ကျွန်မလေ့ကျင့်ရေးကို နည်းနည်းအချိန်ယူပြီး လေ့ကျင့် ချင်သေးတာပေါ့။ ကျွန်မတို့ အားကစားနည်းကလည်း သူများတွေလို နှစ်ပတ်၊ တစ်လနဲ့ဝင်ပြိုင်လို့ရတဲ့ အားကစားနည်း မဟုတ်ဘူးလေ။ အမြဲတမ်း လေ့ကျင့်နေရတယ်။ အမြဲတမ်း အချိန်ယူရမှာဆိုတော့လေ။ ပြိုင်ဘက်ကတော့ ဘယ်လို ပြိုင်ဘက်ဖြစ်ဖြစ်ပါ။ ကျွန်မကသာ လေ့ကျင့်သား ပြည့်ဝနေရင် ဘယ်လို ပြိုင်ဘက်မျိုးမှမကြောက်ပါဘူး။ ယှဉ်ပြိုင်ဖို့ အဆင်သင့်ပါပဲ”ဟု အန်တိုနီယာက ဆိုခဲ့သည်။

အန်တိုနီယာသည် လတ်တလောတွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီရှိ Bali MMA ကလပ်တွင် စခန်းသွင်း လေ့ကျင်မှုများ ပြုလုပ်နေသူ ဖြစ်သည်။ အဆိုပါ ကလပ်တွင် ONE Championship ၏ အမျိုးသမီး စတောဝိတ်တန်း လက်ရှိ ချန်ပီယံ Xiong Jing Nan အပါအဝင် ONE Championship ၏ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမား အများအပြား လေ့ကျင့်ကစားလျက်ရှိသည်။

အန်တိုနီယာနှင့် Jing Nan တို့သည် အတူစား အတူသွား တိုင်ပင်ဖော် တိုင်ပင်ဖက် ရင်းနှီးသည့် မိတ်ဆွေ သူငယ်ချင်းများလည်း ဖြစ်ကြသည်။ ထို့ပြင် ONE Warrior Series တွင် ၃ ပွဲဆက် နိုင်ထားသည့် မြန်မာလူမျိုး အားကစားသမား ပုညစိုင်း သည်လည်း ယင်းကလပ်တွင် လေ့ကျင့်နေခြင်း ဖြစ်သည်။

“ဒီမှာတော့ မြေပြင်ချုပ်ကွက်တွေကို ပိုပြီးတော့ လေ့ကျင့်ဖြစ်တယ်။ မတ်တပ်ရပ် တိုက်ခိုက်တာလည်း လေ့ကျင့်ဖြစ်တယ်။ ကိုယ့်ကိုယ်ကို ဘယ်နေရာ တိုးတက်လာတယ်ထင်သလဲဆိုတော့ အရင်ကထက်တော့ တိုးတက်လာတယ်။ နည်းနည်းပေါ့။ အရမ်းကြီးတော့ မဟုတ်သေးဘူး။ အများကြီး အချိန်ယူပြီး လေ့ကျင့်ဖို့ လိုသေးတယ်”ဟု အန်တိုနီယာက ကိုယ့်ကိုယ်ကိုယ် သုံးသပ်ခဲ့သည်။

အဆိုပါ ကလပ်ကို ONE Championship ကစားသမား Andrew Leone နှင့် သူ၏အစ်ကို Anthony Leone တို့ ပူးပေါင်း ဖွင့်လှစ်ထားခြင်း ဖြစ်ကာ ၎င်းတို့ ကိုယ်တိုင် နည်းပြဆရာများအဖြစ် လေ့ကျင့်ပေးနေခြင်း ဖြစ်သည်။ ထို့ပြင် နပန်းနှင့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ သင်ကြားပေးသည့် နည်းပြ၊ အနောက်တိုင်း လက်ဝှေ့သင်ပေးသည့် နည်းပြနှင့် ဘရာဇီးလ် ဂျူဂျစ်ဆု သင်ကြားပေးသည့် နည်းပြ များလည်း ရှိသည်။ သို့သော် ရေခြားမြေခြားတွင် လေ့ကျင့်ရသည့် အတွက် အခက်အခဲ အနည်းငယ် ရှိသည်ဟုလည်း အန်တိုနီယာက ဖွင့်ဟခဲ့သည်။

“ဒီမှာက အစားအသောက် အနေအထိုင်က ကိုယ့်ဒေသနဲ့ မတူဘူး ဆိုတော့ နည်းနည်းတော့ အခက်အခဲ ရှိတယ်။ ဒီလိုပဲ အဆင်ပြေအောင်တော့ နေနေရတာပေါ့။ ကောင်းမယ့်ဟာတွေပဲ ရွေးစားနေရ တာပေါ့။ သူတို့ဘက်မှာ အစားတွေက တအားစားတယ်။ ဒါပေမယ့် ကြည့်ရတာ သိပ်အာဟာရမရှိသလိုပဲ။ အဆင်တော့ ပြေလာပါတယ်။ အခု နေသား ကျနေပါပြီ”ဟု အန်တိုနီယာက ဆိုသည်။

အန်တိုနီယာသည် ONE Championship တွင် ပွဲပေါင်း ၃ ပွဲသာ ကစားရသေးပြီး မြန်မာ နိုင်ငံသူ ရွှေစင် နှင့် မလေးရှား နိုင်ငံသူ Audreylaura Boniface တို့ကို အနိုင်ရထားကာ ထိုင်းနိုင်ငံသူ Rika Ishige ကို ရှုံးနိမ့်ထားသည်။ ၎င်းသည် ရွှေစင်နှင့်ပွဲတွင် ၂၄ စက္ကန့် အတွင်း အလဲထိုး အနိုင်ရရှိ ခဲ့သဖြင့် ONE ၏ ဝိတ်တန်း အလိုက် အမျိုးသမီး ပြိုင်ပွဲများတွင် စံချိန်တစ်ခု အဖြစ်လည်း သတ်မှတ်ခံထား ရသည်။ လာမည့် မေ ၁၀ ရက်တွင် ထိုင်းနိုင်ငံ၌ ကျင်းပမည် ဖြစ်သော ONE: Warriors of Light ပြိုင်ပွဲတွင် အန်တိုနီယာကို ထည့်သွင်း ယှဉ်ပြိုင်စေရန် စီစဉ်ထား သော်လည်း သူမဘက်မှ အဆင်သင့် မဖြစ်သေး၍ ငြင်းပယ်ခဲ့သည်ဟုလည်း သိရသည်။

” မေလ ၁၀ ရက်နေ့ ဘန်ကောက်မှာ ထိုးမယ့်ပွဲမှာ ကျွန်မကို ထိုးဖို့ ကမ်းလှမ်းထားတယ်။  ဒါပေမယ့် ကျွန်မ ငြင်းလိုက်တယ်။ ကျွန်မ လေ့ကျင့်ရေးကလည်း တစ်လ ကောင်းကောင်း မပြည့်သေးဘူး။ ကျွန်မကိုလည်း ကြိုမပြောထားဘူး။ နှစ်ပတ်တောင် မလိုတော့တဲ့အချိန်မှ ပြောလာတာ ဆိုတော့ ကျွန်မမှာ ပြင်ဆင်ချိန်မရဘူး။ နောက်ပြီး ခြေကျင်းဝတ်ကလည်းနာနေတယ် ဆိုတော့ ကျွန်မ အဲဒီပွဲကို ငြင်းလိုက်တယ်”ဟု အန်တိုနီယာက ပြောပြခဲ့သည်။

ကယန်း တိုင်းရင်းသူ အန်တိုနီယာသည် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား သမား ဘဝတွင် ပရော်ဖက်ရှင်နယ် ပွဲစဉ် သုံးပွဲ ကစားထား အပြီး နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားသည်။ အသက် ၂၃ နှစ်သာ ရှိသေးသူ အန်တိုနီယာသည် အနောက်တိုင်း လက်ဝှေ့အားကစားတွင် ပြည်နယ်နှင့်တိုင်း ရွှေတံဆိပ်နှစ်ခု ဆွတ်ခူး ခဲ့ဖူးသူလည်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *