ONE Championship ပြိုင်ပွဲများတွင် အောင်မြင်မှုများစွာ ရရှိခဲ့သော မြန်မာရိုးရာ လက်ဝှေ့အားကစားသမား သပြေညိုသည် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသည် မိမိကစားပုံနှင့် လိုက်ဖက်ညီသည်ဟု ထင်မြင်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

သပြေညိုသည် ONE: Kingdom of Warrior ပြိုင်ပွဲကြီးတွင် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ဘက် လှစ်လှစ်လေးကို ပထမအချီ ၂ မိနစ် ၅၄ စက္ကန့်တွင် အလဲထိုးအနိုင်ရရှိခဲ့သည်။ သပြေညို၏ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အဖွင့်ပွဲလှပခဲ့ပြီး နောက်ပြိုင်ပွဲ ၃ပွဲစလုံးတွင်လည်း အနိုင်ရရှိထားခဲ့သည်။ ထို့ကြောင့် သပြေညိုသည့် လက်ရှိအချိန်အထိ  ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲတွင် ရှုံးပွဲမရှိစံချိန်ကို ထိန်းထားနိုင်ခဲ့သည်။

သို့သော် သပြေညိုသည် ၎င်း၏ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲမှတ်တမ်းများတွင် အလဲထိုးနိုင်ပွဲများ ရရှိထားသော်လည်း ပြိုင်ဘက်အားလုံးသည် မြန်မာ့ရိုးရာလက်ဝှေ့သမားများသာဖြစ်သည်။ ထို့ကြောင့် ၎င်းအနေဖြင့် နိုင်ငံခြားအားကစားသမားများနှင့် ယှဉ်ပြိုင်ထိုးသတ်လိုပြီး မြန်မာနိုင်ငံ၏ ဂုဏ်ဆောင်အားကစားသမား တစ်ဦးအဖြစ် မှတ်တမ်းသစ်တင်ရန် စိတ်အားထက်သန်လျက်ရှိသည်။

“ကျွန်တော်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတွေထဲမှာ အလဲထိုးပြိုင်ပွဲတွေ အများကြီး ရှိခဲ့ဖူးပါတယ်။  ဒါပေမဲ့ ၁၆စက္ကန့်နဲ့ အလဲထိုးနိုင်ပွဲကို ONE Championship ပြိုင်ပွဲကြီးမှာ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မှ ရရှိခဲ့တာပါ။ ဒါကြောင့် ကိုယ်ခံပညာပေါင်းစုံ အားကစားနည်းက ကျွန်တော်နဲ့ လိုက်ဖက်တယ်လို့ ခံစားမိတယ်။ နောက်ထပ် အမြန်ဆုံးနိုင်ပွဲတွေ အများကြီး လိုချင်ပါတယ်”ဟု သပြေညိုက ပြောကြားခဲ့သည်။

သပြေညိုသည် မြန်မာနိုင်ငံ၏ နာမည်ကျော် ရိုးရာလက်ဝှေ့သမားများအနက် တစ်ဦးအပါအ၀င်ဖြစ်ပြီး ၎င်း၏ကစားသမားသက်တမ်းတစ်လျှောက် ပြိုင်ပွဲ ၁၀၀ခန့် ယှဉ်ပြိုင်ထိုးသတ်ထားပြီး ရွှေခါးပတ်ချန်ပီယံဆုနှင့် အောင်လံဆုများကို ဆွတ်ခူးထားနိုင်ခဲ့ပြီး မွေထိုင်းအပါအ၀င် ကိုယ်ခံပညာပြိုင်ပွဲများစွာ ၀င်ရောက်ယှဉ်ပြိုင်ထားပြီး အတွေ့အကြုံများသော အားကစားသမားတစ်ဦးဖြစ်သည်။ ONE Championship ၏ ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲများကို ၂၀၁၅ခုနှစ်တွင် စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရာနှုန်းပြည့်နိုင်ပွဲများ ရရှိထားသူဖြစ်သည်။လက်ရှိတွင် မြိုင်ကလေးရိုးရာလက်ဝှေ့ကလပ်တွင် လေ့ကျင့်လျက်ရှိပြီး ရိုးရာလက်ဝှေ့ပွဲများကို ယှဉ်ပြိုင်လျက်ရှိသည်။

“နိုင်ငံခြားသားပြိုင်ဘက်တွေနဲ့ ရိုးရာလက်ဝှေ့ ပွဲပေါင်းများစွာထိုးသတ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲမှာတော့ နိုင်ငံတူပြိုင်ဘက်အားကစားသမား တွေနဲ့ပဲ ယှဉ်ပြိုင်ဖူးပါတယ်။ အခွင့်အရေးရမယ်ဆိုရင် နိုင်ငံခြားသားပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ချင်ပါတယ်။ နိုင်ပွဲတွေရအောင်ကြိုးစားပြီး မြန်မာနိုင်ငံကိုယ်စားပြုကစားသမားအဖြစ် နိုင်ငံဂုဏ်ဆောင်ချင်လို့ပါ” ဟု သပြေညိုက ဆိုသည်။

သပြေညိုသည် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲများတွင် နိုင်ငံခြား လက်ဝှေ့ကစားသမား အမြောက်အများနှင့် ယှဉ်ပြိုင် ကစားခဲ့ပြီး အလဲထိုးနိုင်ပွဲများဖြင့် မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့သည်။ ထို့ကြောင့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲများတွင်လည်း နိုင်ငံခြားသားများနှင့် ယှဉ်ပြိုင်ကာ နိုင်ငံဂုဏ် ဆောင်နိုင်ရန် ဆန္ဒ ပြင်းပြနေခြင်း ဖြစ်သည်။

“ကျွန်တော့်ရဲ့ ရိုးရာလက်ဝှေ့ပွဲအများစုက နိုင်ငံခြားသားတွေနဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။သူတို့ကို ကျွန်တော် ရိုးရာလက်ဝှေ့ကြိုးဝိုင်းအတွင်း အလဲထိုးအနိုင်ပြီး မြန်မာ့ဂုဏ်ကိုဆောင်နိုင်ခဲ့တယ်။ ဒါကြောင့် ကိုယ်ခံပညာသိုင်းပေါင်းစုံ ကြိုးဝိုင်းထဲမှာလည်း ဒီလို ခံစားချက်မျိုးကိုလိုချင်တယ်။” ဟု သပြေညိုကဆိုသည်။

ONE ဖယ်သာဝိတ် အားကစားသမား သပြေညိုသည် ONE Championship တွင် စုစုပေါင်း ပြိုင်ပွဲလေးပွဲအထိ ပါဝင်ယှဉ်ပြိုင်ထားပြီး လေးပွဲစလုံးကိုအနိုင်ရရှိထားသည်။ လေးပွဲအနက် သုံးပွဲမှာ ပထမအချီတွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါမှတ်တမ်းကြောင့် သပြေညို၏ မိမိကိုယ့်ကို ယုံကြည်မှုအပြည့်ရှိနေခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *