နယ်ပယ်အသီးသီးတွင် လေးစားအားကျရတဲ့ လူပုဂ္ဂိုလ်များ ကိုယ်စီရှိ ကြပေလိမ့်မည်။ အထူးသဖြင့် မိမိကျင်လည်နေသောနေရာများမှ ထူးချွန်သူများကို ပို၍အားကျတတ်ကြပြီး ယခုအပတ်တွင် စောမင်းမင်း အားကျအတုယူရသည့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမားများကို ဖော်ပြပေးလိုက်ပါသည်။

ရိုးရာလက်ဝှေ့သမားအဖြစ် ကိုယ်ခံပညာနယ်ပယ်ကို စတင်အခြေချခဲ့သည့် စောမင်းမင်းကို ကိုယ်ခံပညာသိုင်းပေါင်းစုံ ကစားသမားတစ်ယောက်အဖြစ် ONE Championship နှင့်အတူပွဲထွက်လာခဲ့သည်။

စောမင်းမင်းသည် ONE Championship ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ရင်း ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားအပေါ်ပို၍ စိတ်အားထက်သန်လာသည်။ ထို့ကြောင့် ၎င်း၏ အားလပ်ချိန်များတွင် ကိုယ်ခံပညာသိုင်းပေါင်းစုံ ပွဲစဉ်များကို စောင့်ကြည့်၍ အနားယူလေ့ရှိသည်။ ထို့သို့ကြည့်ရူရင်း ၎င်း နှစ်သက်အားကျရသော ကစားသမားများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

စွမ်းဆောင်ရည်နှင့် ပြင်ပနေထိုင်မှုပုံစံကြောင့် လေးစားရသော အောင်လအန်ဆန်

မြန်မာ့စပါးအုံ အောင်လအန်ဆန်သည် စောမင်းမင်းလေးစားအားကျရသော ONE Championship ၏ ကစားသမားစာရင်းတွင် ထိပ်ဆုံးက ပါဝင်နေသည်။

“မြန်မာနိုင်ငံကိုယ်စားပြု ကစားသမားဖြစ်နေတာ တစ်ခုတည်းအတွက် အောင်လအန်ဆန်ကို ကြိုက်တာမဟုတ်ပါဘူး။ သူ့ရဲ့ ကြိုးဝိုင်းအတွင်း စွမ်းဆောင်ရည်နဲ့ ပြင်ပနေထိုင်မှုပုံစံတွေ အားလုံးကြောင့် လေးစားအားကျရတာပါ” ဟု စောမင်းမင်းက ပြောသည်။

စောမင်းမင်း လေးစားအားကျရသော အောင်လအန်ဆန်သည် One Championship ၏ လိုက်ဟဲဗီးဝိတ်နှင့် မစ်ဒယ်ဝိတ် တန်းနှစ်ခု

တွင် ကမ္ဘာ့ချန်ပီယံအဖြစ်ရပ်တည်နေသူဖြစ်သည်။

“မြန်မာနိုင်ငံမှာ ကိုယ်ခံပညာသိုင်းပေါင်းစုံ ကို လူကြိုက်များလာခဲ့တာ အောင်လအန်ဆန်ကြောင့်လို့ ပြောနိုင်တယ်။ သူရဲ့ကြိုးစားအားထုတ်မှု၊ ရိုးသားပွင့်လင်းတဲ့ အပြောအဆိုတွေကြောင့် လေးစားအားကျရတာပါ” ဟု စောမင်းမင်းက ဆိုသည်။

“ကစားသမားစွမ်းဆောင်ရည်ဘက်က ကြည့်မယ်ဆိုရင်လည်း ပြိုင်ဘက်အပေါ် ချဉ်းကပ်နိုင်စွမ်းကို သဘောကျတယ်” ဟု စောမင်းမင်းက ပြောသည်။

အောင်လအန်ဆန်သည် ပုံသေကစားဟန်မရှိဘဲ ပြိုင်ဘက်အပေါ်မူတည်၍ Game Plan အပြောင်းအလဲ ပြုလုပ်နိုင်စွမ်းရှိကြောင်း စောမင်းမင်းက ချီးကျူးပြောဆိုခဲ့သည်။

ယုံကြည်မှုအပြည့်နှင့် Martin Nguyen

ဗီယက်နမ်- သြစတြေးလျ နိုင်ငံသားဖြစ်သူ Martin Nguyen သည် ဖယ်သာဝိတ် နှင့် လိုက်ဝိတ် ဝိတ်တန်းနှစ်ခုတွင် ချန်ပီယံဖြစ်ခဲ့သော ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမားတစ်ဦးဖြစ်သည်။ ယင်းကဲ့သို့ ONE Championship ၏ ဝိတ်တန်းနှစ်ခုတွင် ကမ္ဘာ့ချန်ပီယံဖြစ်ခြင်းမှာ Martin Nguyen က ပထမဆုံးကစားသမား ဖြစ်သည်။

စောမင်းမင်းသည် ၎င်း၏စံချိန်သစ်များ မှတ်တမ်းသစ်များကြောင့် Martin Nguyen ကို လေးစားအားကျရခြင်းဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။

“သူ့ရဲ့ ပုံစံကို ကြည့်လိုက် ယုံကြည်မှုအပြည့်ပဲ။ ကစားဟန်ကလည်း အရမ်းကောင်းတယ်။ ကြောက်စရာကောင်းတဲ့ ခွန်အားမျိုးသူ့မှာရှိတယ်။” ဟု စောမင်းမင်းက ဆိုသည်။

Martin Nguyen သည် ဝိတ်တန်းသုံးခုတွင် ချန်ပီယံဖြစ်လုနီးပါး အထိကြိုးစားခဲ့သူဖြစ်သည်။ သို့သော် ၎င်း၏ အားအသန်ဆုံးဝိတ်တန်းဖြစ်သည့် ဖယ်သာဝိတ်ချန်ပီယံ ဘွဲ့ကိုသာ ဆက်လက်ထိန်းသိမ်းထားသူဖြစ်သည်။

“သူက မှတ်တမ်းသစ်တွေအတွက် အမြဲကြိုးစားနေတဲ့ ကိုယ်ခံပညာက စားသမားကောင်းတစ်ယောက်ပါ” ဟု စောမင်းမင်းက ပြောသည်။

ဘဝပုံစံချင်းနီးလို့ အားကျရတဲ့ Christian Lee

စင်ကာပူကိုယ်ခံပညာ ကစားသမား Christian Lee သည် စောမင်းမင်း အားကျသည့် ကစားသမားစာရင်းတွင် ပါဝင်သည်။

“သူက အသက်ငယ်ပေမဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိတယ်။ နောက်တစ်ချက်က Christian Lee က ကိုယ်ခံပညာမိသားစုက မွေးဖွားလာတာလို့ သိရတယ်။ ကျွန်တော်နဲ့ ဘဝပုံစံချင်းနီးစပ်တယ်” ဟု စောမင်းမင်းက ဆိုသည်။

Christian Lee သည် ကိုယ်ခံပညာ မိသားစုမှ မွေးဖွားခဲ့သူဖြစ်ပြီး၎င်း၏ အစ်မဖြစ်သူ Angela Lee သည်လည်း လက်ရှိ ONE Championship ၏ အမျိုးသမီး အက်တမ်ဝိတ်တန်း၏ ချန်ပီယံတစ်ဦး ဖြစ်သည်။

Christian Lee သည် မကြာသေးမီကပင် ကျင်းပခဲ့သည့် ONE: Enter The Dragon ပြိုင်ပွဲကြီးတွင် ဂျပန်ကစားသမား Shinya Aoki ကို အလဲထိုးအနိုင်ယူပြီး လိုက်ဝိတ်တန်း ချန်ပီယံလာခဲ့သည်။

အသက် ၂၀နှစ် အရွယ်သာရှိသေးသည့် Lee သည်အသက်အငယ်ဆုံး ကမ္ဘာ့ချန်ပီယံတစ်ဦးဖြစ်လာခဲ့သည်။ စောမင်းမင်းသည်လည်း ၎င်းအားကျရသည့် Lee ကဲ့သို့ ဆယ်ကျော်သက် ရိုးရာလက်ဝှေ့ချန်ပီယံဖြစ်လာရန် နီးစပ်နေသူဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *